close

အိဒ်ပွဲတော်

close

July 3, 2022

ငွေဖောင်းပွမှုကြောင့် အိဒ်ပွဲတော်အတွက် နွားဝယ်ယူရန် ပါကစ္စတန်နိုင်ငံသားများ အခက်ကြုံ

ပါကစ္စတန်နိုင်ငံမှာ ငွေကြေးဖောင်းပွမှုနှုန်းက ၁၃ နှစ်ကြာ မြင့်တက်လာပြီးနောက် မကြာခင်မှာ ကျရောက်လာတော့မယ့် အိဒ်အလ်အဒ်ဟာပွဲတော်အတွက် ယဇ်ပူဇော်ဖို့ နွားတွေကို ဝယ်ယူဖို့အတွက် ရုန်းကန်နေရကြောင်း ဈေးဝယ်ဖောက်သည်တွေက ဇူလိုင်လ ၁ ရက်မှာ ပြောပါတယ်။ 

“မနှစ်ကဆို တနာရီအတွင်း အရောင်းအဝယ် ဖြစ်သွားတယ်။ အခုကျတော့ မနက်ကတည်းက ဒီမှာပဲ လျှောက်လှည့်ကြည့်နေတုန်း တစ်ကောင်မှ မဝယ်ဖြစ်သေးဘူး”လို့ ကရာချိမှာ တိရစ္ဆာန်တွေ အပြည့်ရှိတဲ့ ဈေးကွင်းကျယ်ကြီးထဲမှာ လာဝယ်နေသူ တဦးကပြောပါတယ်။ 

“ကိုယ့်လက်ထဲမှာ ပိုက်ဆံက မနှစ်တုန်းက ဈေးနှုန်းလောက်ပဲ ပါတာ ဆိုတော့ ရောင်းတဲ့သူတွေက အကောင်သေးတွေပဲ ပေးတယ်”လို့ သူက ဆိုပါတယ်။ 

မွေးမြူရေးကုန်သည် အူမာဖာရွတ်ကတော့ သယ်ယူပို့ဆောင်ရေးစရိတ်ကြောင့် ကျွဲတွေ နွားတွေက ပိုဈေးကြီးသွားတာ လို့ ဆိုပါတယ်။ 

ပါကစ္စတန်အစိုးရဟာ သူ့ရဲ့ဘဏ္ဍာရေးလိုငွေပြမှုကို ဖြတ်တောက်ဖို့နဲ့ နိုင်ငံတကာငွေကြေး ရန်ပုံငွေအဖွဲ့ရဲ့ ထောက်ပံ့ငွေ အစီအစဉ်ကို ပြန်လည်စတင်နိုင်စေဖို့ ကြိုးပမ်းတဲ့အနေနဲ့ အကုန်အကျများတဲ့ စက်သုံးဆီ ထောက်ပံ့မှုတွေကို ဖျက်သိမ်းပြီးနောက်မှာ စက်သုံးဆီ ဈေးနှုန်းတွေဟာ မေလကုန်ကတည်းက ၉၀ ရာခိုင်နှုန်းလောက် မြင့်တက်လာခဲ့တာပါ။

ပါကစ္စတန်ရှိ မွတ်ဆလင်တွေဟာ အစ္စလာမ့်ပြက္ခဒိန်ထဲက အရေးကြီးဆုံးပွဲတော် နှစ်ခုထဲက တခုဖြစ်တဲ့ အိဒ်ပွဲတော်ကို ဇူလိုင် ၁၀ ရက်မှာ ကျင်းပမှာဖြစ်ပါတယ်။ 

2 hours Ago

May 4, 2022

မောင်တောမြို့မှ အစ္စလာမ်ဘာသာဝင်လူငယ်များ အိဒ်ပွဲတော်ကို လွတ်လွတ်လပ်လပ် ကျင်းပ

ရခိုင်ပြည်နယ်၊ မောင်တောဒေသမှ အစ္စလာမ်ဘာသာဝင် လူငယ်တွေဟာ အိဒ်ပွဲတော်ကို လွတ်လွတ်လပ်လပ် ကျင်းပနေကြတယ်လို့ မောင်တောမြို့မှ အစ္စလာမ်ဘာသာဝင် လူကြီးတဦးက ပြောပါတယ်။

“ဟုတ်ပါတယ်။ ကျနော်တို့တွေ အရင်နှစ်တွေကဆို အခုလို လွတ်လပ်စွာ ကားတွေနဲ့ ကခုန်ပြီး သွားလာ လည်ပတ်ခွင့် မရကြပါဘူး။ ကိုဗစ်နဲ့လည်း ပါတာပေါ့လေ။ ဒါပေမဲ့ လွတ်လပ်စွာ မပျော်ခဲ့ကြရဘူး။ ဒီမှာတော့ လူငယ်တွေ တအားပျော်နေကြတာ တွေ့ရတယ်။”

မောင်တောဒေသမှာ အစ္စလာမ်ဘာသာဝင်တွေဟာ အခုအချိန်အထိ လွတ်လပ်စွာ သွားလာခွင့် ကန့်သတ်ခံထားရဆဲ ဖြစ်သလို နိုင်ငံသားအခွင့်အရေးတွေပါ အစိုးရ ခေတ်အဆက်ဆက်က ကန့်သတ်ချက်တွေ၊ ဖိနိပ်မှုတွေနဲ့ နေထိုင်လာခဲ့ကြရတာလည်း ဖြစ်ပါတယ်။

“သူတို့တွေလည်း ပျော်ချင်ကြမှာပေါ့။ ဟိန္ဒူဘာသာတွေ ပွဲတော်တွေနဲ့ ဗုဒ္ဓဘာသာ ပွဲတော်တွေမှာ လူငယ်တွေ ကကြခုန်ကြ ကားတွေနဲ့ လွတ်လပ်စွာ လည်ပတ်ကြတယ်လေ။ အစ္စလာမ်ဘာသာဝင် လူငယ်တွေလည်း လူသားတွေပဲလေ၊ လွတ်လပ်စွာ ပျော်ပါးခွင့်ရှိပါတယ်” လို့ မောင်တောဒေသခံ မြို့မိမြို့ဖတဦးက ဆိုပါတယ်။

မောင်တောဒေသမှာ ၂၀၁၇ ခုနှစ် အကြမ်းဖက်မှုတွေ ဖြစ်ပွားပြီး အစ္စလာမ်ဘာသာဝင် လူမျိုး ၆ သိန်းကျော် တဖက် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးသွားခဲ့ကြရပြီး နောက်ပိုင်း အဲဒီဒေသက အစ္စလာမ်ဘာသာဝင်တွေဟာ ပျော်ရွှင်မှုတွေ ခဝါချပြီး ပူဆွေးသောကတွေနဲ့ နေထိုင်လာခဲ့ကြရတာလည်း ဖြစ်ပါတယ်။

ရခိုင်ပြည်နယ် မြို့နယ်အနှံ့အပြားမှာ နေထိုင်ကြတဲ့ အစ္စလာမ်ဘာသာဝင်တွေက မေ ၃ ရက်မှ ၅ ရက်နေ့ထိ အိဒ်ပွဲတော်ကို ကျင်းပကြမှာလည်း ဖြစ်ပါတယ်။

စစ်အာဏာသိမ်းမှုအောက်မှာ မြန်မာပြည်တွင်းက မွတ်စလင်အဖွဲ့အစည်းတွေ အနေနဲ့ အိဒ်ပွဲတော် ကျင်းပတဲ့အခါ နေအိမ်တွေထဲမှာပဲ မိသားစုနဲ့အတူ သိုသိပ်စွာ ကျင်းပဆင်နွှဲကြဖို့ မွတ်စလင် တော်လှန်ရေးအင်အားစုတွေက စာထုတ် တိုက်တွန်းထားပါတယ်။

2 months Ago
Up