ထိုင်းနိုင်ငံမှာ ASF ခေါ် အာဖရိကအပြင်းစား ဝက်တုပ်ကွေးရောဂါကူးစက်မှုတွေ ဖြစ်ပွားနေပြီး ဖေဖော်ဝါရီ ၅ ရက်နေ့ထိ ခရိုင်ပေါင်း ၁၇ ခုမှာ တွေ့ရှိခဲ့ပြီလို့ ချနယ်လ် ၃ ထိုင်းတီဗွီသတင်းမှာ ဖော်ပြပါတယ်။
အဆိုပါခရိုင်တွေမှာ နခွန်းပထုံ ၃ နေရာ၊ ဆုဖန်းပူးရီး ၂ နေရာ၊ နခွန်းဆီထမရတ် ၆ နေရာ၊ မဟာဆာရခမ်း ၁ နေရာ၊ ဆုန်ခလာ ၁ နေရာ၊ ချွန်းဖွန်း ၁ နေရာ၊ ဖတ်ထလုန်း ၂ နေရာ၊ မယ်ဟောင်ဆောင် ၂ နေရာ၊ ခွန်ကဲင် ၁ နေရာ၊ ပူရီရမ် ၂ နေရာ၊ ဆီစကစ် ၂ နေရာ၊ နောင်ဘိုလမ်းဖူး၂ နေရာ၊ ရာ့ချ်ပူရီ ၃နေရာ၊ နန့် ၂ နေရာ၊ ချင်းမိုင် ၂ နေရာ၊ ချချိန်းဆောင်း ၂ နေရာ၊ လွဲ့အစ် ၁ နေရာ တို့ဖြစ်တယ်လို့ ဆိုပါတယ်။
ထိုင်းနိုင်ငံ တိရိစ္ဆာန်မွေးမြူရေးနဲ့ကုသရေးဦးစီးဌာနညွှန်ကြားရေးမှူး တိမွေးကုဒေါက်တာ ဆရဝစ်ထားနီးတိုးက “တွေ့ရှိတဲ့ခရိုင်များပေမဲ့ ဝက်ခြံတိုင်းမှာဖြစ်တာတော့ မဟုတ်ဘဲ နေရာတချို့မှာသာ ဖြစ်ပွားကြောင်း၊ ရောဂါရှိတဲ့ဝက်တွေ၊ သံသယရှိတဲ့ဝက်တွေ တွေ့တွေ့ချင်း နောက်ထပ် ကူးစက်မှုမရှိအောင် အမြန်ဆုံးသုတ်သင်ရှင်လင်းပြီး ဆုံးရှုံးမှုအတွက် လျော်ကြေးတွေလည်း ပေးအပ်ခဲ့သလို ကြိုတင်ကာကွယ်ရေးလုပ်ငန်းတွေလည်း အရှိန်မြှင့်ဆောင်ရွက်နေတယ်လို့ သတင်းထောက်တွေကို ပြောပါတယ်။
ထိုင်းနိုင်ငံမှာ ကာကွယ်ဆေးမရှိတဲ့ ASF အာဖရိကအပြင်းဖျားဝက်တုပ်ကွေးဂါကြောင့် ဝက်အကောင်ရေ ၁ သိန်းကျော်ကို သုတ်သင်ရှင်းလင်းခဲ့ရပြီး ဝက်သားဈေးတွေလည်း မကြုံစဖူး ဈေးနှုန်းအဆမတန်မြင့်တက်ခဲ့ပါတယ်။
ထိုင်းအစိုးရက သက်သာချောင်ချိဈေးနှုန်းနဲ့ ရောင်းချပြီး ကူညီခဲ့ပေမယ့် မလုံလောက်နိုင်ဘဲ ဈေးတက်နေဆဲဖြစ်သလို တခြားကုန်ဈေးနှုန်းတွေပါ လိုက်တက်နေတာပါ။
ဒီကနေ့ ဝက်သာဈေးမှာ ၃ ထပ်သား ၁ ကီလိုလျှင် ဘတ် ၂၁၀၊ ရိုးရိုးအသား ၁၇၀၊ ကြိတ်သား ၁၅၀ ဈေးရှိနေပါတယ်။
ဝက်သားဈေးတက်တဲ့အပေါ် အခွင့်ကောင်းယူကာ သိုလှောင်ထားတဲ့ ဝိသမလောဘသားတွေကိုလည်း သက်ဆိုင်ရာက လိုက်လံစစ်ဆေးနေပြီး လောလောဆယ် နခွန်းပထုံခရိုင် အအေးခန်းစက်ရုံတစ်ခုကနေ ဝက်သားအလေးချိန် ကီလိုဂရမ် သိန်းပေါင်း ၉၀ ထိန်းသိမ်းထားပါတယ်။
ပိုင်ရှင်အနေနဲ့ လုံလောက်တဲ့အထောက်အထားတွေနဲ့အတူ လာရောက်ဖြေရှင်းထုတ်ယူနိုင်ကြောင်း၊ သတ်မှတ်ထားတဲ့ရက်အတွင်း မရောက်လာရင် နိုင်ငံပိုင်အဖြစ် သိမ်းယူရမှာဖြစ်သလို အအေးခန်းငှားစားတဲ့ကုမ္ပဏီလည်း တိရစ္ဆာန်ကူးစက်ရောဂါဥပဒေနဲ့အညီ အရေးယူခံရမယ်လို့ သတင်းမှာ ဖော်ပြသွားပါတယ်။
ကိုးကား - ချနယ်လ် ၃ ထိုင်းတီဗွီသတင်း