အိန္ဒိယလယ်သမားတွေဟာ သူတို့တောင်းဆိုချက် အတော်များများကို အစိုးရက သဘောတူခဲ့တဲ့ နောက် ကာလကြာရှည်စွာ ဆန္ဒပြနေခဲ့တာကို ရပ်ဆိုင်းပေးလိုက်ပါတယ်။
သူတို့ ထုတ်ကုန်တော်တော်များအပေါ် အစိုးရက အာမခံဈေးနှုန်း သတ်မှတ်ပေးမှုနဲ့ တခြား အာမခံချက်တွေကိုပါ လိုက်လျောတာကြောင့် ဒီဇင်ဘာ ၁၁ ရက်မှာ နယူးဒေလီမြို့စွန် သပိတ်စခန်းကို ရပ်တော့မယ်လို့ သမဂ္ဂခေါင်းဆောင်တွေက ပြောပါတယ်။
ဒါပေမဲ့ ဇန်နဝါရီ ၁၅ နေ့ လယ်သမားခေါင်းဆောင်တွေ ပြန်လည်တွေ့ဆုံရာမှာ အစိုးရဘက်က ပြောတဲ့အတိုင်း အာမခံမှုပေး မပေးဆိုတာကို ပြန်လည်သုံးသပ်ပြီး ကတိမတည်ခဲ့ပါက သပိတ်စခန်းတွေ ပြန်ဖွင့်မယ်လို့ ပြောပါတယ်။
အရင်က အစိုးရက ဆန်နဲ့ဂျုံကိုပဲ အာမခံဈေးနှုန်းနဲ့ အဓိကဝယ်ယူခဲ့တာကြောင့် အိန္ဒိယလယ်သမား သန်းပေါင်းများစွာထဲက ၆ ရာခိုင်နှုန်းသာ အကျိုးရရှိခဲ့ပါတယ်။
ဒါကြောင့် လယ်သမားတွေက ထုတ်ကုန်အားလုံး အာမခံဈေးနှုန်းသတ်မှတ်ပေးဖို့နဲ့ တရားစွဲဆို ခံထားရတဲ့ ဆန္ဒပြလယ်သမားတွေရဲ့အမှုတွေ ပြန်ရုတ်သိမ်းပေးဖို့ အစိုးရကို ဖိအားပေးခဲ့ပါတယ်။
အိန္ဒိယနိုင်ငံက လယ်သမားတွေဟာ အစိုးရချမှတ်တဲ့ ပြုပြင်ပြောင်းလဲရေးကို ဆန့်ကျင်ပြီး စက်တင်ဘာ ၂၇ ရက်က ပြည်လုံးကျွတ် ဆန္ဒပြခဲ့ပါတယ်။
စိုက်ပျိုးရေးကဏ္ဍကို လွတ်လပ်ခွင့်ပေးတဲ့ ဥပဒေတွေကို စတင်ကျင့်သုံးပြီး တနှစ်အကြာမှာ ပြုပြင်ပြောင်းလဲရေးဟာ သူတို့ရဲ့ လူနေမှုဘဝကို ခြိမ်းခြောက်နေတယ်လို့လည်း ဆန္ဒပြသူတွေက ပြောပါတယ်။
လယ်သမားသမဂ္ဂ ခေါင်းဆောင်တွေကတော့ သူတို့ရဲ့ ဆန္ဒပြပွဲတွေဟာ အရေးပေါ်ဌာနတွေကို အနှောင့်အယှက်မပေးဘူးလို့ ပြောကြပါတယ်။
မနှစ်က စက်တင်ဘာမှာ စတင်ကျင့်သုံးတဲ့ ဥပဒေတွေဟာ စိုက်ပျိုးရေးကဏ္ဍ စည်းမျဉ်းတွေကို ဖြေလျှော့ပေးထားတာပါ။
လယ်သမားတွေဟာ အစိုးရက ကြပ်မတ်ထားတဲ့ လက်ကားဈေးကွက်တွေကို ကျော်လွန်ပြီး ဝယ်သူတွေကို သူတို့ရဲ့ထုတ်ကုန်တွေ တိုက်ရိုက်ရောင်းချဖို့ ခွင့်ပြုထားပေမဲ့ အသေးစား လယ်သမားတွေကတော့ ဒီအပြောင်းအလဲကြောင့် သူတို့ဟာ စီးပွားရေးလုပ်ငန်းကြီးတွေနဲ့ မယှဉ်ပြိုင်နိုင်ဘူးလို့ ပြောပါတယ်။
ဒါကြောင့် ဂျုံနဲ့ ဆန်လို ထုတ်ကုန်တွေအတွက် နောက်ဆုံးမှာ ဈေးမပြိုင်နိုင်တော့ဘူးလို့ အသေးစား လယ်သမားတွေက ပြောပါတယ်။
အစိုးရကတော့ သူတို့ရဲ့ ပြုပြင်ပြောင်းလဲရေးဟာ လယ်သမားတွေအတွက် အခွင့်အရေးသစ်နဲ့ ပိုကောင်းတဲ့ ဈေးနှုန်းတွေ ရစေဖို့ ရည်မှန်းထားတာလို့ ပြောပါတယ်။
လူဦးရေ ၁ ဒသမ ၃ ဘီလီယံကျော်ရှိတဲ့ အိန္ဒိယမှာ လယ်ယာကဏ္ဍမှာ လူတဝက်လောက် လုပ်ကိုင်နေတာပါ။ တိုင်းပြည်စီးပွားရေး အမေရိကန် ဒေါ်လာ ၂ ဒသမ ၇ ထရီလီယံရဲ့ ၁၅ ရာခိုင်နှုန်းကို လယ်ယာကဏ္ဍကနေ ရပါတယ်။