အိန္ဒိယနိုင်ငံအလယ်ပိုင်း၊ ချာတစ္စဂါပြည်နယ်က ရေကြီးနေတဲ့ ဆည်တခုမှာ အားပြင်းတဲ့ ရေစီးကြောင်းထဲမှာ အသက်ဘေးကြုံနေရတဲ့ အမျိုးသားတယောက်ကို အိန္ဒိယလေတပ်က Mi-17 ရဟတ်ယာဉ် သုံးပြီး သြဂုတ် ၁၇ ရက်က ကယ်တင်လိုက်ရပါတယ်။
အမျိုးသားဟာ တနင်္ဂနွေနေ့ကတည်းက ရေထဲခုန်ချခဲ့ရာမှာ မိုးကြီးပြီး ရေစီးသန်နေလို့ ကမ်းခြေဆီ ရောက်အောင် ပြန်မလာနိုင်ဖြစ်နေခဲ့တာပါ။
လေတပ်က သူ့ကို အကြိမ်ပေါင်းများစွာ ကယ်ဖို့ ကြိုးစားတာ မအောင်မမြင်ဖြစ်ခဲ့ရပြီး တနင်္လာ မနက်မှာတော့ သူ့ကို ရဟတ်ယာဉ်နဲ့ ကယ်နိုင်ခဲ့တယ်လို့ ဒေသခံ ရဲက ပြောပါတယ်။
အိန္ဒိယနိုင်ငံ အနောက်ပိုင်း ဂူဂျာရတ်ပြည်နယ် စူရတ်မြို့မှာလည်း တနင်္ဂနွေနေ့က ဆိုးဆိုးရွားရွား ရေကြီးခဲ့တာပါ။
ကယ်ဆယ်ရေးသမားတွေက ရေမြုပ်အဆောက်အဦတွေနဲ့ ရေဘေးသင့်လမ်းတွေကြားက ဒေသခံတွေကို စားနပ်ရိက္ခာနဲ့ သောက်ရေဝေပေးခဲ့တဲ့ ဗွီဒီယိုကို ဒေသခံ ရုပ်သံက ထုတ်လွှင့်ပြသပါတယ်။
အိန္ဒိယ စိုက်ပျိုးမြေ ထက်ဝက်ကျော်ဟာ ဆည်မြောင်းသွင်းရေ မရတဲ့အတွက် နှစ်စဉ် မုတ်သုံရာသီဟာ စိုက်ပျိုးရေးအတွက် အသက်သွေးကြောပါ။ ဒါပေမဲ့ မိုးကြီးတဲ့အခါမှာ ရေကြီးတာ၊ မြေပြိုတာနဲ့ ရေကြောင့်ဖြစ်တဲ့ ရောဂါတွေလိုမျိုး ပြဿနာအမြောက်အမြားကို ရင်ဆိုင်ရလေ့ ရှိပါတယ်။
11 months Ago