မြန်မာနိုင်ငံရဲ့ အကျပ်အတည်းကို အဆုံးသတ်နိုင်ရေးအတွက် အာဆီယံ ဘုံသဘောတူညီချက်ငါးရပ်ကို ကျော်လွန်လုပ်ဆောင်ဖို့နဲ့ စစ်အုပ်စုရဲ့ ကိုယ်စားလှယ်တွေကို အာဆီယံအစည်းအဝေးနဲ့ ယန္တရားတွေအားလုံးကနေ ချန်လှပ်ထားဖို့ အရပ်ဘက်လူထုအဖွဲ့အစည်း ၄၅၇ ဖွဲ့က အာဆီယံကို တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။
အောက်တိုဘာ ၂၅ ရက် ဒီကနေ့ ရက်စွဲနဲ့ အဖွဲ့အစည်းတွေရဲ့ ပူးပေါင်း ထုတ်ပြန်ချက်မှာတော့ အာဆီယံဟာ မြန်မာနိုင်ငံက အကျပ်အတည်းတွေကို ဖြေရှင်းဖို့အတွက် အလုပ်မဖြစ်တော့တဲ့ ဘုံသဘောတူညီချက်ငါးရပ် (5PC) အစား သေချာခိုင်မာတဲ့ လုပ်ငန်းအစီအစဥ် တရပ်နဲ့ အစားထိုးရမယ်ဆိုပြီးတော့ အာဆီယံခေါင်းဆောင်တွေဆီ တောင်းဆိုလိုက်တာပါ။
အာဆီယံအနေနဲ့ ထိပ်သီးအစည်းအဝေးတွေ၊ တခြားအစည်းအဝေးတွေအားလုံးမှာ မြန်မာစစ်အုပ်စုရဲ့ နိုင်ငံရေးကိုယ်စားလှယ်တွေ၊ နိုင်ငံရေးနဲ့ မဆက်စပ်တဲ့ ကိုယ်စားလှယ်တွေကို ဖိတ်ကြားတာတွေကို ရပ်တန့် ပြီးတော့ အဲဒီအစား အရပ်ဘက်လူထုအဖွဲ့အစည်းတွေ၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့နဲ့ တိုင်ပင်ဆွေးနွေးတာတွေ ပံ့ပိုးတာတွေကို လုပ်ဆောင်ရမယ်လို့လည်း အရပ်ဘက်လူထုအဖွဲ့အစည်းတွေက ပြော ပါတယ်။
ရှေ့ပြေးအသံအဖွဲ့ ဥက္ကဋ္ဌ ဒေါ်ခင်ဥမ္မာက “စစ်အုပ်စုက ကျူးလွန်နေတဲ့ ဆိုးရွားလှတဲ့ ရာဇဝတ်မှုတွေကို အဆုံးသတ်နိုင်ဖို့ အင်ဒိုနီးရှားရဲ့ အာဆီယံဥက္ကဋ္ဌရာထူးနဲ့ ခိုင်မာတဲ့ခေါင်းဆောင်မှုဟာ အာဆီယံမှာ အဓိက မောင်းနှင်အားတစ်ခုဖြစ်လာမယ်လို့ ကျမတို့ မျှော်လင့်ပါတယ်။ မြန်မာပြည်သူတွေရဲ့ ရုန်းကန်လှုပ်ရှားမှုအပေါ် အာဆီယံရဲ့ လက်ရှိချဥ်းကပ်ပုံကြောင့် ဖြစ်ခဲ့ရတဲ့ ကြီးမားကျယ်ပြန့်တဲ့ ဆိုးကျိုးသက်ရောက်မှုတွေကို နောက်ကြောင်းပြန်လှည့်ဖို့အတွက် အရေးပါတဲ့ လုပ်ငန်းစဥ်တွေကို ရှေ့လျှောက်မှာ အာဆီယံက လုပ်ဆောင်လာမယ်လို့လည်း မျှော်လင့်ပါတယ်။ အာဆီယံဟာ အရပ်ဘက်လူထုအဖွဲ့အစည်းတွေ၊ အမျိုးသား ညီညွတ်ရေးအစိုးရ၊ တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းတို့နဲ့ ကျယ်ကျယ်ပြန့်ပြန့် တွေ့ဆုံညှိနှိုင်းဆွေးနွေးမှုတွေအပေါ် အခြေခံပြီး ရှင်းလင်းပြတ်သားတဲ့ စံသတ်မှတ်ချက်တွေပါတဲ့ လုပ်ငန်းအစီအစဥ် အသစ်တစ်ရပ်ကို အရေးပေါ် ချမှတ်ရတော့မှာ ဖြစ်ပါတယ်” လို့ ပြောပါတယ်။
ဒါ့အပြင် အာဆီယံအနေနဲ့ အာဆီယံအထူးသံတမန်ရဲ့ လုပ်ပိုင်ခွင့်အာဏာကို ပြန်လည်ပြင်ဆင်ကာ အာဆီယံဥက္ကဋ္ဌကနေ အထူးသံတမန်ကို သုံးနှစ်သက်တမ်းတစ်ခါနဲ့ ရွေးချယ်ခန့်အပ်တာနဲ့အတူ အထူးသံတမန်ရဲ့ သတ်မှတ်တာဝန်နဲ့ လုပ်ပိုင်ခွင့်တွေကိုလည်း ရှင်းရှင်းလင်းလင်း ချမှတ်ထားဖို့ တောင်းဆိုထားတာပါ။
လူ့အခွင့်အရေးဆိုင်ရာ အာဆီယံပါလီမန်အမတ်များအဖွဲ့ရဲ့ ဘုတ်အဖွဲ့ဝင် ကာဆစ်ပီရွန်ညာကတော့ “လူ့အခွင့်အရေးအခြေခံမူတွေကို လိုက်နာဖို့အတွက် အာဆီယံအထူးသံတမန်ရဲ့ လုပ်ပိုင်ခွင့် အာဏာကို ပြန်လည်ပြင်ဆင်ရမှာ ဖြစ်ပြီး မြန်မာနိုင်ငံမှာရှိတဲ့ ရက်စက် ကြမ်းကြုတ်မှုတွေကို ရပ်တန့်ဖို့အရေးဟာ သူ့တို့ရဲ့ တစ်ခုတည်းသော လုပ်ငန်းရည်မှန်းချက်အဖြစ် ထားရှိရမှာ ဖြစ်ပါတယ်။ အင်ဒိုနီးရှားရဲ့ ဥက္ကဋ္ဌရာထူးအောက်မှာ အထူးသံတမန်ဟာ အရပ်ဘက်လူထု အဖွဲ့အစည်းတွေ၊ တိုင်းရင်းသားအဖွဲ့အစည်းတွေအပြင် အမျိုးသားညီညွတ်ရေးအစိုးရတို့နဲ့ ချက်ချင်း ထိတွေ့ဆက်ဆံရမှာ ဖြစ်ပါတယ်။ လူ့အခွင့်အရေးနဲ့ လူသားချင်းစာနာထောက် ထားမှုဆိုင်ရာ အကျပ်အတည်းဟာ ဒေသတွင်းလုံခြုံရေးအတွက် ခြိမ်းခြောက်မှုတစ်ရပ် ဖြစ်ပါတယ်။ နောက်ထပ် ဒေသတွင်းမတည်ငြိမ်မှု ဖြစ်စေမယ့်အရာတွေကို တားဆီးဖို့အတွက် အာဆီယံဟာ စစ်အုပ်စုရဲ့ ရာ ဇဝတ်မှုနဲ့ အကြမ်းဖက်မှုတွေ အဆုံးသတ်ရေး ရုန်းကန်နေတဲ့ မြန်မာပြည်သူတွေကို ထောက်ပံ့ကူညီသင့်ပါတယ်” လို့ ဆိုပါတယ်။
အာဆီယံ ဘုံသဘောတူညီချက်ငါးရပ် အကောင်အထည်ဖော်မှုနဲ့ပတ်သက်ပြီး အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေ ပါဝင်တဲ့ အထူးအစည်းအဝေးတရပ်ကို လာမယ့် အောက်တိုဘာ ၂၇ ရက်မှာ ကျင်းပသွားဖို့ ရှိနေပြီး အာဆီယံထိပ်သီးအစည်းအဝေးကိုလည်း နိုဝင်ဘာ ၁၀ ရက်ကနေ ၁၃ ရက်အထိ ကျင်းပသွားဖို့ ရှိနေတာ ဖြစ်ပါတယ်။
အာဆီယံဟာ မြန်မာ့အရေးနဲ့ ပတ်သက်ပြီး အဖြေရှာရာမှာ ထိထိရောက်ရောက် ဆောင်ရွက်နိုင်တာမရှိပေမဲ့ မြန်မာအရေးအတွက်ဆောင်ရွက်ရာမှာ ဒေသတွင်းမှာရော နိုင်ငံတကာ အသိုက်အဝန်းမှာပါ ဦးဆောင် နေဆဲ ဖြစ်ပါတယ်။
ဒီမိုကရေစီအရေးလှုပ်ရှားသူတွေကို သေဒဏ်ပေးကွပ်မျက်ပစ်တာ၊ ကလေးငယ်တွေအပါအဝင် အရပ်သားတွေသေဆုံးခဲ့ရတဲ့ လေကြောင်းကနေ စာသင်ကျောင်းကို ပစ်ခတ်တိုက်ခိုက်တာလို မြန်မာစစ်ကောင်စီရဲ့ စဉ်ဆက်မပြတ် လူ့အခွင့်အရေးချိုးဖောက်မှုတွေအပေါ်မှာတော့ အာဆီယံက စိတ်ပျက်နေတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဧပြီလအတွင်းမှာ အာဆီယံအဖွဲ့ဝင်တွေနဲ့အတူ မင်းအောင်လှိုင်ပါဝင် ဆွေးနွေးသဘောတူညီခဲ့တဲ့ အကြမ်းဖက်မှုရပ်တန့်ရေး၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ပိုမိုပေး အပ်ရေးနဲ့ အာဏာသိမ်းမှုဆန့်ကျင်တော်လှန်ရေးအဖွဲ့တွေနဲ့ စစ်တပ်ကြား ဆွေးနွေးညှိနှိုင်းရေးစတဲ့ အချက် ၅ ချက်ပါ ဘုံသဘောတူညီချက်ဟာလည်း အခုအချိန်အထိ တခုမှ အကောင်အထည်ဖော် ဆောင်ရွက်နိုင်တာမရှိသေးပါဘူး။လာမယ့်လမှာ ကျင်းပမယ့် အာဆီယံထိပ်သီး အစည်းအဝေးကို အာဏာသိမ်း စစ်ခေါင်ဆောင် မင်းအောင်လှိုင်ကို ဒီနှစ်မှာလည်း ပြီးခဲ့တဲ့နှစ်ကလို ဖိတ်ကြားသွားဖို့မရှိဘူးလို့ သိရပါတယ်။ အဲဒါအပြင် မြန်မာ စစ်ကောင်စီခန့် နိုင်ငံခြားရေးဝန်ကြီး ဝဏ္ဏမောင်လွင်ကိုလည်း ပြီးခဲ့တဲ့ ဖေဖော်ဝါရီနဲ့ ဩဂုတ်လတွေမှာ ကျင်းပခဲ့တဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး တွေမှာ ဖိတ်ကြားခြင်းမရှိခဲ့ပါဘူး။
ဒါပေမဲ့ အာဆီယံအဖွဲ့ရဲ့ တခြားအစည်းအဝေးတွေမှာတော့ စစ်ကောင်စီက ခန့်အပ်ထားတဲ့ ဝန်ကြီးတွေ၊ ဒုဝန်ကြီးတွေ ဌာနဆိုင်ရာအကြီးအကဲတွေအပြင် စစ်ဘက်အရာရှိတွေကိုပါ အစည်းအဝေးမှာ ပါဝင်တက်ရောက်ခွင့် ပြုနေတာဖြစ်ပါတယ်။
ကျင်းပပြီးစီးသွားတဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးမှာ မြန်မာ့အရေးနဲ့ပတ်သက်လို့ အာဏာသိမ်း စစ်ကောင်စီကို ဝေဖန်သံတွေ ကျယ်ကျယ်လောင်လောင်ကြားခဲ့ရပေမဲ့ ထိရောက်တဲ့ ကြီးကြီးမားမားလုပ်ဆောင်ချက်တွေကိုတော့ မျှော်လင့်လို့မရဘူးလို့ နိုင်ငံရေးအကဲခတ်တွေက သုံးသပ်ပါတယ်။
ကမ္ဘောဒီယားနိုင်ငံ ဖနွမ်းပင်မြို့မှာ ကျင်းပခဲ့တဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးပွဲနဲ့ ဆက်စပ် အစည်းအဝေးတွေအတွင်း မြန်မာ့အရေးဟာ ဦးစားပေး ကိစ္စတွေထဲမှာ ပါဝင် ပြောဆို ခဲ့ကြတာ ဖြစ်ပါတယ်။
အထူးသဖြင့် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး မတိုင်ခင်ရက်ပိုင်းမှာပဲ မြန်မာနိုင်ငံမှာ တရားမဝင်အာဏာသိမ်းထားတဲ့ စစ်ကောင်စီက နိုင်ငံရေး အကျဉ်းသား ၄ ယောက်ကို သေဒဏ်ပေးကွပ်မျက်ခဲ့တဲ့ ကိစ္စဟာ အာဆီယံ ခေါင်းဆောင်တွေ ကိုယ်တိုင်က သူတို့ကို စစ်ကောင်စီက မထီမဲ့မြင့်ပြုတယ်လို့ ရှုမြင်ခဲ့ကြပါတယ်။
မြန်မာ့အရေးနဲ့ ပတ်သက်လာရင် စစ်ကောင်စီဘက်ကို တဖက်သတ် ဘက်လိုက်တယ်ဆိုပြီး အမြဲတမ်း ဝေဖန်ခံရတဲ့ လက်ရှိ အာဆီယံ ဥက္ကဋ္ဌ ဖြစ်တဲ့ ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆန်ကလည်း ဒီကိစ္စကို အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး အဖွင့်မှာပဲ မကျေမနပ် ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
အကျဉ်းသားတွေကို နောက်ထပ်ကွပ်မျက်နေဦး မယ်ဆိုရင်၊ အာဆီယံ ဘုံသဘောတူညီချက်ထဲက အာဆီယံရဲ့ အခန်းကဏ္ဍတွေကို ပြန်ပြီး သုံးသပ်သွားမယ်လို့ ကမ္ဘောဒီယား ဝန်ကြီးချုပ် ဟွန်ဆန်က အစည်းအဝေး အဖွင့် မိန့်ခွန်းမှာ ပြောသွားခဲ့တာပါ။
ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုအောင်သူရဇော်နဲ့ ကိုလှမျိုးအောင်တို့ကို စစ်ကောင်စီက သေဒဏ်စီရင်မှုအတွက် အာဆီယံအဖွဲ့ဝင် နိုင်ငံတွေက စိုးရိမ်ပြီး အလွန်စိတ်ပျက်တဲ့ အကြောင်း အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးအပြီးထုတ်ပြန်တဲ့ကြေညာချက်မှာ ဖော်ပြထားပါတယ်။
အခုနောက်ပိုင်း မြန်မာ့အရေးနဲ့ ပတ်သက်လာရင် စစ်ကောင်စီကို အမြဲတမ်း ပွင့်ပွင့်လင်းလင်း ဝေဖန်လေ့ရှိတဲ့ မလေးရှား နိုင်ငံခြားရေးဝန်ကြီးကလည်း အာဆီယံအဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်မရှိတဲ့ စစ်ကောင်စီကို အဖွဲ့ဝင် နိုင်ငံအားလုံးက စိတ်ပျက်နေတယ်လို့ ပြောပါတယ်။
ဒါအပြင် မလေးရှား နိုင်ငံခြားရေး ဝန်ကြီး ဆိုင်ဖူဒင်က မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးနဲ့ ပြန်လည်သင့်မြတ်ရေးကို ဖော်ဆောင်နိုင်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) တို့ အပါအဝင် သက်ဆိုင်ရာအဖွဲ့အစည်းတွေ အားလုံးပါဝင်မယ့် စေ့စပ်ညှိနှိုင်းဆွေးနွေးမှုတွေ ဆောင်ရွက်ဖို့ အာဆီယံ နိုင်ငံတွေနဲ့ တခြား ဆွေးနွေးဖက် နိုင်ငံတွေကို အကြံပေး တိုက်တွန်းခဲ့တယ်လို့ ပြောပါတယ်။
မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဆိုင်ဖူဒင်က “အာဆီယံ သဘောတူညီချက်မှာ စစ်မှန်တဲ့ တိုးတက်မှုကို မတွေ့ရတဲ့အတွက် အကုန်လုံးက စိတ်ပျက်လာကြတယ်။ အထူးသံတမန် နှစ်ယောက်က ကြိုးစားခဲ့တာကိုတော့ ကျနော်တို့ အသိအမှတ်ပြုပါတယ်။ ကျနော်တို့ဘက်ကတော့ လူ့စည်းလူ့ဘောင်ထဲကနေ လုပ်နိုင်တာ အကုန်လုပ်ခဲ့ကြပါတယ်။ စစ်အုပ်စုဘက်က ပူးပေါင်းဆောင်ရွက်မှု မရှိတာကတော့ စိတ်မကောင်းစရာပေါ့”လို့ ပြောပါတယ်။
အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးနဲ့ တဆက်တည်း ကျင်းပတဲ့ အစည်းအဝေးတွေကို တက်ရောက်ကြမယ့် အာဆီယံရဲ့ ဆွေးနွေးဖက် နိုင်ငံတွေထဲမှာ အမေရိကန်၊ အီးယူလို မြန်မာ့ဒီမိုကရေစီရေး ပွင့်ပွင့်လင်းလင်း ပြောဆိုတဲ့ နိုင်ငံတွေ ပါဝင်သလို၊ တရုတ်၊ ရုရှားနဲ့ အိန္ဒိယလို နိုင်ငံမျိုးတွေလည်း ပါဝင်ပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းက အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်နဲ့ အိန္ဒိယ နိုင်ငံခြားရေး ဝန်ကြီးတို့ တွေ့ဆုံစဉ်မှာ မြန်မာ့အရေးကိစ္စကို ဆွေးနွေးခဲ့တယ်လို့ ဝန်ကြီး ဘလင်ကန်က သတင်းထောက်တွေကို ပြောပါတယ်။ ဘာတွေ ဆွေးနွေးခဲ့သလို ဆိုတဲ့ အသေးစိတ်ကိုတော့ မသိရပါဘူး။
အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်ကို စစ်ကောင်စီက အကောင်အထည်မဖော်တာ၊ အာဆီယံနဲ့ ပူးပေါင်းဆောင်ရွက်မှု မရှိတာ၊ အခုနောက်ဆုံး အာဆီယံက မေတ္တာရပ်ခံနေတဲ့ကြားထဲက နိုင်ငံရေးအကျဉ်းသား ၄ ယောက်ကို သေဒဏ်ပေးခဲ့တာတွေကြောင့် အာဆီယံ ကိုယ်တိုင်က ရပ်တည်ချက် ပြောင်းလဲလာဖို့ မျှော်လင့်တယ်လို့ NUG အစိုးရရဲ့ သြစတြေးလျ နိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ဒေါက်တာထွန်းအောင်ရွှေက ဒီဗွီဘီကို ပြောပါတယ်။
“အာဆီယံထဲမှာ ဝန်ကြီးချုပ်ဟွန်ဆန်က ကိုဂျင်မီတို့၊ ကိုဇေယျာသော်တို့ကို သေဒဏ်ကွပ်မျက်ခဲ့တဲ့ အပေါ်မှာ အာဆီယံ ဥက္ကဋ္ဌက ထုတ်ပြန်တဲ့စာက သူတို့ သမိုင်းမှာ သူ့ပြည်သူတောင် သူ့ကို ပြန်အံ့သြတယ်၊ အခု တွေ့ဆုံဆွေးနွေးနေတဲ့အခါမှာလည်း ၊ မြန်မာ့အရေးမှာ အာဆီယံရဲ့ ပြောင်းလဲလာတဲ့အမြင် ပိုပြီး ထိရောက်တဲ့ လုပ်ကိုင်ဆောင်ရွက်မှုတွေ မြင်တွေ့ရမယ်လို့ မျှော်လင့်ပါတယ်။”
ဒါပေမဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးနဲ့ ဆက်စပ်အစည်းအဝေးမှာ တက်ရောက်နေတဲ့ တရုတ်နဲ့ ရုရှားတို့ဆီတော့ မြန်မာနဲ့ ပတ်သက်လို့ ပြောဆိုသံတွေကို မကြားရပါဘူး။
ရုရှားနိုင်ငံခြားရေး ဝန်ကြီးဆိုရင် အာဆီယံအစည်းအဝေးကို မလာခင်မှာ နေပြည်တော်ကို သွားရောက်ပြီး အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မင်းအောင်လှိုင်နဲ့ စစ်ကောင်စီခန်ံ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဍမောင်လွင်တို့နဲ့ သွားရောက် တွေ့ဆုံခဲ့ပါတယ်။
နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးစိုင်းကြည်ဇင်စိုးကတော့ အာဆီယံဘုံသဘောတူညီချက်ကို စစ်ကောင်စီက ပူးပေါင်းဆောင်ရွက်ဖို့မရှိဘူးဆိုတာ နိုင်ငံတကာအနေနဲ့ နားလည်သွားပြီလို့ ပြောပါတယ်။
မြန်မာစစ်တပ်အပေါ် ဖိအားတွေရှိလာနိုင်ပေမဲ့ အာဆီယံရဲ့ ဆောင်ရွက်ပိုင်ခွင့်အရတော့ မြန်မာ့အရေးနဲ့ပတ်သက်လို့ ကြီးကြီးမားမားလုပ်ဆောင်ချက်တွေကိုတော့ မျှော်လင့်လို့မရဘူးလို့ ဆိုပါတယ်။
နိုင်ငံလေရေးလေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇော်ကလည်း စစ်ကောင်စီနဲ့ပတ်သက်လို့ နိုင်ငံတကာရဲ့ ဖိအားတချို့ရှိလာမှာ မှန်ပေမဲ့ ပြည်တွင်းအင်အားစုတွေရဲ့ စုစည်းတော်လှန်မှုကသာ အခရာဖြစ်တယ်လို့ သုံးသပ်ပြောပါတယ်။
မလေးရှားနိုင်ငံခြားရေးဝန်ကြီးကတော့ မြန်မာနိုင်ငံမှာ လက်ရှိကြုံတွေ့နေရတဲ့ ပြဿနာတွေ အခြေအနေတွေနဲ့ ပတ်သက်ပြီး နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ ဆန်းသစ်တဲ့နည်းလမ်းနဲ့ အဖြေရှာကြဖို့ လိုနေပြီလို့ ပြောပါတယ်။
မြန်မာနိုင်ငံအတွင်း အကြမ်းဖက်မှုတွေရပ်ဖို့ အပါအဝင် အာဆီယံ ဘုံသဘောတူညီချက် ၅ ချက်ကို မနှစ်က အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့မှာ အာဏာသိမ်းစစ်ခေါင်းဆောင် ကိုယ်တိုင် တက်ရောက်တဲ့ အာဆီယံခေါင်းဆောင်များ အစည်းအဝေးမှာ သဘောတူညီခဲ့တာ ဖြစ်ပြီး၊ မြန်မာ့နိုင်ငံရေး အကျပ်အတည်းကို ငြိမ်းချမ်းတဲ့ နည်းလမ်းနဲ့ အဖြေရှာနိုင်တဲ့ လမ်းစအဖြစ် ကျယ်ကျယ်ပြန့်ပြန့် ရှုမြင်ထားခဲ့ကြတာပါ၊ ဒါပေမဲ့ အချိန်တနှစ်ကျော်ကြာတဲ့အထိ အာဆီယံ သဘောတူညီချက်တွေကို မြန်မာစစ်အာဏာရှင်ြ တခုမှာ အကောင်အထည်ဖော်လုပ်ဆောင်တာ မရှိတဲ့အတွက် အာဆီယံအတွက် သိက္ခာကျစရာ ဖြစ်လာရပါတယ်။
လက်ရှိ မြန်မာပြည် အခြေအနေဟာ အလျင်အမြန် ဆုတ်ယုတ်နေတာ အာဆီယံ ဘုံ သဘောတူညီချက် မယူခဲ့တုန်းက အခြေအနေထက်တောင် ပိုဆိုးလာနေတယ်လို့ ကမ္ဘောဒီယား ဝန်ကြီးချုပ် ဟွန်ဆန်က ပြောပါတယ်။
အထူးသဖြင့် မြန်မာပြည်မှာ ဒီမိုကရေစီအရေး ဆောင်ရွက်နေသူတွေကို စစ်ကောင်စီက ကြိုးပေးကွပ်မျက်ခဲ့တဲ့အတိုင်း ဆက်လုပ်နေဦးမယ်ဆိုရင် အာဆီယံရဲ့ ငြိမ်းချမ်းရေး အစီအစဉ်ကိုလည်း မဖြစ်မနေ ပြန်စဉ်းစားဖို့ လိုအပ်လာလိမ့်မယ်လို့ ပြောသွားပါတယ်။
“နိုင်ငံရေး တွေ့ဆုံ ဆွေးနွေးရေး၊ ငြိမ်းချမ်းရေးနဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးကို ရှေ့ရှုပြီးတော့ သေဒဏ်ကိစ္စကို ပြန်စဉ်းစားဖို့ ကျနော်ကိုယ်တိုင်နဲ့ တခြားအာဆီယံ ခေါင်းဆောင်တွေက မေတ္တာရပ်ခံနေတဲ့ ကြားထဲက အတိုက်အခံပါတီက တက်ကြွလှုပ်ရှားသူတွေကို ကြိုးပေးကွပ်မျက်လိုက်တဲ့အတွ၊က် ကမ္ဘောဒီးယားနဲ့ အာဆီယံ အဖွဲ့ဝင် နိုင်ငံတွေက ထိတ်လန့် စိတ်ပျက်ကြတယ်။”လို့ ဟွန်ဆန်က ပြောပါတယ်။
၅၅ ကြိမ်မြောက် အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးကို မြန်မာက လွဲလို့ တခြား အာဆီယံ နိုင်ငံ ၉ နိုင်ငံက နိုင်ငံခြားရေး ဝန်ကြီးတွေ တက်ရောက်ခဲ့ပြီး စစ်ကောင်စီခန့် နိုင်ငံခြားရေး ဝန်ကြီးကိုလည်း အစည်းအဝေး တက်ခွင့်မပြုပါဘူး။