close

အာဏာရှင်ဆန့်ကျင်ရေး

close

February 3, 2023

ထိုင်းတွင် အာဏာရှင်ဆန့်ကျင်ရေး ထောင်တွင်းအစာငတ်ခံဆန္ဒပြသည့် ကျောင်းသူ ၂ ဦး ကျန်းမာရေး ဆုတ်ယုတ်

ထိုင်းနိုင်ငံမှာ အာဏာရှင်ဆန့်ကျင်ရေးနဲ့ တရားမျှတမှုအတွက် အကျဉ်းထောင်ထဲကနေ အစာငတ်ခံ ဆန္ဒပြနေတဲ့ မိန်းကလေး ၂ ဦးဟာ ကျန်းမာရေး ဆုတ်ယုတ်နေတယ်လို့ The Voice TV သတင်းမှာ ဖော်ပြပါတယ်။

တဝမ်း ထန်းတဝမ်းနဲ့ ဘဲမ်း အောရဝမ်းဆိုသူ မိန်းကလေးနှစ်ဦးဟာ ဆန္ဒပြဦးဆောင်မှုနဲ့  ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၆ ရက်မှာ အဖမ်းခံရပြီး ၁၉ ရက်နေ့ကစ အစာနဲ့ရေပါ အငတ်ခံ ဆန္ဒပြခဲ့ပါတယ်။ နှစ်ပတ်ကျော် အစာငတ်ခံ ဆန္ဒပြမှုကြောင့် ကျန်းမာရေးဆုတ်ယုတ်လာလို့ အကျဉ်းထောင်ဆေးရုံကနေ ထမဆတ်ဆေးရုံကြီးကို လွှဲပြောင်းကုသပေးနေရတာပါ။

အုပ်ထိန်းသူမိဘနဲ့ ဆန္ဒပြအဖွဲ့တွေရဲ့ တောင်းဆိုမှုကြောင့် ပြီးခဲ့တဲ့ရက်ပိုင်းက ရေပြန်သောက်လာပေမဲ့ ကျန်းမာရေးဆုတ်ယုတ်နေတယ်လို့ ထိုင်းလူ့အခွင့်အရေးဆိုင်ရာ ရှေ့နေများအသင်းက မနေ့ည ၇ နာရီမှာ ထုတ်ပြန်ပါတယ်။

ရှေ့နေအသင်းကိုယ်စားလှယ်က သူတို့နှစ်ဦးကို မနေ့ညနေပိုင်းက ထမဆတ်ဆေးရုံမှာ သွားရောက်အားပေး ကြည့်ရှုခဲ့ပြီး အခုလိုထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

ဘဲမ်းရဲ့အခြေအနေမှာ ကြွက်သားတွေတောင့်တင်းပြီး အားပျော့နေကြောင်း၊ ခန္ဓာကိုယ် နုံးခွေနေပြီး လျှာနဲ့ပါးစပ် ပူစပ်ပူလောင်ဖြစ်ကာ ဗိုက်ထဲမှာ ခနခန လေတွေထိုးနေတယ်လို့ ဆိုပါတယ်။ ရေသောက်ပေမဲ့ မသက်သာကြောင်း၊ ဆရာဝန်က ဆေးစစ်ထားပြီး အဖြေမသိရသေးဘူးလို့ ဆိုပါတယ်။

တဝမ်းရဲ့ အခြေအနေမှာ သွေးပေါင်ချိန်ကျပြီး သကြားဓာတ်လျော့နည်းနေတာ ၃ ရက်ရှိပြီ ဖြစ်ကြောင်း၊ သွားကြားထဲက သွေးတွေယိုစိမ့်နေပြီး အိပ်မပျော်တာ၊ ဗိုက်နာတာ၊ လှုပ်ရှားလိုက်တိုင်း ရင်ဘတ်နာတာ၊ မျက်လုံးတွေဝေဝါးပြီး အရာဝတ္ထုတွေကို မီးခိုးရောင်အဖြစ် မြင်ရခြင်း စတဲ့လက္ခဏာတွေ ရှိနေတယ်လို့ ဆိုပါတယ်။

သူတို့နှစ်ဦး ကျန်းမာရေးအခြေအနေ ဆုတ်ယုတ်ပေမဲ့ စိတ်ဓာတ်ကြံ့ခိုင်ဆဲဖြစ်ကြောင်း၊ တုံ့ပြန်စကားပြောဆိုနိုင်ပြီး တခြားနိုင်ငံရေးအကျဉ်းသားတွေ လွတ်ပြီလား၊ အပြင်ကလူတွေ ဆက်လက်တိုက်ပွဲဝင်နေမယ်လို့ ယုံကြည်ကြောင်း ပြောတယ်လို့ ဆိုပါတယ်။

သူတို့နှစ်ဦး ခုလိုဆန္ဒပြနေတာနဲ့ ပတ်သက်လို့ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီဆိုင်ရာ အဖွဲ့အစည်း ၈ ခုကလည်း မနေ့က ဒီမိုကရေစီဖောင်ဒေးရှင်းတခုမှာ ဆွေးနွေးပွဲ စကားဝိုင်းကျင်းပပြီး ဗဟိုတရားရုံးကို ချီတက်လမ်းလျှောက်လာကာ မိန်းကလေး ၂ ဦးဘက်က ရပ်တည်ကြောင်းနဲ့ ဖမ်းဆီးခံ နိုင်ငံရေးအကျဉ်းသားတွေ ပြန်လွှတ်ပေးဖို့ အပါအဝင် သူတို့တောင်းဆိုချက် ၃ ရပ်ကို လိုက်လျောဖို့ တောင်းဆိုခဲ့ပါတယ်။

အလားတူ တက္ကသိုလ်ပေါင်း ၈ ခုမှ ကျောင်းသားများအဖွဲ့အစည်း ၁၁ ဖွဲ့ကလည်း ရာ့ချ်ဒါးဖိဆစ် တရားရုံးရှေ့မှာ လာရောက်စုရုံးကာ ၁၁၂ မိနစ် (၂ နာရီခန့်) ကြာ မတ်တပ်ရပ် ဆန္ဒပြပြီး နိုင်ငံရေးအကျဉ်းသားများလွှတ်ပေးရေး၊ လွတ်လပ်ပြီး တရားမျှတတဲ့ တရားစီရင်ရေး စတဲ့ အချက် ၄ ချက်ပါ တောင်းဆိုစာကို တရားသူကြီးထံ လိပ်မူ ပေးအပ်ခဲ့ပါတယ်။

တဝမ်း ထန်းတဝမ်းနဲ့ ဘဲမ်း အောရဝမ်းတို့ နှစ်ဦးဟာ လူ့အခွင့်အရေးကို အခြေခံတဲ့ တရားစီရင်ရေး၊ အာဏာရှင်တွေ ဝင်မစွက်တဲ့ လွတ်လပ်သည့် ပြည်သူ့တရားစီရင်ရေးအဖြစ် ပြောင်းလဲရေး၊ နိုင်ငံသားအခွင့်အရေးအရ လွတ်လပ်စွာ ထုတ်ဖော်ပြောဆို စုဝေးနေတဲ့ ပြည်သူတွေကို ဖမ်းဆီးနှိပ်ကွပ် တရားစွဲမှု ရပ်တံ့ရေး၊  နိုင်ငံရေးပါတီတိုင်း ပုဒ်မ ၁၁၂ နဲ့ ၁၁၆ ရုပ်သိမ်းရေးမှာ ပူးပေါင်းပါဝင်ဆောင်ရွက်ဖို့ တောင်းဆိုထားတာ ဖြစ်ပါတယ်။

4 mins Ago

February 4, 2021

အာဏာရှင်ဆန့်ကျင်ရေး နိုင်ငံ့ဝန်ထမ်း၊ ပြည်သူ့ဝန်ထမ်း အားလုံးပါဝင်ကြရန် တိုက်တွန်း

အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုမှာ နိုင်ငံ့ဝန်ထမ်း၊ ပြည်သူ့ဝန်ထမ်းအားလုံး ပါဝင်လာကြဖို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးဇေယျာသော်က တိုက်တွန်းလိုက်ပါတယ်။

"ဒီကနေ့မှာ အစိုးရယန္တရားကြီးထဲမှာ ရှိနေကြတဲ့ ပြည်သူ့ဝန်ထမ်းတွေ၊ နိုင်ငံဝန်ထမ်းတွေ၊ ပြီးတော့ လေကြောင်းလိုင်းက လေယာဉ်မောင်မယ်တွေ၊ တက္ကသိုလ်ကျောင်းသူကျောင်းသားတွေနဲ့ ဆရာဆရာမတွေ တခဲနက် ပူးပေါင်းပါဝင်လာကြတာက ကျနော်တို့အတွက် အားတရပ်ပါပဲ။ နောက်ထပ်နောက်ထပ် နိုင်ငံဝန်ထမ်းတွေ၊ ပြည်သူ့ဝန်ထမ်းတွေ အားလုံးလည်း ပူးပေါင်းပါဝင်လာကြပါလို့ တိုက်တွန်းနှိုးဆော်ပါတယ်။"

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရာမှာ ဘယ်သူတွေက ဘယ်လိုပုံစံမျိုး ဆန့်ကျင်တယ်ဆိုတာထက် ရင်ထဲဆန္ဒရှိတဲ့အတိုင်း ဖော်ထုတ်ပြသဖို့နဲ့ ရင်ထဲကလာတဲ့ ဆန္ဒကသာ အင်အားဖြစ်စေတယ်လို့ ဆိုပါတယ်။

အာဏာသိမ်းမှုကို လက်မခံဘဲ လွှတ်တော်ခေါ်ယူမှုကို ထောက်ခံကြိုဆိုပြီး အဲဒီက ရလာမယ့် အကျိုးဆက်တွေကိုလည်း ပြည်သူတွေ ဝန်းရံထောက်ခံကြဖို့ ဦးဖြိုးဇေယျာသော်က တိုက်တွန်းပါတယ်။

ဒါ့အပြင် မန္တလေးဆေးတက္ကသိုလ်ရှေ့မှာ ဆန့်ကျင်ဆန္ဒပြသွားခဲ့ကြတဲ့သူတွေက ပြည်သူအစစ်အမှန်တွေဖြစ်ပြီး ပြည်သူ့ဆန္ဒအမှန်တွေကို ထုတ်‌ဖော်ပြသသွားတဲ့သူတွေဆိုတာ အာမခံတယ်လို့ဆိုပါတယ်။

2 years Ago
Up