ပြီးခဲ့တဲ့ အစိုးရလက်ထက်မှာ ထုတ်ကုန်နည်းပါးပြီး သွင်းကုန်တွေများပြားတာကြောင့် ကုန်သွယ်မှုလိုငွေတွေ ဖြစ်ပေါ်ခဲ့ကာ ကုန်ဈေးနှုန်းတွေလည်း မြင့်တက်လာရတယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင်က ဝေဖန်ပြောဆိုလိုက်ပါတယ်။
နေပြည်တော်မှာ ဖေဖော်ဝါရီ ၂၃ ရက်က ပြုလုပ်ခဲ့တဲ့ စစ်ကောင်စီ အစည်းအဝေးမှာ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သူ့လက်အောက်ခံတွေနဲ့ တွေ့ဆုံခဲ့ပြီး ကုန်ဈေးနှုန်း မြင့်တက်ရခြင်းမှာ အရင်အစိုးရလက်ထက်က ထုတ်ကုန်နည်းပါးပြီး သွင်းကုန်တွေ များပြားတာကြောင့် ကုန်သွယ်မှုလိုငွေတွေ ဖြစ်ပေါ်ခဲ့တာလို့ ဆိုပါတယ်။
ဒါပေမဲ့ စစ်ခေါင်းဆောင်ရဲ့ ယူဆချက်ဟာ ကျိုးကြောင်းမှန်ကန်မှု မရှိတဲ့အကြောင်း သုတေသီတွေက တုံ့ပြန် ထောက်ပြထားပါတယ်။
မက္ကရိုဘောဂဗေဒပညာရှင်တဦးက “ဖွံ့ဖြိုးဆဲနိုင်ငံမှာ သွင်းကုန်ကများမယ်၊ ပို့ကုန်က နည်းမယ်၊ ဒါက သဘာဝပဲ။ ဒါပေမဲ့ သူ့မှာ သတ်မှတ်ထားတဲ့ဟာ ရှိတယ်။ ဘာလဲဆိုရင် ကုန်သွယ်ရေးနဲ့ပတ်သက်ပြီး လိုငွေပြတာက တိုင်းပြည်ရဲ့ ဂျီဒီပီ ၅ ရာခိုင်နှုန်းထက် မကျော်ရဘူး။ အဲဒီသတ်မှတ်ထားတဲ့ ရာခိုင်နှုန်းထက် မကျော်ရင် တိုင်းပြည်စီးပွားရေးဟာ အန္တရာယ်မရှိဘူး။ ပြီးတော့ သူတို့တွက်သလို ကုန်သွယ်မှုစာရင်း တခုတည်းနဲ့ ကြည့်လို့မရဘူး။ Balance Of Payment (BOP) လို့ခေါ်တဲ့ သာမန်စာရင်းနဲ့ ငွေလုံးငွေရင်း စာရင်းကို ကြည့်ပြီး တွက်ရတာ” လို့ ဒီဗွီဘီကို ပြောပါတယ်။
သာမန်စာရင်းဆိုတာက ကုန်သွယ်ရေးစာရင်းဖြစ်ပြီး ဖွံ့ဖြိုးဆဲတိုင်းပြည်တွေဟာ များသောအားဖြင့် ကုန်သွယ်မှုလိုငွေ အနုတ်လက္ခဏာ ပြပါတယ်။ ဒါပေမဲ့ ငွေလုံးငွေရင်း စာရင်းထဲမှာ ပြည်ပကဝင်ရောက်လာတဲ့ FDI နဲ့ ODA တွေ ဝင်လာတဲ့အခါ အပေါင်းလက္ခဏာ အသွင်ရှိလာပါတယ်။
“ဒါကြောင့် ဒီစာရင်းနှစ်ခုမှာ သာမန်စာရင်းက နည်းပြီး ငွေလုံးငွေရင်းစာရင်းက များနေတယ်ဆိုရင် အပေါင်းလက္ခဏာပေါ့။ ဒါမှမဟုတ် ငွေလုံးငွေရင်းစာရင်းက နည်းနေပြီး သာမန်စာရင်းက များနေရင် BOP မှာ အနုတ်လက္ခဏာ ပြတယ်။ ဒါပေမဲ့ အဲဒါလည်း တိုင်းပြည်ရဲ့ ဂျီဒီပီ ၅ ရာခိုင်နှုန်း မကျော်ရင် ရတယ်။ NLD အစိုးရလက်ထက်မှာ တိုင်းပြည်က ပုံရိပ်ကောင်းတဲ့အတွက် ငွေလုံးငွေရင်းစာရင်းထဲမှာ FDI နဲ့ ODA နှစ်ခုစလုံးဝင်လာလို့ အပေါင်းလက္ခဏာ ရှိခဲ့တယ်။ ဒါပေမဲ့ စစ်ကောင်စီလက်ထက်မှာ ပုံရိပ်မကောင်းလို့ အနုတ်လက္ခဏာ ရှိနေတာလေ။ ဒီတော့ တိုင်းပြည်စီးပွားရေး ကျဆင်းရတာ ဘယ်သူ့ကြောင့်လဲဆိုတာ ရှင်းရှင်းလင်းလင်းပါ။”
ဒါပေမဲ့ အကြမ်းဖက်စစ်ခေါင်းဆောင်ကတော့ လက်ရှိအခြေအနေကို မျက်ကွယ်ပြုထားပြီး နိုင်ငံ့ဝင်ငွေ တိုးတက်စေရေးအတွက် ဆိုကာ ပြည်တွင်းကုန်ထုတ်လုပ်မှုကဏ္ဍ တိုးတက်ရေးကို အားပေးဆောင်ရွက်နေကြောင်းနဲ့ ဒါမှသာ ကုန်ဈေးနှုန်းလည်း ကျဆင်းလာမယ်လို့ ယူဆထားတဲ့အပေါ် မေးစရာ ရှိလာပါတယ်။
စီးပွားရေးသုတေသီတဦးက “သူတို့ အခုလုပ်နေတာက သွင်းကုန်အစားထိုး ပေါ်လစီပေါ့ဗျာ။ ဒါပေမဲ့ သူ့စက်ရုံက အခုမှ ဆောက်တုန်းလေ။ ပိုဆိုးတာက လျှပ်စစ်မီးက မမှန်နဲ့ဆိုတော့ အဲဒီစက်ရုံကနေ သွင်းကုန်အစားထိုး လုပ်နိုင်ဖို့က နောက် ၅ နှစ် ကြာရင်ကြာဦးမယ်။ ၁၀ နှစ် ကြာရင် ကြာဦးမယ်။ ဒါပေမဲ့ လောလောဆယ်လိုတဲ့ ပစ္စည်းကို ဘယ်သူက ထုတ်ပေးမှာလဲ။ ပြည်ပက မသွင်းဘူးဆိုရင် အဲဒီ သွင်းကုန်အစားထိုးအတွက် မြန်မာပြည်မှာ ဘာပစ္စည်းရှိလဲ။ ဘာမှမရှိဘူး။ အကုန်လုံး ပြည်ပကနေ သွင်းနေရတာ။ အဲ့ဒါကို ပိတ်လိုက်တော့ အဲဒီ ကုန်ပစ္စည်းတွေက ရှားပါးလာတယ်။ တခါ ကုန်သည်ကတော့ မသွင်းရဘူးဆိုရင်လည်း မှောင်ခိုကနေ သွင်းမှာပဲ။ မှောင်ခိုကနေ သွင်းရတဲ့အတွက် ဒီပစ္စည်းက ရှိသင့်ရှိထိုက်တဲ့ ဈေးနှုန်းထက် ဈေးကြီးသွားတယ်။ ဒါကို ဘယ်သူခံရလဲ။ ပြည်သူပဲခံရတာ။ ဈေးကွက်စီးပွားရေးဆိုတာ ဝယ်လိုအားနဲ့ ရောင်းလိုအားပေါ်မူတည်ပြီး သူ့ဘာသာ ဈေးကြီးရင်ကြီးမယ်။ အဲ့ဒါကို အတင်းအဓမ္မ ဝင်ရောက်စွက်ဖက်ပြီး ကုန်သွယ်ရေးမှာ လိုငွေပြလို့ လျှော့ပါဆိုပြီး လုပ်တော့ ပြည်တွင်းမှာ ကုန်ပစ္စည်းပြတ်လပ်မှုနဲ့ ကြုံလာတယ်။ နောက်ဆုံး ကုန်ဈေးနှုန်း ကြီးမြင့်လာတယ်။ အဲ့ဒါက ဘယ်သူ့ကြောင့်ဖြစ်တာလဲ။ သူတို့ကြောင့် မဟုတ်ဘူးလား” လို့ ဒီဗွီဘီကို ပြောပါတယ်။
လက်ရှိမှာဆိုရင်လည်း မြန်မာပြည်တွင်းမှာ အခြေခံကုန်ဈေးနှုန်းတွေ စံချိန်တင်မြင့်တက်နေပေမဲ့ ရရှိတဲ့လစာက ပြောင်းလဲမှုမရှိတာကြောင့် အနေဆင်းရဲ၊ အစားဆင်းရဲနဲ့ ဘဝကို ဖြတ်သန်းနေရတယ်လို့ လခစားဝန်ထမ်းတွေက ဆိုပါတယ်။
အခြေခံလစာ ၃ သိန်းဝန်းကျင်သာ ရရှိတဲ့ ကုမ္ပဏီဝန်ထမ်းတဦးက “အရင်က အသင့်ဖျော် ကော်ဖီတထုပ်ကို ၁,၀၀၀ ဖိုးဝယ်ရင် ၁၁ ထုပ်ရတယ်။ အခုတော့ ၁,၀၀၀ ဖိုး ဝယ်ရင် ၄ ထုပ်ပဲ ရတယ်။ ဘယ်လောက်ကွာသွားလဲ၊ အဲဒီမှာသာကြည့်။ အဲဒီ့တော့ ကော်ဖီတထုပ်ကို နှစ်ခါခွဲပြီး သောက်နေရတယ်။ ဆိုင်မှာ လက်ဖက်ရည်သောက်ဖို့က တခွက်ကို ၁,၀၀၀ ဆိုတော့ မတတ်နိုင်ဘူး။ ဘဲဥ၊ ကြက်ဥ ဆိုရင်လည်း ဘဲဥက တလုံး ၃၅၀ နဲ့ ၄၀၀ ကျပ်ရှိပြီး ကြက်ဥက တလုံး ၂၅၀ နဲ့ ၃၀၀ ကျပ်ရှိတယ်။ ဟင်းသီးဟင်းရွက်ထဲမှာဆို ဘာအရွက်ဝယ်ဝယ် အနည်းဆုံးက ၃၀၀ ကျပ် ပေးရတယ်။ အခုကာလက ဘဲဥ၊ ကြက်ဥ စားပြီး ချွေတာဖို့တောင် အနိုင်နိုင်။ ဘာလို့ဆို ဆီဈေး ဆန်ဈေးတွေက အရင်ထက် နှစ်ဆ တက်သွားတာလေ။ ကုန်ဈေးနှုန်းကသာ အခုလိုတက်လာတာ၊ ရတဲ့ လစာက တက်တာမဟုတ်ဘူး” လို့ ဒီဗွီဘီကို ပြောပါတယ်။
အာဏာသိမ်းစစ်ခေါင်းဆောင်က ပြည်သူတွေရဲ့ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်ပေးဖို့နဲ့ အဲဒီလို လုပ်ဆောင်ရာမှာလည်း ပြည်သူတွေရဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေကို ဖော်ဆောင်ပေးခြင်းဖြင့် တိုင်းပြည်ရဲ့ စီးပွားရေးဟာ ဖွံ့ဖြိုးတိုးတက်လာပြီး ဂျီဒီပီ တိုးတက်လာမှာဖြစ်လို့ မိမိတို့ရဲ့ လုပ်ဆောင်ချက်များဟာ သမိုင်းတခုကို တာဝန်ယူခြင်းဖြစ်တာကြောင့် မှတ်ကျောက်တင်ခံနိုင်တဲ့ လုပ်ဆောင်ချက်တွေဖြစ်ဖို့ လိုတယ်လို့ ပြောဆိုသွားပါတယ်။
ဒါကြောင့် မြန်မာ့သမိုင်းတလျှောက်မှာ တိုင်းပြည်စီးပွားရေး ကျဆင်းမှုဟာ စစ်တပ်က အာဏာသိမ်းခဲ့တဲ့ ၁၉၈၈ ခုနှစ်က အနုတ် ၁၁ ရှိခဲ့ပေမဲ့ သူအာဏာသိမ်းလိုက်တဲ့ နောက်ဆက်တွဲ ဆိုးကျိုးကြောင့် တိုင်းပြည်စီးပွားရေးဟာ အနုတ် ၁၈ အထိ စံချိန်တင် ကျဆင်းခဲ့ရတာကို မှတ်ကျောက်တင်နိုင်ခဲ့ပါတယ်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တဖွဲ့ဖြစ်တဲ့ မွန်ပြည်သစ်ပါတီ (NMSP) ဒုတိယဥက္ကဋ္ဌ နိုင်အောင်မင်း ဦးဆောင်တဲ့ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ဟာ အာဏာသိမ်းစစ်ခေါင်းဆောင်နဲ့ မေလ ၂၃ ရက်က နေပြည်တော်မှာ တွေ့ဆုံပါတယ်။
ဒီတွေ့ဆုံပွဲမှာ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲဖို့နဲ့ တန်းတူရေးနဲ့ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အတွက် ပြည်နယ်ဖွဲ့စည်းပုံရေးဆွဲဖို့ကိစ္စတွေနဲ့ပတ်သက်ပြီး သဘောတူညီမှု ရရှိခဲ့တယ်လို့ မွန်ပြည်သစ်ပါတီ ပြောရေးဆိုခွင့်ရှိသူက ဒီဗွီဘီကို ပြောပါတယ်။
မွန်ပြည်သစ်ပါတီ ပြောခွင့်ရ နိုင်အောင်မငေးက “ဖယ်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲဖို့မှာ အခြေမူချမှတ်ထားဖို့ ဒါကျနော်တို့ မြန်မြန်ဆန်ဆန်လုပ်ဖြစ်တယ်၊ နောက်ပြည်နယ်ဖွဲ့စည်းပုံ အခြေခံဥပဒေရေးဆွဲဖို့အတွက်လည်း ဒါကို မြန်မြန်ဆန်ဆန်လုပ်ပေးပါတယ်လို့ ကျနော်တို့ တင်ပြထားပါတယ်ခင်ဗျ။ နောက်တခုက ကျနော်တို့ ပြည်နယ်ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲတဲ့ အခါကျရင် ကျနော်တို့ မွန်ပြည်နယ်မှာရှိတဲ့ တိုင်းရင်းသားတွေအားလုံး မြန်မာအပါအဝင်ပေါ့နော် တိုင်းရင်းသားအားလုံးကိုလည်း ကျနော်တို့ လွတ်လွတ်လပ်လပ်ဆွေးနွေးခွင့်ပြုဖို့ ဒါကိုလည်း ကျနော်တို့ တင်ပြထားပါတယ်၊ ဒီအပေါ်မှာလည်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်အနေနဲ့ သဘောတူလက်ခံတယ်။”လို့ ပြောပါတယ်။
ဒီတွေ့ဆုံပွဲမှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က လာမယ့် ၂၀၂၃ ခုနှစ်မှာ ရွေးကောက်ပွဲ ပြုလုပ်မယ့်အကြောင်းနဲ့ စစ်တပ်အာဏာသိမ်းရတဲ့ အခြေအနေတွေကို သမိုင်းကြောင်းနဲ့ချီပြီး ရှင်းလင်းပြောဆိုခဲ့ပါတယ်။
မွန်ပြည်သစ်ပါတီက ဒီတွေ့ဆုံပွဲမှာ ငြိမ်းချမ်းရေးဆွေးနွေးပွဲ တက်ရောက်တဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ၁၀ ဖွဲ့ အပါအဝင် နိုင်ငံရေးပါတီတွေကို လွတ်လွတ်လပ်လပ် တွေ့ဆုံဆွေးနွေးခွင့်ပေးဖို့၊ လက်ရှိနိုင်ငံရေး ပြဿနာ ဖြေရှင်းဖို့ ပါဝင်သင့် ပါဝင်ထိုက်သူ အားလုံး တွေ့ဆုံဆွေးနွေး အဖြေရှာဖို့ အကြုံပြုတင်ပြခဲ့ပါတယ်။
မွန်ကျောင်းသားအဖွဲ့တွေနဲ့ အရပ်ဘက်အဖွဲ့အစည်းတချို့က ကန့်ကွက်နေတဲ့ကြားက မွန်ပြည်သစ်ပါတီ (NMSP) ကိုယ်စားလှယ်အဖွဲ့ဟာ စစ်ခေါင်းဆောင်နဲ့တွေ့ဆုံဖို့ မေလ ၂၂ ရက်က မော်လမြိုင်မြို့မှ နေပြည်တော်သို့ မော်တော်ယာဉ်တွေနဲ့ သွားရောက်တာဖြစ်ပါတယ်။
မွန်ပြည်သစ်ပါတီ NMSP ဟာ အန်အယ်ဒီအစိုးရ လက်ထက် ပြီးခဲ့တဲ့ ၂၀၁၈ ဖေဖော်ဝါရီ ၁၃ ရက်နေ့မှာ လားဟူဒီမိုကရက်တစ် အစည်းအရုံးနဲ့အတူ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် (အန်စီအေ) မှာ ပါဝင် လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့ဖြစ်ပါတယ်။
မွန်ပြည်သစ်ပါတီက အခုလို စစ်ကောင်စီဖိတ်ခေါ်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ သွားတက်တဲ့အပေါ် မွန်နိုင်ငံရေးသမားတွေနဲ့ မွန်လူထုအကြား အမြင်မတူ သဘောထားကွဲလွဲမှုတွေ ရှိနေပါတယ်။
မွန်တိုင်းရင်းသူ တယောက်ကတော့ စစ်ကောင်စီနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးတာဟာ လက်ရှိနိုင်ငံရေးပြဿနာကို ဖြေရှင်းနိုင်မှာ မဟုတ်သလို မွန်ပြည်သစ်ပါတီအနေနဲ့ တခြားရွေးချယ်စရာ နည်းလမ်းတွေ မရှိတော့ဘူးလားလို့ မေးခွန်းထုတ်လိုက်ပါတယ်။
ဒါ့အပြင် စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲဟာ အမျိုးသားညီညွတ်ရေးအစိုးရ NUG ၊ PDF တွေအပြင် စစ်ကောင်စီနဲ့ တိုက်ပွဲတွေ ပြင်းထန်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ မပါဝင်တာကြောင့် အောင်မြင်နိုင်စရာ ရှိဘူးလို့ ဆိုပါတယ်။
တခြားမွန်လူငယ် တစ်ဦးကလည်း စစ်ကောင်စီရဲ့ ဖော်ဆောင်တဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို အယုံအကြည် မရှိတဲ့အတွက်ကြောင့် မွန်ပြည်သစ်ပါတီကို မတက်ရောက်စေချင်ဘူးလို့ မှတ်ချက်ပြုပါတယ်။
တခြားမွန်လူငယ်တစ်ဦးကတော့ မွန်ပြည်သစ်ပါတီအနေနဲ့ အခုလို အခွင့်ကောင်း အခါကောင်းနဲ့ ကြုံနေရတဲ့အချိန်မှာ တော်လှန်ရေး မလုပ်ရင် နောင်အနာဂတ်မှာ စစ်အာဏာရှင်ကို ဖြိုဖျက်နိုင်မှာ မဟုတ်ကြောင်းနဲ့ မွန်ပြည်သစ်ပါတီအနေနဲ့ NUG ဒါမဟုတ် တိုင်းရင်းသားမဟာမိတ် လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး စစ်အာဏာရှင်ကို တွန်လှန်းတိုက်ထုတ်သွားဖို့ လိုတယ်လို့တိုက်တွန်း ပြောပါတယ်။
ဒါပေမဲ့ ဒီဆွေးနွေးပွဲဟာ မွန်ပြည်နယ်တည်ငြိမ်းအေးချမ်းရေးနဲ့ မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက် လမ်းစတခုအဖြစ် ရှုမြင်ကြသူတွေလည်းရှိပါတယ်။
မွန်တိုင်းရင်းသားတယောက်ကတော့ စစ်ကောင်စီနဲ့ တွေ့ဆုံတဲ့ ငြိမ်းချမ်းရေးဆွေးနွေးအပေါ် ရလဒ်ကောင်း တစ်ခုထွက်ပေါ်လာနိုင်မလားဆိုတဲ့ မျှော်လင့်ချက် ရှိတယ်လို့ ပြောပါတယ်။
တိုင်းရင်းသားအရေးလေ့သာသုံးသပ်သူ ဒေါက်တာပညာမွန်ကတော့ စစ်ကောင်စီနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေသွားရောက် တွေ့ဆုံတာဟာ လေ့လာတဲ့ အဆင့်လောက်သာ ဖြစ်တယ်လို့ သုံးသပ်ပြောပါတယ်။
မွန်ပြည်သစ်ပါတီ ပြောခွင့်ရ နိုင်အောင်မငေးကတော့ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းရမယ်ဆိုတဲ့ အန်စီအေမူအတိုင်း လျှောက်လမ်းနေတဲ့အတွက်ကြောင့် စစ်ကောင်စီ ဖိတ်ခေါ်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို တက်ရောက်ရတာလို့ ဒီဗွီဘီကို ပြောထားပါတယ်။
ဒါ့အပြင် ဒီငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ အားလုံးပါဝင်တဲ့ နိုင်ငံရေး ဆွေးနွေးပွဲ ဖြစ်လာအောင် ဖန်တီးပေးဖို့နဲ့ အရပ်သားပြည်သူတွေကို အကာအကွယ်ပေးရေး အပါအဝင် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေး လုပ်ငန်းစဉ်တွေ တင်ပြဆွေးနွေးသွားမယ်လို့ ဆိုပါတယ်။
နွေဦးတော်လှန်ရေးမှာ အသံတိတ်နေတာ မဟုတ်ဘဲ လုပ်သင့် လုပ်ထိုက်တဲ့ နိုင်ငံရေး လှုပ်ရှားမှုတွေနဲ့ မွန်အမျိုးသားစည်းလုံး ညီညွတ်ရေးကို အကောင်အထည် ဖော်ဆောင်ရွက်နေတယ်လို့ မွန်ပြည်သစ်ပါတီက ပြောပါတယ်။
စစ်ခေါင်းဆောင်ဖိတ်ခေါ်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတက်ဖို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့က စာရင်းပေးထားတာဖြစ်ပြီး မွန်ပြည်သစ်ပါတီ (NMSP) အဖွဲ့ဟာ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) အဖွဲ့ပြီးနောက် စစ်ခေါင်းဆောင်နဲ့ သွားရောက်တွေ့ဆုံတဲ့ ဒုတိယမြောက်အဖွဲ့ ဖြစ်ပါတယ်။
စစ်ခေါင်းဆောင်နဲ့တွေ့ဆုံဆွေးနွေးဖို့ အပစ်ရပ်အဖွဲ့တွေ ဖြစ်တဲ့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP ၊ မွန်ပြည်သစ်ပါတီ NMSP ၊ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် DKBA ၊ ကရင်ငြိမ်းချမ်းရေး ကောင်စီ - KNU/KNLA/PC)၊ သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS)၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး အဖွဲ့ချုပ် PNLO တို့ တက်ရောက်ဖို့ စာရင်းပေးထားပါတယ်။
ဒ့ါအပြင် အပစ်ရပ်အဖွဲ့တွေ မဟုတ်တဲ့ ၊ ဝပြည်သွေးစည်း ညီညွတ်ရေးတပ် UWSA ၊ မိုင်းလားအဖွဲ့ NDAA နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SAA) တို့ တက်ရောက်ဖို့ အမည်စာရင်း ပေးထားတာပါ။
လက်ရှိမှာတော့ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ အမည်စာရင်းပေးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့ကို ၃ ရက်ခြား တစ်ဖွဲ့စီ တွေ့ဆုံသွားဖို့ စီစဉ်ထားသလို မေလ ၂၀ ရက်နေ့ကတော့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ်ဦးဆောင်တဲ့အဖွဲ့နဲ့ တွေ့ဆုံခဲ့ပါတယ်။
PHOTO-MOI