အာဏာသိမ်း ၁ နှစ်ခွဲနီးပါးအကြာမှာ မြန်မာနိုင်ငံတဝန်း အမျိုးသမီး ၂၄၁ ဦး သေဆုံးခဲ့ရပြီး ၂၄၀၀ နီးပါး ဖမ်းဆီးထိန်းသိမ်းခံရတယ်လို့ မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) ကထုတ်ပြန်ပါတယ်။
စစ်အာဏာသိမ်းတဲ့ ၂၀၂၁ ခု ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ ၂၀၂၂ ဇူလိုင် ၃၁ ရက်နေ့အထိ ဖမ်းဆီးထိန်းသိမ်းခံရတဲ့ အမျိုးသမီး ၂၃၇၂ ဦးနဲ့ သေဆုံးသွားတဲ့ အမျိုးသမီး ၂၄၁ ဦး ရှိကြောင်း BWU ရဲ့ အချက်အလက်တွေအရ ဖော်ပြထားပါတယ်။
ဖမ်းဆီးထိန်းသိမ်းခံရတဲ့သူတွေထဲက ၁၉၄ ဦးဟာလည်း ပြစ်ဒဏ်အသီသီး ချမှတ်ခံထားရပြီး ဖြစ်သလို စီရင်ချက်ချခံရသူတွေထဲမှာ အမြင့်ဆုံး သေဒဏ်ချမှတ်ခံရသူ ၉ ဦး၊ ထောင်ဒဏ်တသက်တကျွန်းချခံရသူ ၈ ဦးနဲ့ ထောင်ဒဏ် ၉ နှစ်အထက် ချမှတ်ခံရသူ ၃၀ ရှိကြောင်းလည်း ဖော်ပြထားပါတယ်။
ဒီအရေအတွက်တွေဟာ မြန်မာ့အမျိုးသမီးသမဂ္ဂ နဲ့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) တို့ ကောက်ယူထားတဲ့ အချက်အလက်ဖြစ်ပြီး ဒီထက်များနိုင်တယ်လို့ မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) ရဲ့ တွဲဖက်အတွင်းရေးမှူး ဇူဇူးက ပြောပါတယ်။
“ကျမတို့ရရှိတဲ့ သတင်းအချက်အလက်အရ၊ ကျမတို့စုဆောင်းတဲ့သတင်းအချက်အလက်တွေအရ တနိုင်ငံလုံး အတိုင်းအတာ နဲ့ နံပါတ်ဖြစ်တယ်။ သို့သော်လည်း ကျမတို့ ယုံကြည်တာက ဒီလိုမျိုး အခက်အခဲကာလာမှာ အခက်အခဲဆိုတာက ဒီတော်လှန်ရေးကာလ၊ တိုင်းပွဲတွေပြင်းထန်တဲ့ ကာလဆိုတော့ တကယ့်မြေပြင်အချက်အလက်မှာ ဒီထက်ပိုများတဲ့နံပါတ်တွေ၊ ဖမ်းဆီးထိန်းသိမ်းခံရလို့ ခံရမှန်းမသိ၊ သေဆုံးလို့ သေဆုံးမှန်းမသိတဲ့ ဒီထက်ပိုပြီး အချက်အလက်မရဘဲနဲ့ ဝေးကွာတဲ့ နံပါတ်အရေးအတွက်ကတော့ တကယ့်မြေပြင်မှာ ဒီထက်ပိုပြီးတော့ များမယ်လို့ ကျမတို့ BWU အနေနဲ့ ယုံကြည်လက်ခံတယ်ပေါ့နော်။”
ဒါ့အပြင် သေဆုံးသွားတဲ့အမျိုးသမီး ၂၄၁ ယောက်ဟာလည်း စစ်အာဏာရှင်ကို ဆန့်ကျင်တော်လှန်တဲ့ လှုပ်ရှားမှုမှာပါဝင်ရင်း ပုံစံမျိုးစုံနဲ့ သေဆုံးသွားတာလို့ ဆိုပါတယ်။
“သေဆုံးတဲ့လူတွေကတော့ ဒီအကြမ်းဖက်အာဏရှင်ကို ဆန့်ကျင်တော်လှန်တဲ့နေရာမှာ ပုံစံမျိုးစုံနဲ့၊ တိုက်ပွဲပါဝင်ပြီး သေဆုံးတဲ့ စုစုပေါင်း အမျိုးသမီးဦးရေ ဖြစ်တယ်ပေါ့နော်။ သပိတ်တွေ ရှေ့ဆောင်ဦးဆောင်ပါဝင်ခဲ့တဲ့သူတွေ စစ်တပ်ရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးသွားတဲ့သူတွေ၊ နောက်တခုက စစ်ကြောရေးမှာ အကြမ်းဖက်ခံရပြီးတော့ ထောင်တွင်းသေဆုံးသွားတဲ့သူတွေ၊ ဒါမျိုးတွေပေါ့နော်။ ဒီနံပါတ်အရေအတွက်တွေကို ကျမတို့ဖော်ပြသွားတာဖြစ်တယ်။ ဒါကလည်း အရှေ့မှာ ကျမပြောသလို ဖမ်းဆီးထိန်းသိမ်းခံရတဲ့လူတွေလိုပဲ မြေပြင်အချက်အလက်က ဒီထက်ပိုများနိုင်တယ်ဆိုတဲ့ဟာတော့ ကျမတို့အနေနဲ့ ယုံကြည်လက်ခံတယ်ပေါ့နော်။”
စစ်ကောင်စီတပ်တွေ အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှုတွေကြောင့် နိုင်ငံတဝန်း အပြစ်မဲ့ကျဆုံးပြည်သူ ၂,၁၄၂ ယောက်နဲ့ ဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း ၁၄,၉၅၆ ယောက်ထိ ရှိကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ပါတယ်။
ဒီစာရင်းဟာ စစ်တပ်အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၂ ခုနှစ်၊ ဩဂုတ် ၁ ရက်အထိ အေအေပီပီက ကောက်ယူမှတ်တမ်း ပြုစုထားတာဖြစ်ပြီး အမှန်တကယ် ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြပါတယ်။
နွေဦးတော်လှန်ရေးကာလအတွင်း ဒီနေ့အထိ ၁၁,၈၅၉ ယောက် လက်ရှိ ချုပ်နှောင်ခံထားရဆဲဖြစ်ပြီး အဲဒီထဲက ၁,၃၆၄ ယောက်ကတော့ ထောင်ဒဏ် ချမှတ်ခံထားရကြောင်း အေအေပီပီက ထုတ်ပြန်ထားပါတယ်။
နာမည်ကြီး အဆိုတော် ကျားပေါက်နဲ့ တကိုယ်တော် ပရဟိတသမားများကွန်ရက်မှ ခင်နှင်းကြည်သာတို့ အပါအဝင် လူငယ်တွေ ဆွေးနွေးသွားကြမယ့် စစ်အာဏာသိမ်းကာလအတွင်း ကိုဗစ်-၁၉ ကပ်ရောဂါဆိုင်ရာ ဆွေးနွေးပွဲတခုကို ကျင်းပသွားဖို့ ရှိနေပါတယ်။
“Defeating COVID, Amidst Coup” ခေါင်းစဉ်နဲ့ ဒီဆွေးနွေးပွဲမှာတော့ လက်ရှိ ကို ဗစ်ကပ်ရောဂါကို အဆိုးဆုံးအခြေအနေထိရောက်အောင် ဘယ်အရာတွေက တွန်းပို့နေတာလဲ၊ ကိုဗစ်-၁၉ ကြောင့် စိတ်ဓါတ်ကျစရာတွေကို အောင်မြင်စွာ တွန်းလှန်ကျော်လွှားပြီး အသက်ရှင်ကျန်နေထိုင်ဖို့ ဘယ်လိုခွန်အားတွေနဲ့ ရှေ့ဆက်ကြမလဲစတာတွေကို တိုက်ရိုက်လိုက်ဖ်အနေနဲ့ ဆွေးနွေးသွားကြမှာလို့ ဆိုပါတယ်။
ဇူလိုင် ၁၈ ရက်မှာ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်ပေါ်ကတဆင့် Virtual Live အနေနဲ့ ကျင်းပမယ့် ဒီဆွေးနွေးပွဲမှာတော့ ကျားပေါက်၊ ခင်နှင်းကြည်သာတို့နဲ့အတူ ဒေါက်တာ ဖြိုးသီဟ၊ ဒေါက်တာ ဖြူဖြူသင်းဇော်၊ မဖြူပန်းနုခင်တို့ကလည်း ပါဝင်ဆွေးနွေးသွားကြမှာပါ။
လတ်တလောမှာတော့ မြန်မာပြည်သူတွေဟာ စစ်ကောင်စီရဲ့ မတရားအကြမ်းဖက်မှုတွေကို ထိခိုက်ခံစားနေရချိန်နဲ့ တပြိုင်နက်တည်းမှာပဲ ကိုဗစ် အန္တရာယ်ကိုပါ ပြင်းပြင်းထန်ထန် ခုခံနေကြရပါတယ်။
တဖြည်းဖြည်း ပိုမိုဆိုးဝါးလာပြီး ကူကယ်ရာမဲ့ဖြစ်နေတဲ့အခြေအနေမှာ သမိုင်းတွင်မယ့် အန္တရာယ်ကြီး ၂ ခု ရန်ကို တွန်းလှန်နေတဲ့ ပြည်သူတွေအတွက် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ခွန်အားတွေရနိုင်စေဖို့ ရည်ရွယ်ချက်နဲ့ ဒီဆွေးနွေးပွဲကိုတော့ CRPH - OFP Fundraising Program အဖွဲ့ သားတွေနဲ့ We Pledge CDM တို့က ပူးပေါင်းစီစဉ်တာ ဖြစ်ပါတယ်။