မြန်မာစစ်တပ်ကို ထိုးစစ်တွေအတွင်း ထိန်းထိန်းသိမ်းသိမ်းလုပ်ဖို့ တိုက်တွန်းခဲ့ကြောင်းနဲ့ ထိန်းသိမ်းခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ရုံးတင်စစ်ဆေးနေချိန်အတွင်း တွေ့ဆုံခွင့်မရှိဘူးလို့ စစ်အုပ်စုခေါင်းဆောင်က သူ့ကို ပြောဆိုခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးကိုယ်စားလှယ် မစ္စတာ ပရက်ခ်ဆိုခွန်က မတ် ၂၃ ရက်မှာ ပြောဆိုခဲ့ပါတယ်။
သြစတြေးလျ စီးပွားရေးပညာရှင် Sean Turnell အပါအဝင် အကျဉ်းသားတွေကို လွှတ်ပေးဖို့ ကြိုးပမ်းခဲ့ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ တခြားအကျဉ်းသားတွေကို တွေ့ဖို့ တောင်းဆိုချက်ကိုလည်း အနာဂတ်မှာ စဉ်းစားပေးမယ်လို့ စစ်အုပ်စုအကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြောင်း အထူးကိုယ်စားလှယ်က ဆိုပါတယ်။
သူ့ရဲ့ မြန်မာနိုင်ငံခရီးစဉ်ဟာ စစ်အုပ်စုကို တရားဝင်ကြောင်း အသိအမှတ်ပြုတယ်လို့ ဝေဖန်သူတွေက ရှုမြင်ကြတာကိုလည်း နားလည်ကြောင်း ပရက်ခ်ဆိုခွန်က ပြောပါတယ်။
ဒါပေမဲ့ နှစ်ရက်ကြာ ခရီးစဉ်ဟာ အကျပ်အတည်းကို ဖြေရှင်းဖို့ အပြုသဘောဆောင်တဲ့ ခြေလှမ်းတရပ်အဖြစ် ရှုမြင်တယ်လို့ ဆိုပါတယ်။
မြန်မာ့အရေးက ရှုပ်ထွေးပြီး ဖြေရှင်းဖို့ အချိန်လိုကြောင်းနဲ့ အာဆီယံဥက္ကဋ္ဌတာဝန် တခုတည်းနဲ့ ဒါမှမဟုတ် လက်ရှိဥက္ကဋ္ဌ တာဝန်ယူချိန်အတွင်းမှာ ဖြေရှင်းလို့မရကြောင်း ကမ္ဘောဒီးယားကို ပြန်လာချိန်မှာ ပရက်ခ်ဆိုခွန်က သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။
ဒီခရီးစဉ်မှာ မျှော်မှန်းချက်အဆင့် အမျိုးမျိုးကို သိရှိကြောင်းနဲ့ အပစ်အခတ်ရပ်စဲရေး လိုလားသူတွေ၊ ပါဝင်ပတ်သက်သူတွေ အားလုံးနဲ့ တွေ့ဆုံစေချင်တာကိုလည်း နားလည်သဘောပေါက်ကြောင်း သူက ပြောပါတယ်။
ဝေဖန်မှုတွေရဲ့ နောက်ကွယ်က အကြောင်းအရင်းတွေကို နားလည်ကြောင်းနဲ့ သူတို့က စစ်ကောင်စီဝင်တွေကို တရားဝင်မှု မပေးစေချင်ကြဘူးလို့ ဆိုပါတယ်။
မစ္စတာ ပရက်ခ်ဆိုခွန်ဟာ သူ့ရဲ့ခရီးစဉ်မှာ စစ်ဗိုလ်ချုပ်တွေကိုပဲ အဓိကထားပြီး တခြားသူတွေနဲ့ တွေ့ဆုံမှု အများစုကို ဖျက်သိမ်းခဲ့တာကြောင့် စစ်အာဏာရှင် အုပ်ချုပ်ရေးကို ဆန့်ကျင်ကြသူ အများစုကြီးကို စိတ်ပျက်စေခဲ့ပါတယ်။
အကြမ်းဖက်မှုတွေ အဆုံးသတ်ဖို့ မနှစ်က သဘောတူညီထားတဲ့ အချက် ၅ ချက်မှာ တိုးတက်မှု မတွေ့မချင်း အာဆီယံက မြန်မာစစ်ဗိုလ်ချုပ်တွေကို ထိပ်သီးအစည်းအဝေးတွေ တက်ရောက်ခွင့် ပိတ်ပင်ထားပါတယ်။
မြန်မာစစ်တပ်ဟာ စစ်ရာဇဝတ်မှုတွေ၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို ကျူးလွန်ခဲ့ပြီး အရပ်သားတွေကို တမင်တကာ ပစ်မှတ်ထားကြောင်း ပြီးခဲ့တဲ့သီတင်းပတ်က ကုလသမဂ္ဂက ပြောကြားခဲ့ပါတယ်။ ဒီအပေါ်မှာ စစ်တပ်ဘက်ကတော့ ဘာမှတုံ့ပြန်ခြင်း မရှိသေးပါဘူး။
မြန်မာနိုင်ငံကို လူသားချင်းစာနာမှုအကူအညီတွေ ပထမအသုတ်အဖြစ် ချောချောမွေ့မွေ့ပေးနိုင်ဖို့အတွက် ဘက်အားလုံးအနေနဲ့ ၄ လကြာ အပစ်အခတ်ရပ်စဲထားဖို့ အာဆီယံအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ဧရာဝဏ်ယူဆော့ဖ်က တိုက်တွန်း ပြောကြားလိုက်ပါတယ်။
ဂျပန် အခြေစိုက် ကျိုဒိုသတင်းဌာနနဲ့ စက်တင်ဘာ ၄ ရက်နေ့က သီးသန့် အင်တာဗျူးမှာ ဘရူနိုင်းနိုင်ငံရဲ့ ဒုနိုင်ငံခြားရေးဝန်ကြီးလည်းဖြစ် အာဆီယံအထူးကိုယ်စားလှယ်လည်း ဖြစ်တဲ့ မစ္စတာ ယူဆော့ဖ်က ပြောကြားလိုက်တာပါ။
အခုနှစ် ကုန်အထိ အပစ်အခတ်ရပ်စဲထားဖို့ စစ်ကောင်စီခန့်ဝန်ကြီး ဦးဝဏ္ဏမောင်လွင်နဲ့ ပြီးခဲ့တဲ့ အင်္ဂါနေ့က အွန်လိုင်းကနေ ရုပ်သံနဲ့ဆွေးနွေးရာမှာ အဆိုပြုခဲ့တဲ့အကြောင်းနဲ့ စစ်တပ်က ဒါကို လက်ခံတယ်လို့လည်း ပြောပါတယ်။
“ဒါဟာ နိုင်ငံရေးအရ အပစ်အခတ်ရပ်စဲဖို့ မဟုတ်ပါဘူး။ လူသားချင်းစာနာမှု အကူအညီပေးရေး လုပ်သားတွေရဲ့ ဘေးကင်းရေးနဲ့ လုံခြုံရေး သေချာစေဖို့ အပစ်ရပ်စဲဖို့ဖြစ်ပါတယ်။ သူတို့အနေနဲ့ ပြည်သူလူထုတွေကို ဘေးကင်းကင်းနဲ့ အကူအညီပေးရေး ပစ္စည်းတွေ ဖြန့်ဝေနိုင်ဖို့ပါ” လို့ ယူဆော့ဖ်က ပြောပါတယ်။
အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်နေတဲ့သူတွေအားလုံးကိုလည်း တဆင့်စကားပါး ကမ်းလှမ်းခဲ့တဲ့အကြောင်းနဲ့ အပစ်အခတ်ရပ်စဲရေးနဲ့ ပတ်သက်လို့ “ ကျနော်ပြောတာကို သူတို့သဘောမတူတာမရှိပါဘူး” လို့ အာဆီယံအထူးသံတမန်က ပြောပါတယ်။
ဖေဖော်ဝါရီ ၁ ရက်နေ့မှာ စစ်တပ်က နိုင်ငံတော်အာဏာကို တရားမဝင် သိမ်းယူပြီးနောက် ငြိမ်းချမ်းစွာ ဆန္ဒပြတဲ့ ပြည်သူတွေ အယောက် ၁၀၀၀ ကျော်ကို သတ်ဖြတ်ခဲ့ကာ အယောက် ၅၀၀၀ ကျော်ကို ဖမ်းဆီးထောင်ချထားပါတယ်။
ဒါ့အပြင် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ကိုချိုးဖောက်ကာ တိုင်းရင်းသားဒေသတွေကို လေကြောင်းကနေ ဝင်ရောက်ဗုံးကြဲခဲ့သလို မြေပြင်ကနေလည်း ကျူးကျော် ဝင်ရောက်လာတာကြောင့် တိုက်ပွဲတွေဖြစ်ပွားပြီး သောင်းနဲ့ချီတဲ့ တိုင်းရင်းသား ပြည်သူတွေ စစ်ဘေး ရှောင်ထွက်ပြေးနေကြရပါတယ်။
စက်တက်ဘာလလယ်လောက် အစောဆုံးပေးဖို့ စီစဉ်ထားတဲ့ အာဆီယံရဲ့ ပထမအသုတ် အကူအညီတွေထဲမှာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံနေရတဲ့ မြန်မာပြည်သူ အားလုံးအတွက် ဆေးဝါးနဲ့ အောက်ဆီဂျင်ထုတ်စက်တွေအပါအဝင် တခြား ဆေးပစ္စည်းအကူအညီတွေပါဝင်မှာဖြစ်ပါတယ်။
တိုင်းရင်းသားလက်နက်ကိုင်တွေ ထိန်းချုပ်ထားတဲ့ဒေသတွေအတွက်တော့ အိမ်နီးချင်း ထိုင်းနိုင်ငံကနေ ဖြတ်ပြီး ပေးပို့မယ်လို့ ပြောပါတယ်။ နောက်တဆင့် အကူအညီတွေမှာတော့ ကာကွယ်ဆေးတွေ ပို့ပေးမယ်လို့ ပြောပါတယ်။
အာဆီယံအထူးကိုယ်စားလှယ်အနေနဲ့ အခုလအတွင်းမှာ မြန်မာနိုင်ငံကို သွားရောက်ဖို့ မျှော်လင့်ကြောင်းနဲ့ ခရီးစဉ်မှာ ဖမ်းဆီးခံဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဖို့တော့ စစ်ကောင်စီဘက်က မီးစိမ်းမပြသေးတဲ့အကြောင်း ဒီကိစ္စထပ်ပြီးဆွေးနွေးဖို့ရှိတယ်လို့လည်း ပြောပါတယ်။
မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ ချက်ချင်းရပ်ဖို့နဲ့ အထူးကိုယ်စားလှယ်ခန့်ဖို့ကိစ္စအပါဝင် ဘုံ သဘာတူညီချက် ၅ ချက်ကို ဧပြီလ ဂျာကာတာမှာကျင်းပခဲ့တဲ့ အာဆီယံခေါင်းဆောင်များ အစည်းအဝေးမှာကတည်းက ချမှတ်ခဲ့တာဖြစ်ပေမဲ့ အာဆီယံ အထူးကိုယ်စားလှယ်အဖြစ် မစ္စတာ ယူဆော့ဖ်ကို ပြီးခဲ့တဲ့ ဩဂုတ်လကုန်ပိုင်းကမှ အတည်ပြု ခန့်အပ်နိုင်ခဲ့တာဖြစ်ပါတယ်။