ဗြိတိန် ကွန်ဆာဗေးတစ်ပါတီခေါင်းဆောင်ဟောင်း အီယန်ဒန်ကန်စမစ်သ်က တရုတ်အစိုးရကို ရက်စက်ကြမ်းကြုတ်ပြီး အာဏာရှင်ဆန်တဲ့ အစိုးရလို့ ဇန်နဝါရီ ၁၆ ရက်က ခေါ်ဝေါ်သုံးနှုန်း ဝေဖန်လိုက်ပါတယ်။
ဗြိတိန်လွှတ်တော်အမတ်တွေကို မလျော်ဩဇာသုံးဖို့ အမျိုးသမီးတယောက်ကို အလုပ်ခန့်ထားတဲ့ တရုတ်ကွန်မြူနစ်ပါတီအကြောင်း ဗြိတိန် ပြည်တွင်းထောက်လှမ်းရေးဌာန MI5 က လွှတ်တော် အမတ်တွေကို သတိပေးခဲ့အပြီး ခုလို ပြောလိုက်တာပါ။
စကိုင်းနယူးစ်သတင်းဌာနရဲ့ အစီအစဉ်တင်ဆက်သူ ထရီဗာဖီးလစ်ပ်စ်နဲ့ လူတွေ့မေးမြန်းခန်း အတွင်း ဗြိတိန် တရုတ် ဆက်ဆံရေးကိုလည်း ဒန်ကန်က မေးခွန်းထုတ်လိုက်ပါတယ်။
“တရုတ်နဲ့ပတ်သက်ရင် ကျနော်တို့ ဘယ်နားမှာလဲ ဆိုတာ တွက်ထုတ်ဖို့လိုပြီ။ သူတို့နဲ့ ဆက်ဆံရေး ရှိသလား၊ ဒါမှမဟုတ် သူတို့ကို ခြိမ်းခြောက်မှုအဖြစ် ရှုမြင်လားဆိုတာကိုပေါ့”လို့ သူက ပြောပါတယ်။
MI5 ဟာ ခရစ္စတင်းလီလို့ ခေါ်တဲ့ အမျိုးသမီးရဲ့ ဓာတ်ပုံကို ဇန်နဝါရီ ၁၃ ရက်က ထုတ်ပြန်ခဲ့ပြီး သူဟာ တရုတ်ကွန်မြူနစ်ပါတီကိုယ်စား ဗြိတိန်နိုင်ငံထဲမှာ နိုင်ငံရေး နှောင့်ယှက်တဲ့ လုပ်ရပ်တွေမှာ ပါဝင်ပတ်သက်နေတယ်လို့ စွပ်စွဲထားပါတယ်။
လွှတ်တော်ဥက္ကဋ္ဌ လင်ဆေးဟွိုင်လေက MI5 ရဲ့ တပ်လှန့်ချက်ကို ဖြန့်ဝေပေးခဲ့ပြီး လီဟာ ဟောင်ကောင်နဲ့ တရုတ်ပြည်မကြီးမှာ အခြေစိုက်တဲ့ နိုင်ငံခြားသားတွေကိုယ်စား လွှတ်တော်အမတ်တွေကို ဘဏ္ဍာရေးအလှူတွေ ပံ့ပိုးနေတာကို MI5 က တွေ့ထားတယ်လို့ ပြောပါတယ်။
တရုတ်ရဲ့ အပြုအမူကို ရှုတ်ချဖို့ နိုင်ငံတွေက သတိကြီးကြီးထားနေကြပြီး ဒါဟာ ပင်လယ်ထဲ မျောနေတဲ့ ရေခဲတောင်ရဲ့ ထိပ်ဖျားပဲ ရှိသေးတယ်လို့လည်း ဒန်ကန်က ပြောပါတယ်။