မြန်မာ-ထိုင်းနယ်စပ်မှာ အလုပ်အကိုင်တုတွေနဲ့ ဖြားယောင်းခေါ်ဆောင်ခံရတဲ့ အိန္ဒိယနိုင်ငံသား ၂၀၀ ကျော်ကို မြန်မာနိုင်ငံကနေ ပြန်လည်ကယ်တင်နိုင်ခဲ့ကြောင်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ပြောဆိုချက်ကို ကိုးကားပြီး အိန္ဒိယအခြေစိုက် ANI News က ဖော်ပြတယ်။
အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူ အာရင်ဒမ်ဘာချီက “ကျနော်တို့ လူဦးရေ ၂၀၀ ကျော်ကို ကယ်တင်နိုင်ခဲ့ပြီး ၁၅၃ ယောက်ကို အိန္ဒိယကို ပြန်လည်ပို့ဆောင်ပေးခဲ့ပြီးပါပြီ။ နောက်ထပ် အယောက် ၅၀ ကို ပြန်လည်ပို့ဆောင်ဖို့စီစဉ်နေပါပြီ။ တချို့က ထိုင်းမှာ ထိန်းသိမ်းခံထားရပြီး သက်ဆိုင်ရာစာရွက်စာတမ်းတွေရရှိဖို့ စောင့်နေပါတယ်။ တချို့ကလည်း ထိုင်းမှာ အဆင်သင့်စောင့်နေကြပါပြီ။ ထိုင်းက အာဏာပိုင်တွေနဲ့ ကျနော်တို့ ချိတ်ဆက်လုပ်ဆောင်နေပါတယ်။” လို့ နိုဝင်ဘာလ ၂၄ ရက် အပတ်စဉ်သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
အလုပ်အကိုင်တုတွေနဲ့ ဖြားယောင်းခံရပြီး မြန်မာနိုင်ငံထဲမှာ ပိတ်မိနေတဲ့ အိန္ဒိယနိုင်ငံသားတွေရဲ့ အမှုတွေကို ရန်ကုန်မှာရှိတဲ့ အိန္ဒိယသံရုံး၊ ဘန်ကောက်မှာရှိတဲ့ အိန္ဒိယသံရုံး၊ ထိုင်းနိုင်ငံ ချင်းမိုင်မြို့က အိန္ဒိယကောင်စစ်ဝန်ရုံးတို့ဟာ အလေးထားစုံစမ်းနေကြတယ်လို့ ပြောပါတယ်။
လာအိုနဲ့ ကမ္ဘောဒီးယားကို ခေါ်ဆောင်သွားခံရတဲ့ အိန္ဒိယနိုင်ငံသားတွေလည်းရှိပြီး အိန္ဒိယနိုင်ငံသား ၃၆၀ ကျော်ကို လာအိုကနေ အိန္ဒိယကို ပြန်လည်ပို့ဆောင်ပေးနေပြီး နောက်ထပ် ၁၁ ယောက် ထပ်ရောက်လာဖို့ရှိတယ်လို့ ဆိုပါတယ်။ ကမ္ဘောဒီးယားကနေ ပြန်လည်ကယ်တင်နိုင်ခဲ့တာကတော့ အယောက် ၁၀၀ ကျော်ရှိတယ်လို့ ပြောပါတယ်။
“မြန်မာနဲ့ ထိုင်းကို ကျနော်တို့က သတိပေး အကြံပြုချက်ပေးထားပြီး ဒီကိစ္စအပေါ် အလေးထားပေးဖို့ တောင်းဆိုထားပါတယ်။ ဒီအလုပ်အကိုင်တုနဲ့ ဖြားယောင်းတဲ့ ရာဇဝတ်မှုမှာ ပါဝင်ပတ်သက်နေတဲ့ အေးဂျင့်တွေရဲ့ အချက်အလက်အသေးစိတ်ကိုလည်း ကျနော်တို့ စုံစမ်းနေပါတယ်။ သူတို့က များသောအားဖြင့်တော့ ဒူဘိုင်းအခြေစိုက် အလုပ်အကိုင်ရှာဖွေရေး အေးဂျင့်တွေကနေတဆင့် အလိမ်ခံရတာပဲ” လို့ အာရင်ဒမ်ဘာချီက ပြောပါတယ်။
အခုလရဲ့ အစောပိုင်းမှာလည်း ပြင်းထန်ခက်ခဲတဲ့ အလုပ်ကြမ်းတွေကို မြန်မာနိုင်ငံထဲမှာ အတင်အကျပ် ခိုင်းစေခံနေရတဲ့ အိန္ဒိယနိုင်ငံသား ၃၈ ယောက်ကို အိန္ဒိယကို ပြန်လည်ပို့ဆောင်ပေးခဲ့ရဖူးပါတယ်။
မကြားသေးမီကပဲ အိန္ဒိယနိုင်ငံခြားရေးအတွင်းဝန် ဗင်နေမိုဟန်ကွာထရာ ကလည်း မြန်မာနိုင်ငံက စစ်ခေါင်းဆောင်အပါအဝင် ဝန်ကြီးတချို့နဲ့ တွေ့ဆုံပြီး နိုင်ငံတကာရာဇဝတ်ဂိုဏ်းတွေရဲ့ လူကုန်ကူးမှုခံနေရတဲ့ အိန္ဒိယနိုင်ငံသားတွေရဲ့ ပြဿနာကို ဆွေးနွေးခဲ့ပါသေးတယ်။
အိန္ဒိယနိုင်ငံခြားရေးအတွင်းဝန်ရဲ့ မြန်မာနိုင်ငံခရီးစဉ်မှာ အိန္ဒိယ-မြန်မာနယ်စပ်တလျှောက် လုံခြုံရေးနဲ့ တည်ငြိမ်အေးချမ်းရေး၊ မြဝတီနယ်မြေမှာ အိန္ဒိယနိုင်ငံသားတွေ ဖမ်းဆီးခံထားရတဲ့ အလုပ်အကိုင်တုတွေနဲ့ မျှားပြီး လူကုန်ကူးနေကြတဲ့ နိုင်ငံတကာ ဒုစရိုက်ဂိုဏ်းတွေရဲ့ ပြဿနာတွေကို ဆွေးနွေးခဲ့ကြပြီး နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်နေတဲ့ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းတွေကို ပြန်လည်သုံးသပ်ခဲ့ကြတယ်လို့ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
Ref- ANI News
အိန္ဒိယ-မြန်မာနယ်စပ်၊ မဏိပူရ်ပြည်နယ်၊ မိုးရေးမြို့ကို အိန္ဒိယ အထူးကွန်မန်ဒိုတပ်ဖွဲ့တွေပါတဲ့ ရဟတ်ယာဉ်တစီး ဇူလိုင် ၇ ရက် နေ့လယ် ၃ နာရီ ကျော်လောက်က ဆင်းသက်ခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။
မိုးရေးမြို့နေ အိန္ဒိယနိုင်ငံသား တမီးလ်လူမျိုး အသက် ၂၈ နှစ်အရွယ် မိုဟန်နဲ့ အသက် ၃၅ နှစ်အရွယ် အမ်လရာနာတို့ဟာ ဇူလိုင် ၅ ရက် မွန်းလွဲတနာရီလောက်က မြန်မာဘက်ခြမ်း တမူးမြို့ရှိ မိတ်ဆွေဆီ အလည်လာရာမှ စော်ဘွားရပ်ကွက်၊ အ.မ.က (၄) စာသင်ကျောင်းအနီးမှာ သေနတ်နဲ့ အနီးကပ် ပစ်ခတ်သတ်ဖြတ်ခံခဲ့ရတာပါ။
မြန်မာဘက်မှာ အခုလို အိန္ဒိယနိုင်ငံသားနှစ်ယောက် အသတ်ခံရတာနဲ့ပတ်သက်ပြီး နယ်စပ်လုံခြုံရေးအတွက် ကွန်မန်ဒိုတပ်ဖွဲ့စေလွှတ်တာ ဖြစ်နိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ မိုးရေးမြို့မှာ လူထုဆန္ဒပြအုံကြွမှု ဖြစ်ပွားခဲ့ပြီးနောက် အိန္ဒိယနိုင်ငံသားတွေ မြန်မာပြည်ထဲမသွားဖို့နဲ့ မြန်မာနိုင်ငံသားတွေလည်း ခွင့်ပြုချက်ပါမှ အိန္ဒိယဘက် ဝင်လာကြဖို့ တင်းနိုပလ်ခရိုင်အုပ်ချုပ်ရေးမှူးက ဒေသန္တရအမိန့် ထုတ်ပြန်ထားပါတယ်။
ဒီမနက်ပိုင်း မိုးရေးဈေးမှာ မြို့ခံတချို့သာ ဈေးရောင်းဈေးဝယ်သွားကြပြီး ဈေးဆိုင်တွေ ပိတ်ထားကြကာ မြန်မာပြည်ဘက်အခြမ်း တမူးမြို့ကလာတဲ့ ဈေးသည်တွေ အိန္ဒိယဘက် ဝင်ခွင့်မရှိတော့တာကြောင့် စစ်ဘေးရှောင်တွေနဲ့ နိုင်ငံရေးခိုလှုံနေသူတွေ အရင်လို လွတ်လွတ်လပ်လပ် အပြင်ထွက်ဖို့၊ ဈေးဝယ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေသူတွေက ပြောပါတယ်။
အိန္ဒိယနိုင်ငံသား နှစ်ယောက်ဟာ ပျူစောထီးတွေ သတ်ဖြတ်လို့ သေဆုံးရတာလို့ မီဒီယာတခုဖြစ်တဲ့ Republic က ဇူလိုင် ၅ ရက်မှာ အတည်ပြု ဖော်ပြထားပါတယ်။
အိန္ဒိယနိုင်ငံသား နှစ်ယောက်ကို ဇူလိုင် ၅ ရက်က စစ်ကောင်စီလက်အောက်ခံ ပျူစောထီးတွေ ဖြစ်ကြတဲ့ ဖိုးစိန်နဲ့ ဇော်ရဲတို့က ပစ်သတ်ခဲ့ကြတာလို့ တမူး PDF ကလည်း ဇူလိုင် ၇ ရက်မှာ ထုတ်ပြန်ပါတယ်။
စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ PDF တွေက ပစ်သတ်ခဲ့တာလို့ အထောက်အထားမရှိ စွပ်စွဲပြောထားပြီး သေဆုံးတဲ့ အိန္ဒိယနိုင်ငံသား နှစ်ယောက်ရဲ့ အလောင်းတွေကို မီးရှို့သင်္ဂြိုဟ်ပြီးဖြစ်ကြောင်း ပြောထားပါတယ်။
ဒီကိစ္စ စစ်ကောင်စီဘက်က စုံစမ်းစစ်ဆေးခဲ့ပေမဲ့ လာရောက်ဆက်သွယ်တာ မရှိတဲ့အတွက် ဇူလိုင် ၆ ရက် မနက်ပိုင်းက တမူးမြို့သုသာန်မှာ သင်္ဂြိုဟ်ပြီးဖြစ်ကြောင်း၊ သေဆုံးတဲ့ ရုပ်အလောင်းတွေကို သင်္ဂြိုဟ်ပြီးတဲ့နောက် ဇူလိုင် ၆ ရက် နေ့လယ်ပိုင်းက မိုးရေးမြို့ရှိ နယ်စပ်ကုန်သွယ်ရေးအသင်း တာဝန်ရှိသူတယောက်က လာရောက်ဆက်သွယ်မှသာ အိန္ဒိယနိုင်ငံသားဖြစ်မှန်း သိခဲ့ရတယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။
တမူး PDF တွေက ပစ်သတ်ခဲ့တာလို့ စစ်ကောင်စီရဲ့ စွပ်စွဲပြောဆိုချက် မဟုတ်မှန်ကြောင်း၊ အခင်းဖြစ်ပွားတဲ့ စော်ဘွားရပ်ကွက်ဟာ ပျူစောထီးတွေကြီးစိုးတဲ့ ရပ်ကွက်သာဖြစ်ကြောင်း၊ မိမိတို့တပ်ဖွဲ့တွေဟာ မြို့ပေါ်မှာ နေတဲ့သူတွေ မဟုတ်ဘူးလို့ တမူး PDF ရဲ့ ပြောရေးဆိုခွင့်ရှိသူက ဒီဗွီဘီကို ပြောပါတယ်။
ပစ်သတ်ခံရမှုအပြီး ဇူလိုင် ၆ ရက်နေ့မှာပဲ အိန္ဒိယပြည်သူတွေဟာ အိန္ဒိယ-မြန်မာနယ်စပ် မိုးရေးမြို့မှာ သတ်ဖြတ်ခံရတဲ့ သူတို့နိုင်ငံသားတွေရဲ့ ရုပ်အလောင်းကို ပြန်လည်ရရှိရေးအတွက် ဆန္ဒပြတောင်းဆိုခဲ့ကြသလို မြန်မာရဲကင်းစခန်းကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြပါသေးတယ်။
လတ်တလော မိုးရေးမြို့ထဲမှာ လူစုလူဝေးပြုလုပ်တာ၊ အုပ်စုလိုက် သွားလာတာတွေကို ဇူလိုင် ၆ ရက်ကစပြီး အကန့်အသတ်မရှိ ခွင့်ပြုတော့မှာမဟုတ်ကြောင်း ဒေသဆိုင်ရာ အိန္ဒိယ အာဏာပိုင်တွေက ကြေညာထားပါတယ်။
မိုးရေးမြို့ထဲမှာ လူငါးယောက်ထက်ပိုပြီး မစုဝေးရအမိန့် ထုတ်ပြန်ထားပေမဲ့ မိုးရေးမြို့က ဒေသခံတွေကတော့ မိုးရေးမြို့မှာ တမီးလ်လူငယ်တွေက ဇူလိုင် ၇ ရက် ညနေ ၆ နာရီဝန်းကျင်က နာရီဝက်ကြာ ဆန္ဒဖော်ထုတ်ကြတယ်လို့ ဆိုပါတယ်။
ဆန္ဒပြသူတွေက ‘We Want Justice’ လို့ ကြွေးကြော်ခဲ့ကြပြီး မိမိတို့ အိန္ဒိယနိုင်ငံသား တမီးလ်လူမျိုးကို မြန်မာစစ်တပ်လက်ပါးစေ ပျူစောထီးတွေရဲ့ သတ်ဖြတ်မှုအပေါ် တရားမျှတမှုကို လိုချင်တဲ့အကြောင်း တောင်းဆို ဆန္ဒထုတ်ဖော်ကြတာ ဖြစ်ပါတယ်။