close

အာဏာရှင်စနစ်

close

October 25, 2021

အာဏာရှင်စနစ်ကို အမြစ်ဖြတ်ချေမှုန်းသွားမည်ဟု ကေအိုင်အို ခေါင်းဆောင်ပြော

စစ်အာဏာရှင်ကို ဆန့်ကျင်တဲ့ ဘယ်အဖွဲ့အစည်းနဲ့မဆို လက်တွဲပြီး အာဏာရှင်စနစ်ကို အမြစ်ဖြတ်ချေမှုန်းသွားမယ်လို့၏ ကချင်လွတ်မြောက်ရေးအဖွဲ့ (ကေအိုင်အို) ဥက္ကဋ္ဌက ပြောကြားလိုက်ပါတယ်။

အောက်တိုဘာ ၂၅ ရက် ဒီနေ့ ကျရောက်တဲ့ ကချင်လွတ်မြောက်ရေးအဖွဲ့ (ကေအိုင်အို) တည်ထောင်ခြင်း (၆၁) နှစ်ပြည့် အထိမ်းအမှတ်နေ့ မိန်းခွန်းမှာ ကေအိုင်အို ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လက ထည့်သွင်းပြောကြားခဲ့တာ ဖြစ်ပါတယ်။ 

မြန်မာနိုင်ငံ လွတ်လပ်ရေးရကတည်းက အမြစ်တွယ်လာတဲ့ ဗမာလူမျိုးကြီးဝါဒနဲ့ အာဏာရှင်စနစ်ကို အခုအချိန်မှာ မချေမှုန်းနိုင်ဘူးဆိုရင် အနာဂတ်မှာ အမြစ်ဖြတ်နိုင်ဖို့ ပိုမိုခက်ခဲသွားနိုင်တာကို အားလုံးသိနားလည်ဖို့ လိုအပ်တယ်လို့လည်း မိန့်ခွန်းမှာ ပါရှိပါတယ်။ 

ကေအိုင်အိုဟာ ၁၉၄၈ ခုနှစ်ကစတင်ပြီး ပင်လုံကတိကဝတ်ကို အကောင်အထည်ဖော်နိုင်ဖို့ ဖဆပလအစိုးရ၊ အိမ်စောင့်အစိုးရ၊ မဆလအစိုးရတို့နဲ့ အကြိမ်ကြိမ်ဆွေးနွေးညှိနှိုင်းခဲ့ပေမယ့် နိုင်ငံရေးအရတောင်းဆိုမှုကို လက်မခံနိုင်ခဲ့တဲ့အတွက် အဆင်မပြေဖြစ်ခဲ့ရတယ်။

နဝတနဲ့ နအဖလက်ထက်မှာ အပစ်ရပ်ပြီး နိုင်ငံရေးဆွေးနွေးဖို့ တောင်းဆိုခဲ့ပေမဲ့ 'မိမိတို့စစ်အစိုးရဟာ နိုင်ငံရေးဆွေးနွေးဖို့ အခွင့်အာဏာမရှိတဲ့အတွက် လူထုရွေးကောက်တဲ့အစိုးရနဲ့ ညှိနှိုင်းကြပါ' လို့ ပြောဆိုခဲ့သော်လည်း ဦးသိန်းစိန်အစိုးရက 'တစ်နိုင်ငံလုံး ပစ်ခတ်ရပ်စဲရေး' မူဝါဒကို တပ်မတော်ရဲ့ နိုင်ငံရေးစစ်ရေးအသာစီးရယူဖို့ မူဝါဒအဖြစ် အသုံးချခဲ့တာကြောင့် ဆက်လက်ဆွေးနွေးရန် ခက်ခဲသွားစေတယ်လို့ ကေအိုင်အိုခေါင်းဆောင်က ဆိုပါတယ်။

အန်အယ်လ်ဒီအစိုးရလက်ထက်မှာလည်း ပင်လုံကတိကဝတ်ကို အကောင်အထည်ဖော်ဖို့ တောင်းဆိုနိုင်ဖို့ ၂၁ ရာစုပင်လုံညီလာခံတွေကို တက်ရောက်ခဲ့ပေမယ့်လည်း အန်အယ်လ်ဒီ ပါတီခေါင်းဆောင်တွေက အရေးတယူဆွေးနွေးမှု မပြုလုပ်ခဲ့ဘဲ ပါတီနဲ့ တပ်မတော်ခေါင်းဆောင်တို့ရဲ့ အမိန့်ပေးတဲ့ မိန့်ခွန်းတွေကိုသာ နားထောင်ခဲ့ရတယ်လို့ ရေးသားဖော်ပြထားပါတယ်။

အခုအချိန်မှာတော့ ကေအိုင်အိုဟာ ဓမ္မဘက်မှာ ရပ်တည်ပြီး စစ်အာဏာရှင်စနစ် အမြတ်ပြတ်သွားအောင် ကြိုးပမ်းဆောင်ရွက်သွားမှာ ဖြစ်သလို ပြည်သူတွေအနေနဲ့လည်း ဓမ္မနဲ့ အဓမ္မ ဘက်ကို သေချာရွေးချယ် ရပ်တည်ဖို့ လိုအပ်ပြီး အဓမ္မဘက်ရပ်တည်သူတွေကို စစ်အာဏာရှင်စနစ် ထောက်ခံသူတွေ အဖြစ်သတ်မှတ်သွားမယ်လို့ ဆိုပါတယ်။

ကချင်လွတ်မြောက်ရေးအဖွဲ့ (ကေအိုင်အို) ကို ၁၉၆၀ ပြည့်နှစ်  အောက်တိုဘာလ ၂၅ ရက်နေ့မှာ စတင်ဖွဲ့စည်းတည်ထောင်ခဲ့ပြီး ကချင်လွတ်မြောက်ရေးတပ် (ကေအိုင်အေ) ကို ၁၉၆၁ ခုနှစ် ဖေဖော်ဝါရီ ၅ ရက်နေ့မှာ အင်အား ၁၀၀ လောက်နဲ့  စတင်ခဲ့တာ ဖြစ်ပါတယ်။

6 mins Ago

May 3, 2021

ဟင်္သာတကွန်ပျုတာတက္ကသိုလ် နောက်ဆုံးနှစ် ကျောင်းသားများ အာဏာရှင်စနစ်အပြီးချုပ်ငြိမ်းမှ ပညာသင်မည်

အာဏာရှင်စနစ်အပြီးချုပ်ငြိမ်းမှ ပညာသင်ကြားမယ်လို့ ဟင်္သာတကွန်ပျုတာတက္ကသိုလ် နောက်ဆုံးနှစ်ကျောင်းသား ၉၀ ရာနှုန်းကျော်က ထုတ်ပြန်ကြေညာပါတယ်။

ကွန်ပျူတာတက္ကသိုလ်ပဉ္စမနှစ်ကွန်ပျုတာသိပ္ပံမေဂျာ ၅၁ ဦးနဲ့ ကွန်ပျုတာနည်းပညာက ၁၀ ဦး အကြမ်းဖက်စစ်အာဏာရှင်စနစ် အပြီးတိုင်မကျဆုံး‌သေးသရွေ့ နောက်ဆုံးနှစ်သင်တန်းအား ပြန်လည်တက်ရောက်မည်မဟုတ်ကြောင်း မေ ၂ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့တာပါ။

“ကျွန်ုပ်တို့သည် အာဏာသိမ်း စစ်ကောင်စီ၏လက်အောက်တွင် ကျောင်းပြန်တက်မည် မဟုတ်ဘဲ အာဏာရှင်စနစ်ချုပ်ငြိမ်းသွားသည်အထိ ဆန်ကျင့်သွားမည်။”

စစ်ကောင်စီ ဖွင့်လှစ်မည် အတန်းတွေကို မတက်ရောက်ဖို့ ပုသိမ်တက္ကသိုလ် ဘာသာရပ်ပေါင်းစုံ သပိတ်ကလည်း ထုတ်ပြန်ကြေညာထားပြီး တက်ရောက်တဲ့ ကျောင်းသားတွေအား သစ္စာဖောက်လောက်ကောင်တွေအဖြစ် သတ်မှတ်မယ်လို့ မေလ ၃ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

6 months Ago
Up