ပြီးခဲ့တဲ့ဇန်နဝါရီအပြောင်းအရွှေ့မှာ ကစားသမားသစ်တယောက်မှ မခေါ်ယူခဲ့တာက သင့်တော်တဲ့သူ မတွေ့ခဲ့တာကြောင့်ဖြစ်တယ်လို့ အာဆင်နယ်အသင်း စီအီးအို ဗီနိုင်းဘန်ကာတက်ရှန်ကပြော ပါတယ်။
အာဆင်နယ်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီဆောင်း ရာသီကာလအပြောင်းအရွှေ့မှာ ကစားသမား ၅ ဦး အထိ ထွက်ခွာခွင့်ပြုခဲ့ပေမဲ့ ပြန်လည်ခေါ်ယူတာ တစ်ဦးမှ မရှိခဲ့တာဖြစ်ပါတယ်။
အငှားစာချုပ်နဲ့ရော အပြီးသတ်စာချုပ်နဲ့ပါခေါ်ယူဖို့အတွက် ကစားသမားတွေနဲ့ ချိတ်ဆက်မှုရှိခဲ့တာကို စီအီးအိုဗီနိုင်းက ဝန်ခံခဲ့ပေမဲ့ အဆင်မပြေခဲ့ဘူးလို့ ဖြေရှင်းခဲ့တာပါ။
“ကျနော်တို့ဟာ အငှားရောအပြီးသတ်နဲ့ပါ ခေါ်ယူဖို့ ရှာဖွေခဲ့ပါတယ်။ တစ်ယောက်ယောက်က အသင်းကို ကွဲပြားခြားနားမှုတွေလုပ်ဆောင်နိုင် မယ်ဆိုရင်ခေါ်ယူဖို့စီစဉ်ထားပေမဲ့ ဘယ်သူကမှ အဲဒီလိုစိတ်ခံစားမှုမပေးနိုင်ခဲ့တာကြောင့် မခေါ်ယူခဲ့တာဖြစ်တယ်။ လက်ရှိလူစာရင်းအပေါ်လည်း အသင်းသားတိုင်းက ကျေနပ်မှုရှိပါတယ်။ လာမယ့် ရာသီအတွက်တော့ ဖြည့်တင်းမှုတွေ လုပ်ဆောင်မယ်ဆိုတာ ရှင်းလင်းတဲ့အစီအစဉ်ရှိပြီးသားပါ” လို့ အသင်းစီအီးအို ဗီနိုင်းကပြောပါတယ်။
အာဆင်နယ်ဟာ အဓိကတိုက်စစ်မှူး အူဘာမီယန်းကို ဘာစီလိုနာကို ထွက်ခွာခွင့်ပြုခဲ့ပါတယ်။ သူ့နေရာမှာ ပီအက်စ်ဂျီတိုက်စစ်မှူး အီကာဒီကို ခေါ်ယူခွင့်ရှိခဲ့ပေမဲ့ အာဆင်နယ်ဘက်က ပယ်ချခဲ့တယ်လို့သိရပါတယ်။