အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးအပြီး ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်ပါ မြန်မာနိုင်ငံအရေးကိစ္စနဲ့ ပတ်သက်တဲ့ စာပိုဒ်အပေါ် လက်မခံပယ်ချကြောင်း အာဆီယံ အစည်းအဝေး တက်ခွင့်မရတဲ့ အာဏာသိမ်းစစ်ကောင်စီရဲ့ နိုင်ငံခြားရေးက ထုတ်ပြန် ကြေညာပါတယ်။
အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေရဲ့ကြေညာချက်မှာ မြန်မာနဲ့ ပတ်သက်လို့ စာတပုဒ်သီးခြားဖော်ပြထားတာမှာ မြန်မာစစ်ကောင်စီဟာ အာဆီယံ ဘုံသဘောတူညီချက် ၅ ချက်ကို အချိန်နဲ့တပြေးညီ ပြီးမြောက်အောင် ဆောင်ရွက်ခြင်းမရှိတဲ့အပေါ်မှာ အလွန်အမင်းစိတ်ပျက်မိကြောင်း၊ ဒီမိုကရေစီရေးလှုပ်ရှားသူအတိုက်အခံ ၄ ဦးကို ကွက်မျက်ခဲ့တာ အပါအဝင် မြန်မာ့နိုင်ငံရေးအကျပ်အတည်း ရှည်ကြာနေတဲ့ အပေါ် စိုးရိမ်ကြောင်း ရေးသားထားတာ ဖြစ်ပါတယ်။
ဒါနဲ့ပတ်သက်ပြီး စစ်ကောင်စီနိုင်ငံခြားရေးဌာနက လက်မခံပယ်ချကြောင်း ဩဂုတ် ၅ ရက် နေ့စွဲနဲ့ ထုတ်ပြန်ကြေညာလိုက်တာဖြစ်ပါတယ်။
အဖွဲ့ဝင်နိုင်ငံတွေရဲ့ ပြည်တွင်းရေးကိစ္စကို ပြင်ပမှ မစွက်ဖက်ရေး၊ မနှောင့်ယှက်ရေး၊ အဖွဲ့ဝင်နိုင်ငံတွေအကြား နိုင့်ထက်စီးနင်းမှုမရှိရေးရေး “မူ”တွေကို အာဆီယံအနေနဲ့ လေးစားသင့်ပြီး မြန်မာနိုင်ငံဟာ မိမိရဲ့ ပြည်တွင်းရေးကိစ္စကို ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေ၊ တည်ဆဲဥပဒေ၊ လုပ်ထုံး လုပ်နည်းတွေနဲ့အညီ ဆောင်ရွက်နေမှုကို လေးစားဖို့ လိုတယ်လို့ စစ်ကောင်စီက ဆိုပါတယ်။
အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည်ဖော်ရာမှာ တိုးတက်မှုမရှိကြောင်း ဖော်ပြချက်ဟာ မြန်မာနိုင်ငံရဲ့ အမှန်တကယ်ကြိုးပမ်းဆောင်ရွက်နေမှုတွေပို မျက်ကွယ်ပြုပြီး လျစ်လျူရှုရာ ရောက်လို့ ကန့်ကွက်တယ်လို့ဆိုပါတယ်။
အာဆီယံအဖွဲ့ဝင်နိုင်ငံတွေနဲ့ ပြင်ပနိုင်ငံတွေဟာ မြန်မာနိုင်ငံကို ပုံမှန် အနေအထားသို့ ပြန်လည်ရောက်ရှိရေးကူညီဖို့ အမှန်တကယ် ဆန္ဒရှိတယ်ဆိုပါက NUG နဲ့ PDF အဖွဲ့တွေနဲ့ ထိတွေ့ဆက်ဆံဖို့ ပြောဆိုမှုတွေ အားပေးတဲ့လုပ်ရပ်တွေကို ရှောင်ရှားသွားရမယ်လို့ စစ်ကောင်စီ နိုင်ငံခြားရေးဌာနက ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။
ဒီမိုကရေစီရေးလှုပ်ရှားသူ ၄ ယောက်အပေါ် ပြစ်ဒဏ်ချမှတ် အရေးယူခဲ့တဲ့ကိစ္စ အာဆီယံဥက္ကဋ္ဌနဲ့ အဖွဲ့ဝင်နိုင်ငံတွေထံ သက်သေအထောက်အထားတွေနဲ့တကွ ရှင်းလင်းတဲ့စာတွေ မြန်မာနိုင်ငံက ပေးပို့ထားခဲ့ပေမဲ့ “နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ” အဖြစ် ပူးတွဲထုတ်ပြန်ချက်တွင် သုံးနှုန်းဖော်ပြခြင်းသည် လျော်ကန်မှုမရှိပါကန့်ကွက်တယ်လို့ စစ်ကောင်စီက ဆိုပါတယ်။
(၅၅)ကြိမ်မြောက်အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးနဲ့ ဆက်စပ်အစည်းအဝေးတွေကို ကမ္ဘောဒီးယားနိုင်ငံ၊ ဖနောင်ပင်မြို့မှာ ဇူလိုင် ၃၁ ရက်မှ ဩဂုတ် ၆ ရက်အထိ ကျင်းပခဲ့တာဖြစ်ပြီး စစ်ကောင်စီခန့် နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ကိုတော့ အစည်းအဝေးတက်ခွင့် မပြုခဲ့ပါဘူး။
Photo- MFAIC
ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့မှာ ဖေဖော်ဝါရီ ၁၇ ရက်က အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး ကျင်းပခဲ့ပြီး၊ မြန်မာ့အရေးနဲ့ပတ်သက်ပြီး အဖွဲ့ဝင်နိုင်ငံတွေကြားမှာ သဘောထားကွဲလွဲမှုတွေ ရှိခဲ့ပါတယ်။
ပြီးခဲ့တဲ့နှစ်မှာ အာဆီယံအဖွဲ့က မြန်မာပဋိပက္ခဖြေရှင်းဖို့ ချမှတ်ထားတဲ့ ဘုံသဘောတူညီချက် ၅ ချက်ကို မြန်မာစစ်အစိုးရက လိုက်နာအကောင်အထည်ဖော်ဖို့ ပျက်ကွက်တဲ့အတွက် စစ်အာဏာသိမ်းစစ်ခေါင်းဆောင်ကို အာဆီယံထိပ်သီးအစည်းအဝေး မဖိတ်ကြားခဲ့သလို ယခု အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာလည်း စစ်ကောင်စီခန့် နိုင်ငံခြားရေးဝန်ကြီး ဝဏ္ဏမောင်လွင်ကို ဖယ်ရှား ချန်ထားခဲ့တာပါ။
ကမ္ဘောဒီးယားက အာဆီယံ ၁၀ နိုင်ငံရဲ့ လက်ရှိ အလှည့်ကျဥက္ကဋ္ဌ နေရာ ရယူထားတာကြောင့် မကြာခင် ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး ပရက်ဆိုခွန်းဟာ အာဆီယံအထူးကိုယ်စားလှယ်အဖြစ် မြန်မာနိုင်ငံကို လာရောက်ဖို့ ရှိနေပါတယ်။
မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဆိုင်ဖူဒင်ကတော့ အာဆီယံအထူးသံတမန်ကို NUG, NUCC ကိုယ်စားလှယ်တွေနဲ့ မဖြစ်မနေ တွေ့ဆုံဖို့ တိုက်တွန်းထားပါတယ်။