close

အာဖဂန်အစိုးရ

close

June 27, 2021

တာလီဘန်တိုက်ခိုက်ရေးသမား ၁၀၀ ကျော် အာဖဂန်အစိုးရထံ လက်နက်ချ

တာလီဘန်တိုက်ခိုက်ရေးသမား အယောက် ၁၃၀ ကျော်လောက် အာဖဂန်နစ္စတန်အနောက်ပိုင်း Herat ပြည်နယ်ရှိ လူမျိုးစုအကြီးအကဲတွေနဲ့အတူ ဇွန် ၂၄ ရက်က အာဖဂန်အစိုးရဆီမှာ လက်နက်ချခဲ့ကြပါတယ်။ 

Herat အုပ်ချုပ်ရေးမှူး Abdul Saboor Qani က သူတို့ဟာ အာဖဂန်နစ္စတန်ရဲ့ လုံခြုံရေးတပ်ဖွဲ့တွေနဲ့အတူ တာလီဘန်တွေကို ကာကွယ်ဖို့ စစ်ရေးအဆောက်အအုံတွေကို အသုံးပြုလို့ရမယ်လို့ ပြောပါတယ်။ 

တာလီဘန်သူပုန်တွေဟာ နိုင်ငံတကာတပ်ဖွဲ့တွေ ဆက်လက်ရုပ်သိမ်းနေချိန်မှာ သူတို့ရဲ့ တောင်ပိုင်းက အမာခံနယ်မြေတွေကို ကျော်လွန်လာပြီး မကြာသေးခင်ရက်တွေအတွင်းမှာ အာဖဂန်နစ္စတန်မြောက်ပိုင်းကို တိုက်ခိုက်မှုတွေ ဆက်တိုက် လုပ်လာပါတယ်။

 မကြာသေးခင်ကပဲ မြောက်ပိုင်းက Faryab, Balkh နဲ့ Kunduz ပြည်နယ်တွေက ပြည်နယ်မြို့တော် ၃ ခုမှာ တာလီဘန်နဲ့ အာဖဂန်အစိုးရတပ်တွေအကြား တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့တယ်လို့ တာဝန်ရှိသူတွေက ဇွန် ၂၂ ရက်မှာ ပြောပါတယ်။

 အမေရိကန်ပြည်ထောင်စုဟာ အနှစ် ၂၀ နီးပါး တိုက်ပွဲတွေ ဖြတ်သန်းပြီးနောက်မှာ သူ့တပ်ဖွဲ့တွေကို ဘာအခြေအနေကြောင့်မှ မဟုတ်ဘဲ စက်တင်ဘာ ၁၁ ရက်မှာ အပြီး ရုပ်သိမ်းတော့မယ်လို့ ဧပြီလမှာ ကြေညာခဲ့ပါတယ်။ 

အဲ့ဒီနောက်ပိုင်း တာလီဘန်တွေက နယ်မြေတွေကို ထိန်းချုပ်ဖို့ ကြိုးစားလာပြီး အကြမ်းဖက်မှုတွေလည်း တစ်နိုင်ငံလုံး တိုးပွားလာခဲ့ပါတယ်။

 ဒိုဟာက ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေလည်း ရပ်တန့်နေတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ 

တာလီဘန်တွေကလည်း ဝင်ရောက်ဆွေးနွေးမယ်လို့ ဆိုပါတယ်။

အမေရိကန်ပြည်ထောင်စုဟာ မေ ၁ ရက်နေ့မှ စတင်ပြီး တပ်တွေပြန်ရုပ်သိမ်းခဲ့ပြီး အာဖဂန်အစိုးရကို အခြေစိုက်စခန်းတချို့ လွှဲပြောင်းပေးခဲ့ပါတယ်။ 

ပိုလန်နိုင်ငံကတော့ နှစ် ၂၀ ကြာ ရှိခဲ့တဲ့ သူ့တပ်တွေကို အာဖဂန်ကနေ ဇွန်လကုန်ပိုင်းမှာ ရုပ်သိမ်းသွားတော့မယ်လို့ ဇွန် ၂၄ ရက်က ပြောပါတယ်။ 

နေတိုးမဟာမိတ်တွေကလဲ စက်တင်ဘာ ၁၁ ရက်မှာ အမေရိကန်တပ်တွေ ရုပ်သိမ်းမှုနဲ့အတူ ညှိနှိုင်းထားပြီး အာဖဂန်နစ္စတန်ကနေ နေတိုးအဖွဲ့ ညွှန်ကြားချက်အောက်က နိုင်ငံခြားတပ်ဖွဲ့တွေ ကို ရုပ်သိမ်းမယ်လို့ ဧပြီလကပဲ သဘောတူညီခဲ့ကြပါတယ်။ 

8 mins Ago

May 27, 2020

တာလီဘန်အကျဉ်းသား  ၉၀၀ ကို အာဖဂန်အစိုးရ လွှတ်ပေးမည် 

အာဖဂန်ငြိမ်းချမ်းရေး လုပ်ငန်းစဉ် တစိတ်တပိုင်းအဖြစ် တာလီဘန်အကျဉ်းသား  အယောက် ၉၀၀ ကို လွှတ်ပေးမယ်လို့ အာဖဂန်နစ္စတန် အစိုးရက မေ ၂၆ ရက်မှာ ကြေညာလိုက်ပါတယ်။   ဖေဖော်ဝါရီလတုန်းက ဒိုဟာမြို့မှာ တာလီဘန်နဲ့ အမေရိကန်တို့အကြား သဘောတူခဲ့တဲ့ အကျဉ်းသား လဲလှယ်မှု အစီအစဉ်အရ အခုလို လွှတ်ပေးတာဖြစ်ပါတယ်။ ဒါဟာ အစ္စလာမ်မစ် စစ်သွေးကြွတွေနဲ့ အားလုံးပါဝင်တဲ့ အာဖဂန်ကိုယ်စားလှယ်တို့အကြား ငြိမ်းချမ်းရေး ဆွေးနွေးပွဲအတွက် ကနဦး ရှေ့ပြေးလက္ခဏာ ဖြစ်ပါတယ်။ အစ္စလာမ်ဘာသာဝင်တွေရဲ့ အစ်ပွဲတော်အတွက်  တာလီဘန်တို့က ၃ ရက်ကြာ အပစ်ရပ်ဖို့ ကြေညာခဲ့ပြီး  အဲဒီကြေညာချက်ကို အာဖဂန်နဲ့ အမေရိကန် အစိုးရ နှစ်ရပ်စလုံးက ကြိုဆိုခဲ့ပါတယ်။  တာဘီဘန်တွေအနေနဲ့ အပစ်ရပ်ကာလ သက်တမ်းထပ်တိုးဖို့ ဆန္ဒရှိလားဆိုတာကိုတော့ မပြောသေးပါဘူး။  ဒိုဟာသဘောတူညီချက်အရ တာလီဘန်အကျဉ်းသား ၅၀၀၀ လွှတ်ပေးမှာ ဖြစ်ပြီး တာလီဘန်တို့ကလည်း အာဖဂန်လုံခြုံရေးတပ်ဖွဲ့ဝင် ၁၀၀၀ ကို ပြန်လွှတ်ပေးခဲ့တယ်လို့ ရိုက်တာသတင်းအရ သိရပါတယ်။
1 year Ago
Up