close

အိန္ဒိယ-မြန်မာနယ်စပ်

close

July 10, 2022

အိန္ဒိယ-မြန်မာနယ်စပ် မိုရေးမြို့မှာ အရေးပေါ်အခြေအနေ ရုပ်သိမ်း၊ တမူးတွင် ကြံ့ခိုင်ရေးပါတီဝင် ၁ ဦး ပစ်သတ်ခံရ

မြန်မာနယ်စပ် အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ် မိုးရေးမြို့မှာ အရေးပေါ်အခြေအနေ ကြေညာထားတာကို ဇူလိုင် ၉ ရက်မှာ ပြန်ရုပ်သိမ်းလိုက်ကြောင်း  ခရိုင်အုပ်ချူပ်ရေးမှူးက ထုတ်ပြန်ပါတယ်။

စစ်ကိုင်းတိုင်း၊ တမူးမြို့ကို အလည်လာတဲ့ အိန္ဒိယနိုင်ငံသား တမီးလ် လူငယ် အမျိုးသား နှစ်ယောက် အသတ်ခံရတာနဲ့ ပတ်သက်လို့ မိုးရေးမြို့မှာ ဒေသခံ အိန္ဒိယနိုင်ငံသားတွေက မကျေမနပ် ဆန္ဒပြခဲ့ကြတာကြောင့် ဇူလိုင် ၆ ရက်မှာ အရေးပေါ်အခြေအနေ ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

အရေးကြီးကိစ္စမရှိဘဲ အိန္ဒိယပြည်သူတွေ မြန်မာပြည်ဘက်ကို မသွားကြဖို့၊  မဖြစ်မနေသွားမယ်ဆိုပါက သက်ဆိုင်ရာခွင့်ပြုချက်ကိုရယူပြီးမှသာ သွားလာကြဖို့၊ မြန်မာနိုင်ငံသားတွေကိုလည်း ခွင့်ပြုချက်မရှိဘဲ ဝင်ထွက်သွားလာတာမလုပ်ဖို့၊ လူ ငါးယောက်ထက်ပိုမစုဖို့ စတာတွေ အမိန့် ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။

ဇူလိုင် ၇ ရက် ကလည်း အိန္ဒိယနိုင်ငံရဲ့ အထူးကွန်မန်ဒိုတပ်ဖွဲ့တွေ အိန္ဒိယ-မြန်မာနယ်စပ် မိုးရေးမြို့လုံခြုံ‌ရေးဆောင်ရွက်ဖို့ ရောက်ရှိလာခဲ့ပါတယ်။

အခုလိုအရေးပေါ်အခြေအနေ ပြန်ရုပ်သိမ်းလိုက်လို့ ဝမ်းသာတဲ့အကြောင်း၊ တနိုင်ငံနဲ့ တနိုင်ငံ ကူးလူးဆက်သွယ်ရတာလွယ်ကူကြောင်း၊ ကုန်စည်စီးဆင်းမှုအတွက် အဆင်ပြေကြောင်း နယ်စပ်ဒေသ တမူးမြို့မှာနေထိုင်သူတွေက ပြောပါတယ်။

ဇူလိုင် ၈ ရက်ညပိုင်းမှာတော့ တမူးမြို့၊ မြို့မ (၁၂/က) ရပ်ကွက်၊ နန်းဖာလုံက ကြံ့ခိုင်ရေးပါတီဝင် ရာအိမ်မှူး ဦးအောင်ဆွေ (အသက် ၅၀ ဝန်းကျင်)  ပစ်သတ်ခံခဲ့ရတယ်လို့ မြို့ခံတွေထံက သိရပါတယ်။

“ည၁၀နာရီလောက်မှာ အသံကြားလိုက်ရတာ။ သူကကြံ့ခိုင်ရေးပါတီဝင်ပါ။ သူကရာအိမ်မှူး လုပ်ပါတယ်။ သူ ကဒီနောက်ပိုင်းမှာ စစ်ကောင်စီနဲ့ပေါင်းတယ်။ စစ်တပ်သတင်းပေး လည်းလုပ်တယ်။ သူ့အိမ်ကို စစ်သားတွေအဝင်အထွက်လည်းရှိတယ်။ပစ်သတ်ခံရတဲ့နေရာက သူတို့အိမ်ထဲမှာပါ။” လို့ပြောပါတယ်။

ဦးအောင်ဆွေ ပစ်ခတ်သတ်ခံရမှုနဲ့ပတ်သက်ပြီး စစ်ကောင်စီကလည်း သတင်းထုတ်ပြန်ထားပြီး  ဇူလိုင် ၉ ရက် မနက် ၇ နာရီခွဲလောက်က နေအိမ်မှာရှိနေစဉ်  PDF အဖွဲ့က လာရောက်ပစ်ခတ်ခဲ့တာလို့ စွပ်စွဲဖော်ပြထားပေမဲ့ ဒီဗွီဘီအနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

ဇူလိုင် ၅ ရက်နေ့က တမီးလ်လူငယ် နှစ်ယောက်အသတ်ခံရဟာ  စစ်ကောင်စီလက်အောက်ခံ ပျူစောထီး တပ်ဖွဲ့ဝင် ဖိုးစိန်နဲ့ ဇော်ရဲတို့ရဲ့လက်ချက်ဖြစ်တယ်လို့ ဒေသခံ PDF တွေနဲ့ NUG အစိုးရက ကြေညာထားသလို အိန္ဒိယသတင်းဌာနတွေလည်း ထုတ်ဖော်ကြေညာထားပေမဲ့  စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ PDF တွေလက်ချက်လို့ ပြန်လည် စွပ်စွဲထားပါတယ်။

4 mins Ago

June 30, 2020

အိန္ဒိယ-မြန်မာနယ်စပ် မိုးရေးဂိတ် ဇူလိုင်လကုန်အထိ ပိတ်မည်

အိန္ဒိယ-မြန်မာနယ်စပ်ရှိ မိုးရေး-နန်းဖာလုံ နယ်စပ်ဂိတ်အသွားအလာကို ဇူလိုင်လကုန်အထိ ပိတ်ထားဖို့  ဇွန်လ ၂၉ ရက်နေ့က ဗဟို အမျိုးသားကျန်းမာရေးနဲ့ကာကွယ်ကုသရေးက ညွှန်ကြားလိုက်ပါတယ်။ တမူးမြို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနိုင်နိုင်ဝင်းက “သေချာတာကတော့ ဂိတ်က ဇူလိုင်လကုန်အထိ ပိတ်ရမယ်လို့ ဗဟို အမျိုးသားကျန်းမာရေးနဲ့ကာကွယ်ကုသရေးက မနေ့က စာထုတ်တယ်။ နှစ်နိုင်ငံ ရောဂါအခြေအနေကတော့ အိန္ဒိယမှာ ပိုးတွေ့ရှိခြင်း ရှိ မရှိ ဆေးစစ်ချက်တွေ ပြုလုပ်ဖို့ လိုနေသေးတယ်”လို့ ဒီဗွီဘီကို ပြောပါတယ်။ တမူးနဲ့ ထိစပ်နေတဲ့ အိန္ဒိယနိုင်ငံ မဏိပူပြည်နယ်မှာ လက်ရှိအချိန်ထိ ကိုဗစ်-၁၉  ပိုးတွေ့လူနာ ၁၂၂၀ ကျော် ရှိနေပြီး သက်ဆိုင်ရာ quarantine စင်တာတွေမှာလည်း ဦးရေ တစ်သောင်းကျော် စစ်ဆေးဖို့ ရှိနေသေးတဲ့အတွက် နယ်စပ်ဂိတ်ကို ပိတ်ဖို့ ပြုလုပ်ခဲ့တာပါ။ ပြည်ပပြန်တွေကို လက်ခံမှု အခြေအနေနဲ့ ပတ်သက်ပြီးလည်း  ဦးနိုင်နိုင်ဝင်းက  “လက်ရှိအခြေအနေမှာ ကျနော်တို့ အရပ်ဘက်အဖွဲ့တွေ၊ မိတ်ဆွေတွေ ကျနော်တို့ဆီတိုက်ရိုက် ဆက်သွယ်လာသူတွေကို အချက်အလက်စုပြီး တိုင်းအစိုးရကိုတင်တယ်။ တိုင်းက ဝင်ခွင့်ပြုမှ တဘက်နိုင်ငံကို ပြန်ပို့ ၊ မိုးရေးဂိတ်ကနေ တဆင့် လက်ခံတယ်” လို့ ပြောပါတယ်။ လက်ရှိကာလမှာ တမူးမြို့ကနေ ပြည်ပက ပြန်လာသူတွေ  ၃၀ ကျော်ရှိနေပြီး ကိုဗစ်-၁၉ ရောဂါပိုးတွေ့တဲ့သူ  မရှိသေးဘူးလို့ သိရပါတယ်။ သတင်း- မင်းရဲစစ်နိုင်
2 years Ago
Up