အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က လာမယ့် ဒီဇင်ဘာလမှာ အွန်လိုင်းကကျင်းပဖို့ စီစဉ်ထားတဲ့ ဒီမိုကရေစီထိပ်သီးညီလာခံမှာ မြန်မာအပါအဝင် အာဆီယံ ၇ နိုင်ငံကို ဖိတ်ကြားထားခြင်း မရှိပါဘူး။
ဒီဇင်ဘာ ၉ ရက်နဲ့ ၁၀ ရက်မှာ ကျင်းပမယ့် ဒီမိုကရေစီ ထိပ်သီးညီလာခံမှာတက်ရောက်ဖို့ ဖိတ်ကြားထားတဲ့ ကမ္ဘာ့နိုင်ငံပေါင်း ၁၁၀ နိုင်ငံစာရင်းကို အမေရိကန် နိုင်ငံခြားရေးဌာနက ထုတ်ပြန် ကြေညာထားရာမှာ အာဆီယံဒေသတွင်းက မြန်မာ၊ ထိုင်း၊ စင်ကာပူ၊ ဗီယက်နမ်၊ ဘရူနိုင်း၊ လာအိုနဲ့ ကမ္ဘောဒီယား နိုင်ငံတွေကို မဖိတ်ဘဲ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ မလေးရှားနဲ့ အရှေ့တီမော ၄ နိုင်ငံကိုသာ ဖိတ်ကြားထားတာပါ။
ဒါ့အပြင် တရုတ်နဲ့ ရုရှားနိုင်ငံတို့ကိုလည်း ဖိတ်ကြားခြင်း မရှိပဲ ထိုင်ဝမ်ကို တော့ ဖိတ်ကြားထားပါတယ်။
ထိုင်ဝမ်ကို ဖိတ်ကြားတာနဲ့ ပတ်သက်ပြီး အမေရိကန်ဟာ အမှားအယွင်းလုပ်လိုက်တာဖြစ်တဲ့ အကြောင်းနဲ့ မီးနဲ့ကစားနေတာဖြစ်တယ်လို့ တရုတ်သမ္မတ ရှီကျင်ဖျင်က တုန့်ပြန်ပြောကြားလိုက်ပါတယ်။