အိန္ဒိယဝန်ကြီးချုပ် နရင်ဒြာမိုဒီဟာ ရုရှားသမ္မတ ဗလာဒီမီယာပူတင်နဲ့ အိန္ဒိယမြို့တော် နယူးဒေလီမှာ ဒီဇင်ဘာ ၆ ရက်က တွေ့ဆုံပြီး ကုန်သွယ်ရေးနဲ့ အာဖဂန်နစ္စတန်နိုင်ငံအတွင်း ယိုယွင်းလာတဲ့ အခြေအနေတွေကို လုပ်ငန်းစဉ်အဖြစ် ဆွေးနွေးကြပါတယ်။
ဒီနှစ်အစောပိုင်းက တာလီဘန်တွေ သိမ်းပိုက်ခဲ့တဲ့ အာဖဂန်နစ္စတန်နိုင်ငံမှာ လူသားချင်းစာနာမှု ဆိုင်ရာ အကျပ်အတည်းဆီကို ဦးတည်နေပါတယ်။ ဒါဟာ ဒေသတွင်း မတည်ငြိမ်ဖြစ်စေတဲ့ ဘေးအန္တရာယ်တွေကို အိန္ဒိယနဲ့ ရုရှား အစိုးရ နှစ်ရပ်စလုံးက အရင်က ပြောဖူးပါတယ်။
“ဒီကိစ္စနဲ့ပတ်သက်ပြီး အာဖဂန်နစ္စတန်နိုင်ငံအတွင်း အခြေအနေ ဖြစ်ထွန်းမှုတွေနဲ့ပတ်သက်လို့ ကျနော်တို့ စိုးရိမ်တယ်”လို့ ပူတင်က ပြောတဲ့စကားကို အိန္ဒိယ မီဒီယာတွေက ထုတ်လွှင့်ခဲ့ပါတယ်။
ရုရှားနဲ့ အမေရိကန်ကြား ဆက်ဆံရေး အဖုအထစ်တွေ ပိုတိုးလာနေချိန်မှာ အမေရိကန်ရဲ့ အဓိက မဟာမိတ်ဖြစ်တဲ့ အိန္ဒိယနိုင်ငံဆီ ရုရှားသမ္မတနဲ့ ရုရှားထိပ်တန်းအရာရှိ အတော်များများ ရောက်လာခဲ့တာပါ။
ထိပ်သီးညီလာခံအတွင်း အိန္ဒိယနဲ့ ရုရှားတို့ဟာ ကုန်သွယ်ရေးနဲ့ ကာကွယ်ရေးဆိုင်ရာ သဘောတူညီချက် အတော်များများကို ခိုင်မြဲအောင် လုပ်ဖို့ မျှော်လင့်ထားပါတယ်။
အမေရိကန်က ကြားဝင်လှိုက်စားနေပေမယ့် ရုရှားရဲ့ S-400 လေကြောင်းရန် ကာကွယ်ရေး ဒုံးကျည်စနစ်ကို အိန္ဒိယနိုင်ငံအတွက် ပံ့ပိုးမယ့် သဘောတူညီချက်ကို အကောင်အထည် ဖော်နေခဲ့ပြီးပြီလို့ ရုရှား နိုင်ငံခြားရေးဝန်ကြီး ဆာဂေးလာ့ဗ်ရော့ဗ်က ဒီဇင်ဘာ ၆ ရက်က ပြောပါတယ်။
အာဂန်ပြည်သူတွေကို ကဘူးလ်လေဆိပ်ကနေ ဘေးကင်းရာ ရွှေ့ပြောင်းပေး နိုင်ဖို့ကိစ္စ ကမ္ဘာ့စက်မှုထိပ်သီးအင်အားကြီး ၇ နိုင်ငံအဖွဲ့ G7 ရဲ့ ခေါင်းဆောင်တွေဟာ ညှိနှိုင်းဖို့ လိုတယ် လို့ ဂျာမန်နိုင်ငံခြားရေးဝန်ကြီး ဟိုက်ခိုမားစ်က ပြောပါတယ်။
ဒါ့အပြင် အမေရိကန်က သတ်မှတ်ထားတဲ့ သြဂုတ် ၃၁ ရက် နောက်ဆုံးနေ့ သတ်မှတ်ချက်ထက် ကျော်လွန်ပြီး လူတွေကို ဘေးကင်းရာနေရာဆီ ရွှေ့ပြောင်းတဲ့ လုပ်ငန်းတွေ ဆက်လုပ်သင့်မလားဆိုတာကိုလည်း ဆုံးဖြတ်ဖို့လိုတယ်လို့ ပြောပါတယ်။
ဒီနေ့ကျင်းပမယ့် ထိပ်သီးညီလာခံမှာ G7 ခေါင်းဆောင်တွေဟာ ကဘူးလ်လေဆိပ်မှာ စုပြုံတိုးဝှေ့ နေကြတဲ့ အာဖဂန်ရွှေ့ပြောင်းနေထိုင်သူတွေအတွက် လက်လှမ်းမီအောင်နဲ့ အခြေအနေ ဘယ်လို တိုးတက်အောင် လုပ်မလဲဆိုတာ ဆွေးနွေးမယ်လို့ ဟိုက်ခိုမားစ်က ဆက်ပြောပါတယ်။
ဂျာမနီအစိုးရကတော့ သြဂုတ် ၃၁ ရက်နေ့ကို ကျော်ပြီး လေဆိပ်ကို လုပ်ငန်းလည်ပတ်နေအောင် လုပ်ဖို့ နည်းလမ်းတွေ ရှာနေတယ်လို့ ဟိုက်ခိုမားစ်က ပြောပါတယ်။
သြဂုတ် ၁၅ ရက်က တာလီဘန်တွေ အာဖဂန်နစ္စတန်နိုင်ငံရဲ့ မြို့တော်ကဘူးလ်ကို သိမ်းပိုက်ခဲ့ပြီးတည်းက ထောင်ချီတဲ့အာဖဂန်ပြည်သူတွေဟာ နိုင်ငံတကာ ကယ်ဆယ်ရေးလေယာဉ်တွေနဲ့လိုက်ပါသွားနိုင်ဖို့ ကဘူးလ်လေဆိပ်မှာ စုရုံးရောက်ရှိနေခဲ့ ကြပါတယ်။