အိန္ဒိယဝန်ကြီးချုပ် နရင်ဒြာမိုဒီဟာ ရုရှားသမ္မတ ဗလာဒီမီယာပူတင်နဲ့ အိန္ဒိယမြို့တော် နယူးဒေလီမှာ ဒီဇင်ဘာ ၆ ရက်က တွေ့ဆုံပြီး ကုန်သွယ်ရေးနဲ့ အာဖဂန်နစ္စတန်နိုင်ငံအတွင်း ယိုယွင်းလာတဲ့ အခြေအနေတွေကို လုပ်ငန်းစဉ်အဖြစ် ဆွေးနွေးကြပါတယ်။
ဒီနှစ်အစောပိုင်းက တာလီဘန်တွေ သိမ်းပိုက်ခဲ့တဲ့ အာဖဂန်နစ္စတန်နိုင်ငံမှာ လူသားချင်းစာနာမှု ဆိုင်ရာ အကျပ်အတည်းဆီကို ဦးတည်နေပါတယ်။ ဒါဟာ ဒေသတွင်း မတည်ငြိမ်ဖြစ်စေတဲ့ ဘေးအန္တရာယ်တွေကို အိန္ဒိယနဲ့ ရုရှား အစိုးရ နှစ်ရပ်စလုံးက အရင်က ပြောဖူးပါတယ်။
“ဒီကိစ္စနဲ့ပတ်သက်ပြီး အာဖဂန်နစ္စတန်နိုင်ငံအတွင်း အခြေအနေ ဖြစ်ထွန်းမှုတွေနဲ့ပတ်သက်လို့ ကျနော်တို့ စိုးရိမ်တယ်”လို့ ပူတင်က ပြောတဲ့စကားကို အိန္ဒိယ မီဒီယာတွေက ထုတ်လွှင့်ခဲ့ပါတယ်။
ရုရှားနဲ့ အမေရိကန်ကြား ဆက်ဆံရေး အဖုအထစ်တွေ ပိုတိုးလာနေချိန်မှာ အမေရိကန်ရဲ့ အဓိက မဟာမိတ်ဖြစ်တဲ့ အိန္ဒိယနိုင်ငံဆီ ရုရှားသမ္မတနဲ့ ရုရှားထိပ်တန်းအရာရှိ အတော်များများ ရောက်လာခဲ့တာပါ။
ထိပ်သီးညီလာခံအတွင်း အိန္ဒိယနဲ့ ရုရှားတို့ဟာ ကုန်သွယ်ရေးနဲ့ ကာကွယ်ရေးဆိုင်ရာ သဘောတူညီချက် အတော်များများကို ခိုင်မြဲအောင် လုပ်ဖို့ မျှော်လင့်ထားပါတယ်။
အမေရိကန်က ကြားဝင်လှိုက်စားနေပေမယ့် ရုရှားရဲ့ S-400 လေကြောင်းရန် ကာကွယ်ရေး ဒုံးကျည်စနစ်ကို အိန္ဒိယနိုင်ငံအတွက် ပံ့ပိုးမယ့် သဘောတူညီချက်ကို အကောင်အထည် ဖော်နေခဲ့ပြီးပြီလို့ ရုရှား နိုင်ငံခြားရေးဝန်ကြီး ဆာဂေးလာ့ဗ်ရော့ဗ်က ဒီဇင်ဘာ ၆ ရက်က ပြောပါတယ်။