အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီကို ကိုယ်စားပြုပြီး ပြောဆိုနိုင်သူမှာ ပါတီဥက္ကဋ္ဌ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗဟိုအလုပ်ကော်မတီကသူတွေပဲ ရှိတာကြောင့် အဲဒီသူတွေ မဟုတ်ဘူးဆိုရင် ပါတီကို ကိုယ်စားပြုတဲ့ တွေ့ဆုံမှု မဟုတ်ဘူးလို့ ဗဟိုအလုပ်ကော်မတီဝင် ဦးကျော်ထွေးက ဒီဗွီဘီကို ပြောပါတယ်။
နိုင်ငံတကာအဖွဲ့အစည်းတွေအနေနဲ့ NLD ရဲ့သဘောထားကို သိချင်ရင် စစ်ကောင်စီရဲ့ခွင့်ပြုယူပြီးမှ တွေ့ဖို့မလိုဘူးလို့လည်း ဗဟိုအလုပ်ကော်မတီ အဖွဲ့ဝင် ဦးကျော်ထွေးက ပြောပါတယ်။
မကြာခင် မြန်မာနိုင်ငံကို ရောက်ရှိလာမယ့် အာဆီယံအထူးသံတမန်ရဲ့ ခရီးစဉ်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင်တွေနဲ့ တွေ့ခွင့်ပြုမယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူကြီးမင်းအောင်လှိုင်က အာဆီယံအလှည့်ကျဥက္ကဋ္ဌ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်နဲ့ ဇန်နဝါရီ ၂၆ ရက်က အလွတ်သဘော အွန်လိုင်းက တွေ့ဆုံချိန်မှာ ကတိပေးခဲ့တယ်လို့ ကမ္ဘောဒီးယားဝန်ကြီးချုပ်ရုံးအရာရှိရဲ့ ပြောစကားကို ကိုးကားပြီး နိုင်ငံတကာသတင်းဌာနတွေက ရေးသားကြပါတယ်။
အာဏာသိမ်းစစ်ကောင်စီဟာ NLD ပါတီ ဥက္ကဋ္ဌ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်အပါအဝင် ပါတီထိပ်ပိုင်းခေါင်းဆောင်တွေကို ဖမ်းဆီးထားတာကြောင့် အာဆီယံအထူးသံတမန်ကို ဘယ် NLD ပါတီဝင်တွေနဲ့ တွေ့ဆုံခွင့်ပေးမလဲ ဆိုတာအပါဝင် အာဆီယံအထူးသံတမန် မြန်မာနိုင်ငံကို ဘယ်နေ့ ရောက်လာမလဲဆိုတာကို အခုချိန်ထိ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားခြင်း မရှိသေးပါဘူး။
နိုင်ငံတကာအဖွဲ့အစည်းက တာဝန်ရှိသူတွေကို လက်ခံတွေ့ဆုံပြီး ပါတီကိုယ်စားပြုပြောဆိုနိုင်သူမှာ ပါတီဥက္ကဋ္ဌ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ ပါတီဗဟိုအလုပ်မှုဆောင်အဖွဲ့က တာဝန်ပေးထားတဲ့ ဗဟိုအလုပ်ကော်မတီပဲရှိပြီး လက်ရှိအချိန်ထိတော့ နိုင်ငံတကာအဖွဲ့အစည်းတာဝန်ရှိသူတွေကို တွေ့ဆုံဖို့ ဆက်သွယ်လာတာမရှိသေးဘူးလို့ အဲဒီကော်မတီအဖွဲ့ဝင် ဦးကျော်ထွေးက ဒီဗွီဘီကို ပြောပါတယ်။
''ဗဟိုအလုပ်အမှုဆောင်အဖွဲ့က အစည်းအဝေးဆုံးဖြတ်ချက်နဲ့ တာဝန်ပေးထားတဲ့ လူပုဂ္ဂိုလ် ဒါမှမဟုတ် အဖွဲ့အစည်းကပဲ NLD ပါတီကို ကိုယ်စားပြုတယ်လို့ သတ်မှတ်လို့ရနိုင်မှာဖြစ်ပါတယ်။ လောလောဆယ်မှာတော့ NLD ပါတီရဲ့ ပါတီလုပ်ငန်းစဉ်အကုန်လုံးကို လုပ်ဆောင်နေတာကတော့ ဗဟိုအလုပ်ကော်မတီ ရှိပါတယ်။ ဒါတွေမဟုတ်ဘူးဆိုရင် NLD ရဲ့ ဆိုင်းဘုတ်ကိုင် ခေါင်းစဉ်တပ်ပြီးတော့ တွေ့တဲ့သူတွေဟာ ဘယ်သူမဆို NLD ကို ကိုယ်စားပြုတာမဟုတ်ဘူး။ သီးသန့်ပုဂ္ဂိုလ်ရေးအရတွေ့တာ ဖြစ်ကောင်းဖြစ်လိမ့်မယ်။ NLD ကို ကိုယ်စားပြုတဲ့ တွေ့ဆုံမှုတော့ လုံးဝမဟုတ်ပါဘူး။ ကိုယ်တွေ့ဆုံတဲ့အခါမှာလည်း ကိုယ်စားပြုခွင့်မရှိဘဲနဲ့ ကိုယ်စားပြုသယောင် NLD ပါတီကို အသုံးချပြီး ခုတုံးလုပ် အလွဲသုံးစားလုပ်ပြီး တွေ့တဲ့သူအကုန်လုံးဟာ သမိုင်းရဲ့ဒဏ်ခတ်ခြင်းကို ခံရမှာဖြစ်ပါတယ်”လို့ ပြောဆိုပါတယ်။
စစ်တပ်က နိုင်ငံတော်အာဏာကို သိမ်းယူပြီး နိုင်ငံခေါင်းဆောင်တွေအပြင် NLD ပါတီထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ ပါတီဝင်တွေကို ဖမ်းဆီးခဲ့တာကြောင့် ပါတီလုပ်ငန်း ဆောင်ရွက်ချက်အားလုံးကို ဆက်လက်ဆောင်ရွက်နိုင်ဖို့ ပါတီဗဟိုအလုပ်မှုဆောင်အဖွဲ့ရဲ့ သဘောတူဆုံးဖြတ်ချက်အရ ၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၅ ရက်နေ့ ရက်စွဲနဲ့ ဗဟိုအလုပ်ကော်မတီကိုဖွဲ့စည်းခဲ့တာပါ။
NLD ပါတီ ဥက္ကဋ္ဌအပါအဝင် အလုပ်အမှုဆောင်အားလုံး လွတ်လပ်စွာ စုံညီအစည်အဝေး ကျင်းပနိုင်ခြင်း မရှိခင်အချိန်ထိ အဖွဲ့ချုပ်ရဲ့အခြေခံမူဝါဒတွေ ၂၀၂၀ ရွေးကောက်ပွဲကြေညာစာတမ်းပါ အချက်တွေ ပြည်တွင်းပြည်ပ ပါတီချင်း ဆက်ဆံရေးတွေကို ဆောင်ရွက်နိုင်ဖို့ ဗဟိုအလုပ်ကော်မတီကို တာဝန်ပေးခဲ့တာဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ် အောက်တိုဘာလ ၃၀ ရက်နေ့က ကျင်းပပြုလုပ်ခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုရေးရာကော်မတီများ ပြည်နယ်နှင့်တိုင်းတာဝန်ခံများ အစည်းအဝေးကို တက်ရောက်လာကြသူအားလုံးရဲ့ သဘောတူညီချက်အရ ဗဟိုအလုပ်ကော်မတီကိုဖွဲ့စည်းခဲ့တာလည်း ဖြစ်ပါတယ်။
NLD ပါတီ ဗဟိုအလုပ်ကော်မတီမှာ ပါတီဗဟိုအလုပ်အမှုဆောင်တွေဖြစ်ကြတဲ့ ဦးအောင်ကြည်ညွန့်၊ ဦးတင်ထွဋ်ဦး၊ ဦးမျိုးနိုင်၊ အရန်ဗဟိုအလုပ်အမှုဆောင် ဒေါက်တာခင်ဆောင် ဦးစီးကော်မတီ အဖွဲ့ဝင်တွေဖြစ်တဲ့ ဦးထွန်းမြင့်၊ ဦးကျော်ထွေးနဲ့ ဦးဝင်အောင်တို့ကို ပါဝင်ပါတယ်။
အာဏာသိမ်းစစ်ကောင်စီဟာ NLD ပါတီဝင်တွေနဲ့ အာဆီယံအထူးသံတမန်ကို သွေးရိုးသားရိုးစိတ်နဲ့ ပေးတွေ့တာမျိုးလုပ်မှာမဟုတ်ဘဲ နိုင်ငံတကာအဖွဲ့အစည်းကသူတွေအနေနဲ့ NLD ရဲ့သဘောထားကို သိချင်ရင် စစ်ကောင်စီရဲ့ ခွင့်ပြုယူပြီး တွေ့ဖို့မလိုဘူးလို့ ဗဟိုအလုပ်ကော်မတီ အဖွဲ့ဝင် ဦးကျော်ထွေးက ပြောဆိုပါတယ်။
“တကယ်တမ်း နိုင်ငံတကာအဖွဲ့အစည်းတွေကို NLD ပါတီနဲ့တွေ့စေချင်ရင် NLD ပါတီခေါင်းဆောင်တွေကို လွှတ်ပေးပြီးတော့ အဲဒီခေါင်းဆောင်တွေနဲ့ တွေ့ခြင်းကသာ ပါတီကို ကိုယ်စားပြုတဲ့ နိုင်ငံရေးအရ အဆင့်တန်းရှိတဲ့တွေ့ဆုံမှုတွေ ဖြစ်မယ်လို့ မြင်ပါတယ်။ ဆိုရှယ်မီဒီယာခေတ်ကြီးမှာ နည်းလမ်းမျိုးစုံနဲ့ တွေ့လို့ရရင် ရနိုင်တဲ့နည်းလမ်းတွေ အများကြီးရှိပါတယ်။ အာဏာသိမ်းစစ်ကောင်စီက ခွင့်ပြုသမျှနဲ့ပဲ သွားနေမယ်ဆိုရင်တော့ ဒီအဖွဲ့အစည်းတွေက နိုင်ငံနဲ့ ပြည်သူလူထုအကျိုးစီးပွားကို တကယ် ဆောင်ရွက်ပေးချင်တဲ့သူတွေလား၊ စစ်ကောင်စီကပြတဲ့ ဇာတ်မှာပဲ လိုက်ကချင်တဲ့သူတွေလား ဆိုတာတော့ အဖြေထွက်မှာပေါ့ဗျာ” လို့ ပြောပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မှတ်တမ်းကောက်ယူရေးအဖွဲ့ရဲ့ ကောက်ယူရရှိထားတဲ့ စာရင်းတွေအရ စစ်တပ်က နိုင်ငံတော်အာဏာကို သိမ်းယူခဲ့တဲ့နေ့ကစပြီး တစ်နှစ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်အပါအဝင် ပါတီ အဖွဲ့ဝင် ၆၈၆ ယောက်နဲ့ လွှတ်တော်ကိုယ်စားလှယ် ၁၀၇ ယောက် ဖမ်းဆီးခံခဲ့ရတယ်လို့ ပါတီဗဟိုအလုပ်ကော်မတီက ဖေဖေါ်ဝါရီလ ၁ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။
ဒါ့အပြင် NLD ပါတီရုံးတွေကို ဖောက်ခွဲဖျက်ဆီးကာ မီးရှို့မှုတွေနဲ့ တရားမဝင် ဖောက်ထွင်းဝင်ရောက်မှု ၉၁ ကြိမ် ဖြစ်ခဲ့ပြီး ပါတီဝင် ၁၁၇ ယောက်နီးပါးရဲ့ နေအိမ်တွေဟာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ချိတ်ပိတ်ခြင်းကို ခံထားရတယ်လို့လည်း ဖော်ပြထားပါတယ်။
အာဆီယံရဲ့ အထူးသံတမန်ကို မြန်မာနိုင်ငံလာရောက်ခွင့်ပြုဖို့နဲ့ လူသားချင်းစာနာမှုအကူအညီတွေ ပေးအပ်ခွင့်ပြုဖို့ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်က မြန်မာစစ်ခေါင်းဆောင်ကို မေတ္တာရပ်ခံ တိုက်တွန်းခဲ့တယ်လို့ ကမ္ဘောဒီးယားအစိုးရအရာရှိတစ်ဦးက ပြောတဲ့အကြောင်း ရိုက်တာ သတင်းမှာ ဖော်ပြပါတယ်။
မစ္စတာ ဟွန်ဆန်ဟာအာဆီယံဥက္ကဋ္ဌအဖြစ် စစ်အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်ကို ဇန်နဝါရီ ၂၇ ရက်က Video Conferencing နဲ့တွေ့ဆုံဆွေးနွေးရာမှာ မြန်မာနိုင်ငံ ပဋိပက္ခကို ဖြေရှင်းရေးအတွက် သဘောတူညီချက် ၅ ရပ်ကို လိုက်နာဖို့ တောင်းဆိုခဲ့ကြောင်း ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီးဌာနမှ အတွင်းဝန် မစ္စတာ ကောက်ကင်ဟောန်က သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။
မနှစ်က ဧပြီလမှာ အာဆီယံခေါင်းဆောင်တွေ ဂျာကာတာမှာ မျက်နှာချင်းဆိုင် တွေ့ဆုံခဲ့ရာမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုယ်တိုင် သဘောတူညီခဲ့တဲ့ အချက် ၅ ချက်ပါ ဘုံသဘောတူညီမှုမှာ အကြမ်းဖက်မှုတွေရပ်တန့်ရေး၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဝင်ရောက်ခွင့်ကို အာမခံရေးနဲ့ အားလုံးပါဝင်တဲ့ ဆွေးနွေးပွဲတွေကို ပံ့ပိုးပေးဖို့ စတာတွေ ကတိပြုထားတာပါ။
အာဆီယံအထူးသံတမန်အနေနဲ့ မြန်မာနိုင်ငံကို သိပ်မကြာခင်မှာ ပထမဆုံးအကြိမ် လာရောက်နိုင်ဖို့ အဆင်ပြေအောင် ဆောင်ရွက်ပေးဖို့ ဝန်ကြီးချုပ်ဟွန်ဆန်က စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို တောင်းဆိုခဲ့တယ်လို့ မစ္စတာ ကောက်ကင်ဟောန်က ပြောပါတယ်။
ဟွန်ဆန်ဟာ အကြမ်းဖက်မှုတွေကို ရပ်တန့်ပြီး အပစ်အခတ်ရပ်စဲရေးလုပ်ဖို့ မြန်မာအာဏာသိမ်းအုပ်စု အပါအဝင် ဘက်ပေါင်းစုံကို မေတ္တာရပ်ခံခဲ့ကြောင်းနဲ့ မြန်မာနိုင်ငံရှိ အလိုအပ်ဆုံးသော သူတွေဆီ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ပေးအပ်ရာမှာ အာဆီယံနိုင်ငံတွေကိုလည်း သူနဲ့လာပူးပေါင်းပေးဖို့ ဖိတ်ခေါ်ခဲ့ကြောင်း မစ္စတာ ကောက်ကင်ဟောန် က ပြောကြားခဲ့ပါတယ်။
ဒီအဆိုပြုချက်တွေကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဘယ်လို တုံ့ပြန်ခဲ့လဲ ဆိုတာကိုတော့ မစ္စတာ ကောက်ကင်ဟောန် က မပြောခဲ့ပါဘူး။ ဗုဒ္ဓဟူးနေ့ ဆွေးနွေးမှုနဲ့ပတ်သက်ပြီး မှတ်ချက်တောင်းခံတဲ့ ဖုန်းခေါ်ဆိုမှုကိုလည်း မြန်မာစစ်တပ်ရဲ့ပြောရေးဆိုခွင့်ရှိသူက မဖြေကြားခဲ့ပါဘူး။
ဇန်နဝါရီ ၇ ရက်က ကမ္ဘောဒီးယားခေါင်းဆောင်ဟာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို နေပြည်တော်မှာသွားရောက်တွေ့ဆုံခဲ့ပါတယ်။ ဒေသတွင်း အိမ်နီးချင်းနိုင်ငံတချို့ကတော့ ဟွန်ဆန်ရဲ့ ခရီးစဉ်ဟာ စစ်အုပ်စုကို အသိအမှတ်ပြု ထောက်ခံမှုအဖြစ် အဓိပ္ပာယ်ဖွင့်ဆိုနိုင်မှာကို စိုးရိမ်ခဲ့ကြပါတယ်။
ဟွန်ဆန်ဟာ သူတို့တွေ့ဆုံမှု စကတည်းက ရန်လိုမှုတွေ ပေါ်လာခဲ့ခြင်းအပေါ် စိုးရိမ်ပူပန်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ထုတ်ဖော်ပြောဆိုခဲ့တယ်လို့ မစ္စတာ ကောက်ကင်ဟောန်က ပြောပါတယ်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို အာဆီယံ သဘောတူညီချက်အတိုင်း ဆောင်ရွက်စေဖို့ အာဆီယံဥက္ကဋ္ဌ မစ္စတာဟွန်ဆန်လည်း ဖိအားပေးခံနေရတယ်လို့ ရိုက်တာသတင်းမှာ ရေးထားပါတယ်။
တွေ့ဆုံဆွေးနွေးရာမှာ အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည်ဖော် ဆောင်ရွက်နေမှု အခြေအနေ၊ အာဆီယံနိုင်ငံတွေအကြား အပြုသဘောဆောင်တဲ့ ပူးပေါင်း ဆောင်ရွက်မှုနဲ့ ဆောင်ရွက်ဖို့လိုတဲ့ အခြေအနေ၊ မြန်မာနိုင်ငံအနေနဲ့ အကောင်းဆုံးဖြစ်အောင် ပူးပေါင်းပါဝင်ဆောင်ရွက်သွားမယ့် အခြေအနေ၊ အာဆီယံဥက္ကဋ္ဌရဲ့ အထူးကိုယ်စားလှယ်အား မြန်မာနိုင်ငံသို့ စေလွှတ်သွားမည့်အခြေအနေတွေ ဆွေးနွေးခဲ့တယ်လို့လည်း စစ်ကောင်စီ ပြန်ကြားရေးက သတင်းထုတ်ပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံမှာ ပြည်တွင်း ငြိမ်းချမ်းရေးရရှိဖို့ ကြိုးပမ်းဆောင်ရွက်နေမှု အခြေအနေ၊ ပြည်တွင်း အကြမ်းဖက်မှု ပပျောက်ရေးအတွက် ဆောင်ရွက်နေမှု အခြေအနေ၊ လူသားချင်းစာနာ ထောက်ထားမှု အကူအညီပေးရေးအခြေအနေနဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အထူး ကိုယ်စားလှယ် လာရောက်ရေးဆိုင်ရာကိစ္စတွေ ဆွေးနွေးခဲ့တယ်လို့လည်း စစ်ကောင်စီ သတင်းမှာ ဖော်ပြပါတယ်။