close

အားပြင်းငလျင်

close

July 29, 2021

အလာစကာကျွန်းဆွယ် ၈ ဒသမ ၂ အဆင့်ရှိ အားပြင်းငလျင်လှုပ်

အလာစကာ ကျွန်းဆွယ်မှာ အင်အားရစ်ချတ်တာ စကေး ၈ ဒသမ ၂ ရှိတဲ့ အနက်တိမ်တဲ့ ငလျင်အပြင်းစားတရပ် ဇူလိုင် ၂၈ ရက်မှာ လှုပ်ခတ်ခဲ့လို့ ဒေသတွင်းမှာ ဆူနာမီရေလှိုင်း သတိပေးချက် ထုတ်ပြန်ခဲ့ရတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

 ဒေသစံတော်ချိန် ည ၁၀ နာရီ ဆယ့်ငါးမိနစ်မှာ လှုပ်ခတ်ခဲ့တဲ့ ငလျင်ဟာ မြေအောက် ၃၅ ကီလိုမီတာကို ဗဟိုပြု လှုပ်ခတ်ခဲ့တာလို့ အမေရိကန်ဘူမိစစ်တမ်းဌာန USGS က ပြောပါတယ်။

 ဟင်ချင်ဘရွတ် ဝင်ပေါက်ကနေ ယူနီမက်ခ်ရေလက်ကြားထိ အလာစကာ ကျွန်းဆွယ် တောင်ပိုင်း ပစိဖိတ်ကမ်းရိုးတန်း တလျှောက်အတွက် သတိပေးချက်ကို အမျိုးသား ဆူနာမီ သတိပေးဌာန NTWC က ထုတ်ပြန်ခဲ့ပါတယ်။

 အမေရိကန်နဲ့ ကနေဒါ ၂နိုင်ငံက ပစိဖိတ် သမုဒ္ဒရာ ကမ်းရိုးတန်း ဧရိယာက လူတွေ အတွက် ဆူနာမီအန္တရာယ် သတိပေးချက်ကို ထုတ်ပြန်ခဲ့တယ်လို့လည်း NTWC က ပြောပါတယ်။

  ပစိဖိတ်ဆူနာမီသတိပေးဌာနကတော့ အမေရိကန်နိုင်ငံ ဟာဝိုင်ယီပြည်နယ်နဲ့ အမေရိကန်ရဲ့ ပစိဖိတ် ပိုင်နက် ဂူအမ်ကျွန်းအတွက် သတိပေးချက် ထုတ်ပြန်ခဲ့ပါတယ်။

 ဥရောပမြေထဲပင်လယ် ငလျင်ဗေဒဌာနကတော့ ငလျင်ဟာ အင်အား ၈ ရစ်ချတ်တာ စကေးရှိပြီး မြေအောက် ၁၀ ကီလိုမီတာ အနက်ကို ဗဟိုပြု လှုပ်ခတ်တာလို့ သတင်း ထုတ်ပြန်ခဲ့ ပါတယ်။

4 mins Ago

October 31, 2020

တူရကီနှင့်ဂရိတွင် အားပြင်းငလျင်ကြောင့် ၂၂ ဦး သေဆုံး

တူရကီ အေဂျီယန်ကမ်းရိုးတန်းနဲ့ ဂရိမြောက်ပိုင်း ဆေမော့စ်ကျွန်းအလွန်မှာ လှုပ်ခဲ့တဲ့ အားပြင်းငလျင်ကြောင့် သေဆုံးသူက ၂၂ ယောက်ထက်မနည်း ရှိလာပြီး နေအိမ်တွေ ပျက်စီးခဲ့ပါတယ်။  အောက်တိုဘာလ ၃၀ ရက်က တူရကီကမ်းရိုးတန်းမြို့ အစ္စမေးလ်မှာ ပြိုကျအဆောက်အအုံတွေအောက် အသက်ရှင် ကျန်ရစ်သူတွေကို  ကယ်ဆယ်ရေးသမားတွေ ရှာဖွေနေပါတယ်။  အစ္စမေးလ်မြို့က ပြိုကျအဆောက်အအုံ ၁၇ ခုမှာ ရှာဖွေကယ်ဆယ်ရေးတွေ ဆက်လုပ်နေတယ်လို့ အရေးပေါ် ရှာဖွေကယ်ဆယ်ရေးအဖွဲ့က ဆိုပါတယ်။  အပျက်အစီးအများဆုံးဖြစ်ခဲ့တဲ့ အနီးဝန်းကျင်တွေမှာ အာဏာပိုင်တွေက လူ နှစ်ထောင်ဆံ့တဲ့ ရွက်ဖျင်တဲတွေကို  ဆောက်နေတယ်လို့ အဲဒီအဖွဲ့က ပြောပါတယ်။  မြေငလျင် ပြင်းအား  ၆ ဒသမ ၆  မဂ္ဂနီကျူ့ရှိပြီး  ဗဟိုချက်ဟာ  အစ္စမေးလ်ပြည်နယ် ကမ်းရိုးတန်းက ၁၁ မိုင် အကွာမှာ ဖြစ်တယ်လို့ ဘေးအန္တရာယ် စီမံခန့်ခွဲရေးအဖွဲ့ကဆိုပါတယ်။  အမေရိကန် ဘူမိတိုင်းတာရေးအဖွဲ့ကတော့ မြေငလျင်ပြင်းအားဟာ  ၇ မဂ္ဂနီကျူ့ ရှိတယ်လို့ ပြောပါတယ်။  ပြတ်ရွေ့ကြောင်းကြီး ယှက်ဖျာနေတဲ့ တူရကီဟာ ကမ္ဘာမှာ မြေငလျင် အလှုပ်ခတ်ဆုံးနိုင်ငံတွေထဲက တခုဖြစ်ပါတယ်။  ၁၉၉၉ ခုနှစ်က ပြင်းအား ၇ ဒသမ ၆ မဂ္ဂနီကျူ့ မြေငလျင်ကြောင့် အစ်ဇ်မစ်မြို့မှာ လူပေါင်း ၁၇,၀၀၀ ကျော် သေဆုံးခဲ့ပါတယ်။ ၂၀၁၁ တုန်းကလည်း နိုင်ငံအရှေ့ပိုင်း ဗန်းမြို့ မြေငလျင်ကြောင့် လူပေါင်း ၅၀၀ ကျော် သေဆုံးခဲ့ပါတယ်။ 
9 months Ago
Up