close

အာဆီယံ ဆူဇူကီးဖလား

close

December 5, 2021

မြန်မာဘောလုံးအသင်းရဲ့ ဆူဇူကီး ခယောင်းလမ်း ဒီနေ့စပြီ

မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းဟာ ဒီကနေ့ညနေ ၇ နာရီ ၁၅ မိနစ်မှာ အာဆီယံဆူဇူကီးဖလား ပြိုင်ပွဲ အုပ်စုပွဲစဉ်အနေနဲ့ အိမ်ရှင် စင်ကာပူအသင်းနဲ့ စတင်ယှဉ်ပြိုင်ရပါတော့မှာပါ။

သမိုင်းတလျှောက်မှာ ပထမဆုံးအကြိမ်အနေနဲ့ ပရိသတ်အများစုရဲ့ သပိတ်မှောက်ခြင်းခံနေရတဲ့ မြန်မာဘောလုံးအသင်းမှာ တခြားပြဿနာတွေလည်း ရှိနေပါတယ်။ မနေ့ကအထိ ကစားသမား ၄ ဦး ဒဏ်ရာရရှိနေပြီး ကိုဗစ်-၁၉ ပိုးရှိ၊ မရှိ နောက်ဆုံးအဆင့် စစ်ဆေးရမယ့် ကစားသမား ၁ဝ ဦး လည်း ရှိနေတယ်လို့ နိုဝင်ဘာ ၄ ရက်နေ့ ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ မြန်မာနည်းပြ အန်တိုနီဟေးက ဝန်ခံထားပါတယ်။

“ပွဲကစားနိုင်မယ့် အနည်းဆုံးအခြေအနေတစ်ခုရှိဖို့ မျှော်လင့်ပါတယ်။ ကျနော်တို့ လုပ်နိုင်ပါ့မလား မသေချာပါဘူး။ အခြေအနေတွေက အကောင်းဆုံးမှာမရှိဘူး။ ဒါပေမဲ့ အကောင်းဆုံးတော့ ကြိုးစားနေတယ်။ လာမယ့် ၂၄ နာရီအတွင်း ဘာတွေဆက်ဖြစ်မလဲ စောင့်ကြည့်ရမှာပါ။”

မြန်မာဘောလုံးအသင်းဟာ လွန်ခဲ့တဲ့ မေလလောက်ကတည်းက စတင်စုစည်းလေ့ကျင့်ပြီး တူရကီမှာ ခြေစမ်းပွဲတချို့ ကစားခဲ့ပေမယ့် အာဆီယံဒေသတွင်း အဆင့်မြင့်ဆုံးပြိုင်ပွဲအတွက်တော့ လိုအပ်ချက်တွေ ရှိနေပါတယ်။ 

ကိုဗစ်နဲ့ နိုင်ငံရေးအခြေအနေတွေကြောင့် ပြည်တွင်းလိဂ်ပွဲစဉ်တွေလည်း မကစားခဲ့ရတဲ့ မြန်မာ ကစားသမားတွေကြောင့် ရွေးချယ်ရာမှာလည်း အခက်အခဲရှိခဲ့တယ်လို့ နည်းပြအန်တိုနီဟေး က ပြောပါတယ်။

“ပြည်တွင်းလိဂ်မရှိတဲ့ အခြေအနေမှာ လူငယ်ကစားသမားတွေ ရှာဖွေရတာကလည်း အလွန်ခက် ပါတယ်။ ကျနော်တို့ရဲ့ ပြုပြင်တည်ဆောက်မှုတွေကို မေလမှာ စတင်ခဲ့ပေမယ့် ယှဉ်ပြိုင်နိုင်တဲ့ အနေအထား မရှိခဲ့ပါဘူး။ ဒါပေမဲ့ သင်ခန်းစာတွေယူခဲ့ပြီးဖြစ်လို့ ပြီးခဲ့တဲ့ ၆ ပတ်တာကာလ အတွင်းမှာ လုံလောက်တဲ့ ကြံ့ခိုင်မှုရဖို့ ကြိုးစားခဲ့ပါတယ်” လို့ နည်းပြ အန်တွန်နီဟေးက The Straits Times  သတင်းစာမှာ ပြောထားပါတယ်။

မြန်မာအသင်းဟာ တူရကီမှာ အပျော်တမ်းကလပ် ၂ သင်းကို အနိုင်ရခဲ့ပေမယ့် အာဖရိကကလပ် ဘူရွန်ဒီကို ၂ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပြီး အင်ဒိုနီးရှားကိုလည်း ၄ ဂိုး ၁ ဂိုး နဲ့ ရှုံးနိမ့်ခဲ့ပါတယ်။

မြန်မာအသင်းလူစာရင်းမှာ အမာခံကစားသမားတွေဖြစ်ကြတဲ့ ဂိုးသမား ကျော်ဇင်ထက်၊ နောက်ခံလူ ဇော်မင်းထွန်း၊ နန္ဒကျော်၊ တိုက်စစ်မှူး ကျော်ကိုကိုနဲ့ အောင်သူတို့ မပါဝင်တာကြောင့် ခါတိုင်းနှစ်တွေထက် ပိုပြီးအားနည်းချက်ရှိနေပါတယ်။ 

ဒီကြားထဲမှာ စင်ကာပူရောက်ပရိသတ်တွေကလည်း အာဏာသိမ်းစစ်တပ်အောက်မှာ မြန်မာအသင်းကို အားမပေးဘူးလို့ ကြေညာချက်ထုတ်ပြန်ထားလို့ အားပေးတဲ့ပရိသတ်လည်း ကင်းမဲ့နေမှာပါ။ 

နည်းပြ အန်တွန်နီဟေးကတော့ စင်ကာပူက ရေးပန်းစားတဲ့အသင်း ဆိုပေမယ့် ဘောလုံးမှာ ဘာမဆို ဖြစ်နိုင်တယ်လို့ ဆိုထားပါတယ်။

မြန်မာအသင်းဟာ အာဆီယံဆူဇူကီးသမိုင်းမှာ ၂၀၀၄ နဲ့ ၂၀၁၆ ပြိုင်ပွဲ ၂ ကြိမ်မှာပဲ ဆီမီးဖိုင်နယ် တက်ရောက်ခဲ့ဖူးပါတယ်။ ဒီနှစ်အုပ်စုမှာတော့ နာမည်ကြီး ထိုင်း၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ အရှေ့တီမောအသင်းတွေ ပါဝင်တဲ့အုပ်စု A မှာ ပါဝင်နေတာပါ။ 

ဒီကနေ့ ည ၇ နာရီ ၁၅ မိနစ်မှာ စင်ကာပူနဲ့ ကစားပြီးနောက် ဒီဇင်ဘာ ၈ ရက်မှာတော့ အရှေ့တီမော၊ ဒီဇင်ဘာ ၁၁ ရက်နေ့ ထိုင်း၊ ဒီဇင်ဘာ ၁၈ ရက်နေ့ ဖိလစ်ပိုင်အသင်းတွေနဲ့ ဆက်ကစားရမှာ ဖြစ်ပါတယ်။

မြန်မာဘောလုံးအသင်းကို ပြည်သူအများစုက သပိတ်မှောက်ထားပေမယ့် အရင်နှစ်တွေကလို ဆက်ပြီးအားပေးမယ့် ပရိသတ်တချို့လည်း ရှိနေပါသေးတယ်။ ဝါရင့်ကစားသမားတချို့လည်း မပါဝင်တဲ့ မြန်မာအသင်းဟာ ကိုဗစ်နဲ့ ဒဏ်ရာပြဿနာတွေ ဆက်ရှိလာတာကြောင့် ခါတိုင်း နှစ်ထက်ပိုပြီး အားနည်းနေပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် မြန်မာဘောလုံးအသင်းရဲ့ ဆူဇူကီး ခယောင်းလမ်းက ဒီကနေ့ညနေမှာ စတင်တော့မှာ ဖြစ်ကြောင်းပါ။

12 hours Ago
Up