ရုရှားနဲ့ ဘီလာရုစ်နိုင်ငံတွေမှာ အိုလံပစ်ကော်မတီလက်အောက်က အားကစားပြိုင်ပွဲတွေ ကျင်းပ ခွင့်မပြုဖို့ နိုင်ငံတကာအိုလံပစ်ကော်မတီ IOC က ဆုံးဖြတ်ခဲ့ပါတယ်။
ရုရှားက အိမ်နီးချင်း ယူကရိန်းကို ကျူးကျော်စစ်ဆင်နွှဲခဲ့ပြီး ဘီလာရုစ်နိုင်ငံကလည်း အားပေး ထောက်ခံတာကြောင့် သူတို့ ၂ နိုင်ငံကို ဆန့်ကျင်ကန့်ကွက်တဲ့အနေနဲ့ အားကစားပြိုင်ပွဲတွေ ကျင်းပခြင်း မပြုဖို့ အိုလံပစ်ကော်မတီက ဆုံးဖြတ်ခဲ့တာပါ။
“နိုင်ငံတကာအိုလံပစ်ကော်မတီအနေနဲ့ ရုရှားနဲ့ ဘီလာရုစ်မှာကျင်းပဖို့ စီစဉ်ထားတဲ့ အားကစားပြိုင်ပွဲတွေကို ဖျက်သိမ်းဖို့ ဒါမှမဟုတ် နေရာပြောင်းကျင်းပဖို့ နိုင်ငံတကာအားကစား အဖွဲ့ချုပ်အားလုံးကို တိုက်တွန်းပါတယ်။ သူတို့ဟာ အိုလံပစ်သဘောတူညီချက်တွေကို ချိုးဖောက်နိုင်တာကို ထည့်သွင်းစဉ်းစားပြီး အားကစားသမားတွေရဲ့ လုံခြုံစိတ်ချရမှုက ပထမဦးစားပေးအဖြစ် လုပ်ဆောင်သင့်ပါတယ်” လို့ IOC က သတင်းထုတ်ပြန်ခဲ့ပါတယ်။
ရုရှားဟာ ကမ္ဘာ့ရေးကူးချန်ပီယံရှစ်ပြိုင်ပွဲကို လာမယ့်ဒီဇင်ဘာလမှာ ကျင်းပဖို့ရှိနေပြီး ကမ္ဘာ့ ဘော်လီဘောချန်ပီယံရှစ်ကိုလည်း သြဂုတ်လကစတင်ပြီး ကျင်းပဖို့ရှိပါတယ်။
ဒါပေမယ့် IOC ရဲ့ထုတ်ပြန်ချက်ကြောင့် အဲဒီပြိုင်ပွဲတွေကို တခြားနိုင်ငံမှာ ပြောင်းလဲကျင်းပတာ၊ ပြိုင်ပွဲကို ဖျက်သိမ်းတာမျိုး လုပ်ဆောင်ဖို့ရှိနေပါတယ်။