အိန္ဒိယနိုင်ငံခြားရေးအတွင်းဝန်ဟာ မြန်မာနိုင်ငံခရီးစဉ်မှာ အမျိုးသားဒီမိုကရေစီအဖွဲချုပ် (NLD) ပါတီ အပါအဝင် နိုင်ငံရေးပါတီတွေနဲ့ တွေ့ဆုံခဲ့တယ်လို့ အိန္ဒိယသံရုံးက ဒီနေ့ ဒီဇင်ဘာ ၂၄ ရက်မှာ ထုတ်ပြန်ပါတယ်။
နိုင်ငံခြားရေးအတွင်းဝန် ရှရီဟာ့ရှ်ဗာဒန်ရှရင်ဂလာရဲ့ ဒီဇင်ဘာ ၂၂ နဲ့ ၂၃ ရက်မှာ အလုပ်သဘော လာရောက်ခဲ့တဲ့ မြန်မာနိုင်ငံ ခရီးစဉ်နဲ့ပတ်သက်ပြီး သံရုံးက ထုတ်ပြန်တာဖြစ်ပြီး စစ်ကောင်စီ ခေါင်းဆောင်အပါဝင် တခြားအဆင့်မြင့်ကိုယ်စားလှယ်တွေကိုလည်း သွားရောက်တွေ့ဆုံတယ်လို့ ဆိုပါတယ်။
ပြီးတော့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ အပါအဝင် နိုင်ငံရေးပါတီတွေ၊ လူမှုရေးအဖွဲ့ အစည်းတွေက အဖွဲ့ဝင်တွေ၊ မြန်မာနိုင်ငံ အခြေစိုက် သံအမတ်ကြီးတွေနဲ့ ကုလသမဂ္ဂ ကိုယ်စားလှယ်တွေနဲ့လည်း တွေ့ဆုံခဲ့တယ်လို့ ဆိုပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဘယ်သူတွေနဲ့ တွေ့ဆုံတယ်ဆိုတာကို သံရုံးက မဖော်ပြထားသလို ပါတီဘက်ကလည်း ထုတ်ပြန်ထားတာမရှိပါဘူး။ နိုင်ငံခြားရေးအတွင်းဝန် ရှရင်ဂလာဟာ ဖမ်းဆီးခံ အန်အယ်လ်ဒီပါတီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ရဖို့ ကြိုးစားခဲ့ပေမဲ့ စစ်ကောင်စီက ခွင့်မပြုခဲ့ဘူးလို့ အိန္ဒိယသတင်းတွေမှာ ဖော်ပြပါတယ်။
နိုင်ငံခြားရေးအတွင်းဝန်ဟာ မြန်မာနိုင်ငံမှာ သက်ဆိုင်သူတွေနဲ့ တွေ့ဆုံတုန်းမှာ ဒီမိုကရေစီ လမ်းကြောင်းဆီကို မြန်မြန်ပြန်သွားရေး၊ ထိန်းသိမ်းခံရသူတွေနဲ့ အကျဉ်းသားတွေ ပြန်လွှတ်ပေးရေး၊ တွေ့ဆုံဆွေးနွေးရေးကတဆင့် ပြဿနာတွေ ဖြေရှင်းရေးနဲ့ အကြမ်းဖက်မှု အားလုံးကို အပြီးအပိုင် အဆုံးသတ်စေရေးတို့ကို အိန္ဒိယနိုင်ငံက မြင်ချင်တယ်ဆိုတာ အလေးပေးပြောခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
နိုင်ငံခြားရေးအတွင်းဝန်ရဲ့ ခရီးစဉ်မှာ မြန်မာနိုင်ငံရဲ့ ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်တိုက်ဖျက်ရေးအတွက် မြန်မာနိုင်ငံကြက်ခြေနီ အသင်းဆီကို အိန္ဒိယနိုင်ငံထုတ် ကာကွယ်ဆေး အလုံးရေ ၁ သန်းကို လွှဲပြောင်း ပေးအပ်ခဲ့ပြီး ဒီဆေးတွေရဲ့ တစိတ်တပိုင်းကို အိန္ဒိယနဲ့ မြန်မာနယ်စပ်တလျှောက် နေထိုင်နေတဲ့ လူမှုအသိုင်းအဝိုင်းတွေအတွက် သုံးမှာဖြစ်ပြီး မြန်မာနိုင်ငံကို ဆန်နဲ့ ဂျုံတန်ချိန် ၁၀,၀၀၀ ကိုလည်း ကူညီထောက်ပံ့မယ်လို့ ပြောခဲ့ကြောင်း ထုတ်ပြန်ပါတယ်။
အိန္ဒိယဟာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်တွေမှာ ပါဝင်ကူညီခဲ့ပြီး မြန်မာပြည်သူလူထုရဲ့ ဆန္ဒနဲ့အညီ တည်ငြိမ်တဲ့ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စု ပေါ်ထွန်း လာရေးအတွက် အိန္ဒိယနိုင်ငံအနေနဲ့ အဲဒီလို ကြိုးပမ်းဆောင်ရွက်ခဲ့တာတွေကို ပြန်ဆောင်ရွက်သွားဖို့ အဆိုပြုတယ်လို့လည်း ဆိုပါတယ်။
အာဆီယံရဲ့ဆောင်ရွက်ချက်တွေအတွက် တသမတ်တည်းထောက်ခံတာကို ထပ်အတည်ပြုသလို ဘုံသဘောတူညီချက် ငါးချက်ကို အခြေခံလို့ လက်တွေ့ကျပြီး အပြုသဘောဆောင်တဲ့ နည်းလမ်းနဲ့ ဆောင်ရွက်မှုကတဆင့် တိုးတက်မှု ရနိုင်မယ်လို့ မျှော်လင့်ကြောင်း ပြောခဲ့တယ်လို့လည်း ဆိုပါတယ်။
အိန္ဒိယ နိုင်ငံခြားရေးအတွင်းဝန်ဟာ ရန်ကုန်မြို့မှာ စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ရန်ကုန်မှာ တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံတိုက်ရိုက်ကုန်သွယ်နိုင်ရေး၊ ပင်လယ်ရေကြောင်း တိုက်ရိုက်ကုန်သွယ်ရေး၊ နယ်စပ်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ မြန်မာနိုင်ငံမှာ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖို့ လိုအပ်တဲ့အခြေခံအဆောက်အဦတွေကို အိန္ဒိယနိုင်ငံက ရင်းနှီးမြှုပ်နှံရေးကိစ္စတွေ ဆွေးနွေးခဲ့တယ်လို့ စစ်ကောင်စီပြန်ကြားရေးက သတင်းထုတ်ပါတယ်။
မြန်မာနိုင်ငံမှာရောက်ရှိနေတဲ့ အိန္ဒိယအစိုးရ၊ ပြည်ပရေးရာဝန်ကြီးဌာန၊ နိုင်ငံခြားရေးအတွင်းဝန် ရှရီဟာ့ရှ်ဗာဒန်ရှရင်ဂလာဟာ မြန်မာနိုင်ငံကြက်ခြေနီအသင်း ကိုယ်စားလှယ်တွေထံ အိန္ဒိယနိုင်ငံထုတ် ကိုဗစ်-၁၉ ကာကွယ်ဆေး အလုံးရေ ၁ သန်းပေးအပ်လှူဒါန်းလိုက်ပါတယ်။
အိန္ဒိယ-မြန်မာနယ်စပ်တလျှောက်ရှိ ပြည်သူတွေအပါအဝင် မြန်မာပြည်သူတွေအတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်တိုက်ဖျက်ရာမှာ ကူညီထောက်ပံ့နိုင်ဖို့ လက်ဆောင်ပေးခဲ့တာလို့ အိန္ဒိယသံရုံးက သတင်းထုတ်ပါတယ်။
အိန္ဒိယ နိုင်ငံခြားရေးအတွင်းဝန်ဟာ ဒီဇင်ဘာ ၂၂ ရက်နဲ့ ၂၃ ရက်မှာ မြန်မာနိုင်ငံကို ၂ ရက်ကြာခရီး လာရောက်တာဖြစ်ပြီး ဒါဟာ မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီ စစ်တပ်အာဏာသိမ်းပြီးနောက် အိန္ဒိယရဲ့ အဆင့်မြင့်အရာရှိတဦးအနေနဲ့ ပထမဆုံးလာရောက်တဲ့ ခရီးစဉ် ဖြစ်ပါတယ်။
အခုနှစ် ဇန်နဝါရီလက အိန္ဒိယအစိုးရရဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေး တင်ပို့ရောင်းချမှု အစီအစဉ်ကို စတင်ခဲ့ချိန်က ကမ္ဘာတဝန်းက နိုင်ငံတွေကို လူသားချင်းစာနာမှုအရ ရောင်းချတဲ့ Vaccine Maitri initiative အစီအစဉ်ရဲ့ တစ်စိတ်တစ်ပိုင်းအနေနဲ့ မြန်မာနိုင်ငံဟာ ဘင်္ဂလားဒေ့ရှ်၊ ဘူတန်၊ နီပေါတို့နဲ့အတူ Serum Institute of India (SII) ရဲ့ Covishield ကာကွယ်ဆေးကို လက်ခံရရှိခဲ့တာပါ။
ဇန်နဝါရီ ၂၂ ရက်မှာ မြန်မာနိုင်ငံကို ပထမဆုံး ကာကွယ်ဆေးတွေ ပေးပို့ခဲ့တာဖြစ်ပြီး အိန္ဒိယနိုင်ငံဟာ အခုချိန်အထိ ကာကွယ်ဆေး အလုံးရေ ၄၇ သိန်း ပေးပို့ထားပြီးဖြစ်ပါတယ်။
အိန္ဒိယ နိုင်ငံခြားရေးအတွင်းဝန်ဟာ ခရီးစဉ်အတွင်းမှာ စစ်ကောင်စီတာဝန်ရှိသူတွေ၊ နိုင်ငံရေးပါတီတွေ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေနဲ့လည်း တွေ့ဆုံ ဆွေးနွေးမှုတွေ လုပ်သွားမယ်လို့ အိန္ဒိယ ပြည်ပရေးရာဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ပံ့ပိုးကူညီမှုဆိုင်ရာ ကိစ္စရပ်တွေ၊ လုံခြုံရေးနဲ့ အိန္ဒိယ-မြန်မာ နယ်စပ်ရေးရာ ကိစ္စရပ်တွေနဲ့ မြန်မာ့နိုင်ငံရေး အခြေအနေတွေကို ဆွေးနွေးဖို့ရှိတယ်လို့လည်း ဆိုပါတယ်။
အိန္ဒိယအရှေ့မြောက်ပိုင်းမှာ မူးယစ်ဆေးဝါးနဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေ တိုးပွားလာတဲ့ သတင်းတွေကြောင့် မြန်မာအကျပ်အတည်းဟာ အိန္ဒိယနိုင်ငံထဲ ဖိတ်စင်ပြန့်ကျဲလာမှာကို အိန္ဒိယအစိုးရက စိုးရိမ်နေတာဖြစ်ပါတယ်။
Photo Credit-India Embassy