close

အိန္ဒိယနိုင်ငံသား ၂ ဦး အသတ်ခံရမှု

close

July 12, 2022

ပစ်သတ်ခံခဲ့ရသည့် အိန္ဒိယနိုင်ငံသား ၂ ဦး၏ အမှုကို စနစ်တကျ စုံစမ်းရန် NUG ပြည်ထောင်စု ဝန်ကြီးချုပ် ညွှန်ကြား

ပြီးခဲ့တဲ့တပတ်က စစ်ကိုင်းတိုင်း၊ တမူးမြို့မှာ အိန္ဒိယနိုင်ငံသား ၂ ယောက် သေနတ်နဲ့ ပစ်သတ်ခံခဲ့ရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ပြည်ထဲရေးဝန်ကြီးဌာနအနေနဲ့ စနစ်တကျ စုံစမ်းဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ညွှန်ကြားလိုက်ပါတယ်။

ဇွန် ၁၂ ရက် ဒီကနေ့ ပြုလုပ်တဲ့ NUG အစိုးရ ၆၁ ကြိမ်မြောက် အစိုးရအဖွဲ့အစည်းဝေးမှာ ခုလိုပြောလိုက်တာဖြစ်ပြီး အစည်းအဝေးကိုတော့ ယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတို့ အပါအဝင် ပြည်ထောင်စုဝန်ကြီးတွေ၊ ဒုဝန်ကြီးတွေ တက်ရောက်ခဲ့ကြတာ ဖြစ်ပါတယ်။

ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက “တမူးမြို့မှာ အိန္ဒိယနိုင်ငံသား နှစ်ဦး သတ်ဖြတ်ခံရတဲ့ကိစ္စနဲ့ ပတ်သက်ပြီးလည်း အခြေခံအချက်အလက်တွေ ချက်ချင်းစုံစမ်းပြီး ကျနော်တို့ ထုတ်ပြန်ကြေညာချက်တစ်စောင် ထုတ်ခဲ့ပြီး ဖြစ်ပါတယ်။ ဒီဖြစ်ရပ်ကို ကျူးလွန်သူတွေက ပျူစောထီးအဖွဲ့ဝင်တွေ ဖြစ်တယ်လို့ တမူးမြို့နဲ့ မိုရေးမြို့မှာ နေထိုင်ကြတဲ့ ပြည်သူတွေက သိနေကြပေမယ့် စစ်ကောင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဇော်မင်းထွန်းက ဒီဖြစ်ရပ်ကို ကျူးလွန်သူတွေဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များဖြစ်တယ်လို့ သတင်းစာရှင်းလင်းပွဲမှာ စွပ်စွဲထားပြီး ဗြောင်လိမ်လည် ငြင်းဆိုထားတယ်။ တကယ်တော့ ပျူစောထီးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ၊ စစ်ကောင်စီ လက်အောက်ခံ ရဲတပ်ဖွဲ့ဝင်တွေဟာ မြန်မာနိုင်ငံအနှံ့အပြားမှာ ဥပဒေမဲ့ ဖမ်းဆီးချုပ်နှောင်ခြင်း၊ လူမဆန်ရက် စက်စွာနှိပ်စက် သတ်ဖြတ် ခြင်းတွေကို အရပ်သား ပြည်သူများအပေါ် ပြုကျင့်လျက်ရှိတယ်။ ဒီလိုပြုကျင့်တဲ့ ဖြစ်ရပ်များစွာရဲ့ ခိုင်လုံသော မှတ်တမ်းမှတ်ရာများကိုလည်း ကျနော်တို့ ရရှိထားပါတယ်။ ဒီလို ကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး ကျနော်တို့အနေနဲ့ တရားမျှတမှု တွေရရှိနိုင်ဖို့ ဆက်လက်လုပ်ဆောင်ဖို့တွေရှိနေတာမို့ ကျနော့်အနေနဲ့တော့ ပြည်ထဲရေးဝန်ကြီးဌာနမှ ဦးဆောင်ပြီး စနစ်တကျစီမံ ဆောင်ရွက်စေချင်ပါတယ်။ တမူးမှာရှိတဲ့ ပအဖတွေ ပကဖ တွေနဲ့ တွေ့ဆုံပြီး အမှုကိစ္စအတွက် ဆက်လက်စုံစမ်း ဆောင်ရွက်ဖို့ လိုအပ်ပါတယ်။ လိုအပ်ရင် တရားရေးနဲ့ ပူးပေါင်းဆောင်ရွက်ဖို့လည်း တိုက်တွန်းလိုပါတယ်”လို့ ပြောပါတယ်။

ဒီကိစ္စဟာ အိမ်နီးနားချင်း ဆက်ဆံရေးအတွက်လည်း အရေးကြီးတဲ့အပြင် အစိုးရတရပ်အနေနဲ့ တာဝန်ရှိနေတာမို့ ကြိုးစားဆောင်ရွက်ပေးစေချင်တယ်လို့ မန်းဝင်းခိုင်သန်းက ပြောပါတယ်။

ဒါ့အပြင် တိုင်းပြည်ကို နှစ်ပေါင်းများစွာ နည်းလမ်းမျိုးစုံနဲ့ ဒုက္ခပေးခဲ့တဲ့ စစ်အာဏာရှင်တစ်စုကို အပြီးတိုင် မောင်းထုတ်ပြီးမှသာ မြန်မာတစ်နိုင်ငံလုံး နေရာဒေသမရွေး အေးအေးချမ်းချမ်း ပြန်လည်နေထိုင်နိုင်ကြမှာ ဖြစ်တာမို့ အားလုံး အားစိုက်ပြီး ဆက်လက်မောင်းထုတ်ကြဖို့ လိုအပ်တယ်လို့လည်း ပြည်ထောင်စုဝန်ကြီးချုပ်က ပြောပါတယ်။

“အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ရဲ့ ဘဏ္ဍာငွေ ၉၅ ရာခိုင်နှုန်းလောက်ဟာ ကာကွယ်ရေးဝန်ကြီးဌာနအတွက် သုံးထားရတာ ဖြစ်ပါတယ်။ ဒါကလည်း ဒီတော်လှန်ရေးအတွက် အင်မတန် ဖြစ်သင့်တဲ့ကိစ္စ ဖြစ်ပါတယ်။ ဒီအကြမ်းဖက်စစ်ကောင်စီကို အပြီးတိုင်ဖြိုလှဲ အမြစ်ဖြတ်နိုင်ဖို့ဆိုတာ စစ်ရေးကို အရှိန်အဟုန်နဲ့ ဖိဖိစီးစီးလုပ်ဆောင်ရမှာ ဖြစ်ပါတယ်။ ဒါကြောင့် စစ်ရေးကဏ္ဍဘက်အားစိုက်ဖို့ဆိုရင် ဘဏ္ဍာငွေလိုအပ်ချက်တွေကလည်း ရှိလာမှာ ဖြစ်ပါတယ်။ အခုဆိုရင် တချို့သောတိုက်ပွဲတွေမှာ ခဲယမ်း လိုအပ်ချက်တွေကို နောက်ကလိုက်ပြီး ပြည်သူ့အားနဲ့ ဝိုင်းဝန်းဖြည့်ဆည်းရင်း စီမံနေကြရတာ အားလုံးအသိပဲ ဖြစ်ပါတယ်။ ကျနော်တို့ ပြည်သူတွေကတော့ အမြဲတာဝန်ကျေကြလွန်းလို့ အမြဲကျေးဇူးတင်ရပါတယ်။ ဒါကြောင့် စီမံဘဏ္ဍာဝန်ကြီးဌာနအနေနဲ့လည်း ကဏ္ဍမျိုးစုံကြိုးပမ်းပြီး ဝင်ငွေတိုးပွားအောင် ကြိုးပမ်းနေကြတာကို အထူးကျေးဇူးတင်ပါတယ်။ ပြည်သူတွေအနေနဲ့လည်း ဆက်လက်ပူးပေါင်း ကူညီပေးကြဖို့ အားနာစွာနဲ့ပဲ ထပ်မံတိုက်တွန်းလိုပါတယ်။”

ဇူလိုင် ၅ ရက် နေ့လယ်ပိုင်းက တမူးမြို့ စော်ဘွားရပ်ကွက်မှာ အလည်လာတဲ့  အိန္ဒိယနိုင်ငံသား တမီးလ်လူငယ် ၂ ယောက်ဟာ ဦးခေါင်းကို သေနတ်နဲ့ ပစ်သတ်ခံခဲ့ရတာပါ။

ဇူလိုင် ၆ ရက် နေ့လယ်မှာတော့ အိန္ဒိယနိုင်ငံ၊ မဏိပူရပြည်နယ်၊ မိုးရေးမြို့မှာရှိတဲ့ နယ်စပ်ကုန်သွယ်ရေးအသင်းက ဖုန်းနဲ့ဆက်သွယ်ပြီး သေဆုံးသူတွေဟာ မိုးရေးမြို့က ကီမိုဟန် အသက်၂၈ နှစ်နဲ့ အိုင်ယာနား အသက် ၃၅ နှစ်တို့ဖြစ်ကြောင်း ပြောလာတယ်လို့ စစ်ကောင်စီရဲ့ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက  ပြောပါတယ်။

အဲဒီလို ပစ်သတ်ခံခဲ့ရတဲ့ ဇူလိုင် ၆ ရက် ညနေ ၃ နာရီလောက်မှာပဲ အိန္ဒိယဘက်အခြမ်းမှာ လူ ၅၀ လောက်က ဆန္ဒပြခဲ့သလို လက်ဖက်ရည်ဆိုင်တဆိုင်ကို ခဲနဲ့ပစ်ပေါက်ခဲ့ကြပြီး မိုးရေး နယ်စပ်ကုန်သွယ်ရေးအသင်း တာဝန်ရှိသူတွေနဲ့ နှစ်နိုင်ငံ လုံခြုံရေးအဖွဲ့တွေက ဖြေရှင်းပေးလိုက်လို့ ဆန္ဒပြသူတွေ အေးအေးချမ်းချမ်း ထွက်သွားကြတယ်လို့လည်း ဆိုပါတယ်။

တမူး PDF ကတော့ အဆိုပါ အိန္ဒိယနိုင်ငံသား ၂ ယောက်ကို ဇူလိုင် ၅ ရက်က စစ်ကောင်စီလက်အောက်ခံ ပျူစောထီးတွေ ဖြစ်ကြတဲ့ ဖိုးစိန်နဲ့ ဇော်ရဲတို့က ပစ်သတ်ခဲ့ကြတာလို့ ထုတ်ပြန်ထားပါတယ်။

10 mins Ago

July 8, 2022

အိန္ဒိယနိုင်ငံသား ၂ ဦး ပစ်သတ်ခံရသည့်ကိစ္စ နှစ်နိုင်ငံ ဆက်သွယ်ဆောင်ရွက် ပြေလည်သွားပြီဟု စစ်ကောင်စီပြော

စစ်ကိုင်းတိုင်း၊ တမူးမြို့မှာ အိန္ဒိယနိုင်ငံသားနှစ်ယောက် သေနတ်နဲ့ ပစ်သတ်ခံခဲ့ရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ပြေလည်သွားပြီဖြစ်သလို နှစ်နိုင်ငံ ဆက်သွယ်မေးမြန်းနေတာတွေ ရှိတယ်လို့ စစ်ကောင်စီရဲ့ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက  ပြောပါတယ်။

ဇူလိုင် ၇ ရက်က မီဒီယာတွေကို ပြန်လည်ဖြေကြားခဲ့တာဖြစ်ပြီး အားလုံး ထိန်းသိမ်းဆောင်ရွက်နေတယ်လို့လည်း စစ်ကောင်စီ ပြောခွင့်ရသူက ဆိုပါတယ်။

ဇူလိုင် ၅ ရက် နေ့လယ်ပိုင်းက တမူးမြို့ စော်ဘွားရပ်ကွက်မှာ အိန္ဒိယနိုင်ငံသား တမီးလ်လူငယ် နှစ်ယောက်ဟာ  ဦးခေါင်းကို သေနတ်နဲ့ ပစ်သတ်ခံခဲ့ရတာပါ။

ဗိုလ်ချုပ်ဇော်မင်းထွန်းက “တမူးမှာရှိတဲ့ မြို့နယ်ရဲစခန်းက မြို့နယ်မှူးအပါအဝင် လုံခြုံရေးတပ်ဖွဲ့က သွားရောက်ပြီး ၁၂ နာရီခွဲလောက်မှာ စစ်ဆေးခဲ့တဲ့အခါမှာ အဲမှာတော့ ဟိန္ဒူလူမျိုးလို့ ယူဆရတဲ့ အသက် ၃၅ နှစ်ခန့်ရှိတဲ့ အမျိုးသားတယောက်၊ အသက် ၃၂ နှစ်ခန့်လို့ ခန့်မှန်းတဲ့ အမျိုးသားတယောက် ဒဏ်ရာတွေကတော့ သေနတ်နဲ့ပစ်သွားတဲ့ ဟာတွေချည်းပဲ။ ဦးခေါင်းတွေပဲ ထိမှန်တဲ့ အနေအထားရှိတယ်။ သေဆုံးနေတာတွေ့ရတယ်။ အဲဒါနဲ့ မြို့နယ်ရဲတပ်ဖွဲ့နဲ့ လုံခြုံရေးအဖွဲ့တွေဟာ အနီးအနားပတ်ဝန်းကျင်ကို စစ်ဆေးတယ်။ စစ်ဆေးတဲ့အခါမှာတော့ ၁၂ နာရီခွဲလောက်မှာ အဲဒီနှစ်ယောက်က စော်ဘွားရပ်ကွက်ကို ဆိုင်ကယ်တစီးနဲ့ ဝင်လာတယ်။ နှစ်ယောက်လုံး အတူတူစီးလာတယ်။ လာတဲ့အချိန်မှာပဲ အကြမ်းဖက်အဖွဲ့တဖွဲ့က သေနတ်နဲ့ပစ်ခတ်ပြီး ထွက်ပြေးသွားကြောင်း သိရတယ်။ အဲဒါကြောင့် အလောင်းတွေကို တမူးဆေးရုံကိုပို့တယ်။ ၁ နာရီခွဲလောက်မှာ ရောက်တယ်။ အဲဒီမှာ တမူးရဲစခန်းမှာ သေမှုသေခင်းဖွင့်တယ်။ အဲဒီအလောင်းတွေကို မြို့မိမြို့ဖတွေ ရပ်ကွက် ကျေးရွာအုပ်ချုပ်ရေးမှူးတွေနဲ့ သတင်းစုံစမ်းစစ်ဆေးခဲ့တယ်။ အဲဒီမှာ လာရောက်ဆက်သွယ်တာတော့ မရှိခဲ့ဘူး။ အဲဒါကြောင့် ၆ ရက်နေ့ မနက်မှာတော့ တမူးမြို့ သုသာန်မှာ  မီးသင်္ဂြိုဟ်ခဲ့တယ်လို့ သိရတယ်” လို့ ပြောပါတယ်။

ဇူလိုင် ၆ ရက် နေ့လယ်မှာတော့ အိန္ဒိယနိုင်ငံ၊ မဏိပူရပြည်နယ်၊ မိုးရေးမြို့မှာရှိတဲ့ နယ်စပ်ကုန်သွယ်ရေးအသင်းက ဖုန်းနဲ့ဆက်သွယ်ပြီး သေဆုံးသူတွေဟာ မိုးရေးမြို့က ကီမိုဟန် အသက်၂၈ နှစ်နဲ့ အိုင်ယာနား အသက် ၃၅ နှစ်တို့ဖြစ်ကြောင်း ပြောလာတယ်လို့ ဆိုပါတယ်။

“ဇူလိုင်လ ၅ ရက်နေ့မှာ မြန်မာ-အိန္ဒိယ နယ်စပ် ပန်းဘဲတန်းပေါက်ပေါ့။ ဒေသအခေါ်ပေါ့။ မြန်မာနိုင်ငံထဲကို ဝင်ရောက်လာတယ်လို့ သူတို့ပြောပြချက်အရ သိရပါတယ်။ သူတို့ တရားဝင် ဝင်ရောက်လာတဲ့သူတွေလား ဆိုတော့ သူတို့က တရားဝင် ဝင်ရောက်တာတော့ မရှိဘူး။ အဲမှာ တခုရှိတာက အများအားဖြင့်က တမူး-မိုးရေးဆိုတာ ဆက်စပ်နေတဲ့နယ်မြေ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ သွားလာကူးသန်းမှုတွေ ရှိတဲ့အတွက်ကြောင့် တရားမဝင် ဝင်ရောက်တာ မဝင်ရောက်တာကတော့ အဓိကတော့မဟုတ်ဘူး။ သွားလာကူးသန်းမှုတွေရှိတယ်” လို့လည်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

ဇူလိုင် ၆ ရက် ညနေ ၃ နာရီလောက်မှာ အိန္ဒိယဘက်အခြမ်းမှာ လူ ၅၀ လောက်က ဆန္ဒပြခဲ့သလို လက်ဖက်ရည်ဆိုင်တဆိုင်ကို ခဲနဲ့ပစ်ပေါက်ခဲ့ကြပြီး မိုးရေး နယ်စပ်ကုန်သွယ်ရေးအသင်း တာဝန်ရှိသူတွေနဲ့ နှစ်နိုင်ငံ လုံခြုံရေးအဖွဲ့တွေက ဖြေရှင်းပေးလိုက်လို့ ဆန္ဒပြသူတွေ အေးအေးချမ်းချမ်း ထွက်သွားကြတယ်လို့လည်း ဆိုပါတယ်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက “အဲဒီနောက်ပိုင်းမှာတော့ မိုးရေးမြို့မှာရှိနေတဲ့ လုံခြုံရေးတပ်ဖွဲ့တွေက မြန်မာနိုင်ငံဘက်ကို အကြောင်းကြားလာတာရှိတယ်။ မြန်မာနိုင်ငံဘက်က လုံခြုံရေးတပ်ဖွဲ့တွေကလည်း မိုးရေးဘက်ကို အကြောင်းကြားတာ ရှိတယ်။ အကြောင်းကြားပြီးတော့ နှစ်ဖက် ထိန်းသိမ်းဆောင်ရွက်ခဲ့တယ်။ ပြဿနာကတော့ ပြေလည်သွားတာ ရှိပါတယ်။ စွပ်စွဲချက်တွေကတော့ ရှိတာပေါ့။ ထုံးစံအတိုင်းပဲ အဲဒီဘက်မှာက တပ်ကပဲ ပစ်တယ်ထင်အောင်ပေါ့။ နှစ်နိုင်ငံချစ်ကြည်ရေး ပျက်ပြားစေအောင်ပေါ့။ သို့သော် နှစ်နိုင်ငံတပ်တွေအနေနဲ့က ဆက်သွယ်မှု ဆက်ဆံမှု အမြဲတမ်းရှိတယ်။ အားလုံးလည်းသိပြီး ဖြစ်ပါတယ်။ ပြဿနာတွေတော့ ပြေလည်သွားပါပြီ။ အိန္ဒိယနိုင်ငံအနေနဲ့ကတော့ ဒီဟာနဲ့ပတ်သက်ပြီး နိုင်ငံခြားရေးဝန်ကြီးအချင်းချင်း ဆက်သွယ်ပြီး မေးမြန်းနေတာလည်း ရှိတယ်။ လုံခြုံရေးတပ်ဖွဲ့တွေ အချင်းချင်း ဆက်သွယ်ပြီး မေးမြန်းနေတာတွေလည်း ရှိတယ်။ အားလုံး ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်လျက် ရှိပါတယ်။ သတ်သွားတဲ့သူတွေနဲ့ ပတ်သက်ပြီး တရားဝင် အသေးစိတ် စုံစမ်း စစ်ဆေးမှုတွေလည်း လုပ်ဆောင်နေပါတယ်” လို့​လည်း ပြောပါတယ်။

အိန္ဒိယနိုင်ငံသား နှစ်ယောက်ဟာ ပျူစောထီးတွေ သတ်ဖြတ်လို့ သေဆုံးရတာလို့ အိန္ဒိယ  မီဒီယာတခုဖြစ်တဲ့ Republic က  ဇူလိုင် ၅ ရက်မှာ အတည်ပြု ဖော်ပြထားပါတယ်။

အိန္ဒိယနိုင်ငံသား နှစ်ယောက်ကို ဇူလိုင် ၅ ရက်က စစ်ကောင်စီလက်အောက်ခံ ပျူစောထီးတွေ ဖြစ်ကြတဲ့ ဖိုးစိန်နဲ့ ဇော်ရဲတို့က ပစ်သတ်ခဲ့ကြတာလို့ တမူး PDF ကလည်း ဇူလိုင် ၇ ရက်မှာ ထုတ်ပြန်ပါတယ်။

လက်ရှိမှာတော့ မိုးရေးမြို့ကို အိန္ဒိယအထူးကွန်မန်ဒိုတပ်ဖွဲ့ ရောက်ရှိနေပြီး နှစ်နိုင်ငံ နယ်စပ်လုံခြုံရေး တင်းကျပ်ထားသလို အပြန်အလှန် ကူးသန်းသွားလာမှုတွေကိုလည်း ကန့်သတ်ထားပါတယ်။

4 days Ago
Up