close

အိန္ဒိယ

close

May 10, 2023

ကုလအထူးကိုယ်စားလှယ် နိုလင်းဟေဇာနှင့် အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးတို့ မြန်မာ့အရေး တွေ့ဆုံ ဆွေးနွေး

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ဒေါက်တာနိုလင်းဟေဇာနဲ့ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး အက်စ်ဂျိုင်ရှန်ကာတို့ဟာ မေ ၉ ရက်က ဒေလီမြို့မှာ တွေ့ဆုံခဲ့ကြပြီး မြန်မာ့အရေးနဲ့ပတ်သက်လို့ ဆွေးနွေးခဲ့ကြတယ်လို့ သည်တယ်လီဂရပ်ဖ် အိန္ဒိယသတင်းမှာ ဖော်ပြပါတယ်။

နိုလင်းဟေဇာနဲ့ တွေ့ဆုံဆွေးနွေးရတဲ့အပေါ် မစ္စတာ ဂျိုင်ရှန်ကာက ဝမ်းမြောက်ဝမ်းသာ ဖြစ်မိကြောင်းနဲ့ သူ့ရဲ့ ကြိုးစားအားထုတ်မှုတွေအပေါ် အားပေးထောက်ခံပြီးတော့ အမြင်ရှုထောင့်တွေကိုလည်း အသိအမှတ်ပြု ကြိုဆိုတယ်လို့ သူ့ရဲ့ တွစ်တာလူမှုကွန်ရက်ပေါ်ကတဆင့် ရေးသားခဲ့ပါတယ်။

ဒေါက်တာနိုလင်းဟေဇာဟာ မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေနဲ့ ပတ်သက်ပြီး ကြားဝင်ဖြေရှင်းနိုင်ဖို့ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ ဩဂုတ် ၁၇ ရက်က နေပြည်တော်မှာ စစ်ခေါင်းဆောင်နဲ့ တွေ့ဆုံခဲ့ပေမယ့် ထူးခြားတဲ့ရလဒ် မရရှိခဲ့ပါဘူး။

ဒါ့အပြင် အခုမေလဆန်းတုန်းက မြန်မာ့အိမ်နီးချင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ချင်ဂန်းနဲ့ ဘေဂျင်းမြို့တော်မှာ တွေ့ဆုံပြီး မြန်မာ့အရေးနဲ့ပတ်သက်လို့ ဆွေးနွေးခဲ့ကြပါသေးတယ်။

အဆိုပါ တွေ့ဆုံမှုမှာတော့ တရုတ်နိုင်ငံခြားရေးဝန်ကြီးက မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်အေးချမ်းရေးကို ပြန်လည်တည်ဆောက်ဖို့အတွက် နိုင်ငံတကာ အသိုက်အဝန်းက မြန်မာ့ အချုပ်အခြာအာဏာကို လေးစားလိုက်နာသင့်တယ်လို့ ပြောလိုက်ပြီး တရုတ်နိုင်ငံဟာ တခြားနိုင်ငံတွေထက် မြန်မာနဲ့ ပိုမိုရင်းနှီးတဲ့ အိမ်နီးချင်းနိုင်ငံ ဖြစ်တာကြောင့် မြန်မာနိုင်ငံရဲ့ တည်ငြိမ်တဲ့ ဖွံ့ဖြိုးတိုးတက်မှုကိုရရှိဖို့ ပိုပြီးတော့ မျှော်လင့်တဲ့အကြောင်းလည်း ပြောပါတယ်။

ဒါပေမဲ့ မြန်မာနိုင်ငံရဲ့ နောက်ခံအခြေအနေဟာ ရှုပ်ထွေးပြီးတော့ ဒါကို အမြန်ဆုံး ပြုပြင်ပြောင်းလဲနိုင်ဖို့တော့ ခက်ခဲမှာဖြစ်ကာ နိုင်ငံတကာအနေနဲ့ ဖွဲ့စည်းပုံနဲ့ ဥပဒေမူဘောင်တွေအောက်မှာ နိုင်ငံရေးဆွေးနွေးပွဲတွေကတဆင့် မြန်မာ့နိုင်ငံရေး အသွင်ကူးပြောင်းနိုင်ဖို့အတွက် သက်ဆိုင်တဲ့ ပါတီတွေအားလုံးကို ပေါင်းကူးတံတားလုပ်ပေးပြီး ကူညီဆောင်ရွက်သင့်တယ်လို့လည်း မစ္စတာချင်ဂန်းက ပြောပါတယ်။

ဒေါက်တာနိုလင်းဟေဇာကတော့ မြန်မာနိုင်ငံရဲ့ ပြဿနာဖြေရှင်းရေးကို မြန်မာကပဲ ဦးဆောင်သင့်ပြီး ပြည်သူတွေရဲ့ ဆန္ဒကိုလေးစားသင့်တယ်လို့ ပြောလိုက်ပြီးတော့ ခုလို တွေ့ဆုံဆွေးနွေးမှုက အတိတ်ကို မပြောင်းလဲနိုင်ပေမဲ့ အနာဂတ်မှာတော့ ခြားနားမှုတခုကို ဖန်တီးနိုင်လိမ့်မယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံအရေး ပြေလည်အောင် မြှင့်တင်ရာမှာ တရုတ်နိုင်ငံရဲ့ အခန်းကဏ္ဍကို ကျေးဇူးတင်ရှိကြောင်းနဲ့ တရုတ်နိုင်ငံက မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေး၊ တည်ငြိမ် အေးချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အပြုသဘောဆောင်တဲ့ ပံ့ပိုးမှုတွေ ဆက်လက် လုပ်ဆောင်သွားနိုင်ဖို့လည်း မျှော်လင့်နေတယ်လို့ ပြောပါတယ်။

မြန်မာနိုင်ငံမှာတော့ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလက စတင်ကာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ဒီမိုကရေစီ ပြန်လည်ထူထောင်ရေး တောင်းဆိုဆန္ဒပြပွဲတွေကို ကျယ်ကျယ်ပြန့်ပြန့် တွေ့မြင်နေရပြီး မြန်မာစစ်တပ်ဟာ အတိုက်အခံတွေနဲ့ အာဏာရ အစိုးရကို ဆန့်ကျင်တဲ့ လက်နက်ကိုင် တော်လှန်သူတွေကို ပစ်မှတ်ထားကာ လေကြောင်းကနေ တိုက်ခိုက်တာတွေကို ကျူးလွန်နေတာ ဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံကတော့ မြန်မာစစ်အုပ်စုက စစ်ကိုင်းတိုင်းကို လေကြောင်းကနေ တိုက်ခိုက်မှုကြောင့် လူပေါင်း ၁၀၀ ကျော် သေဆုံးခဲ့ရတဲ့ ဖြစ်စဉ်အပြီး ရက်ပိုင်းမှာပဲ မြန်မာနိုင်ငံမှာ ဘက်ပေါင်းစုံက အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့ ပြီးခဲ့တဲ့လတုန်းက တောင်းဆိုထားခဲ့တာ ပါ။

မြန်မာနိုင်ငံဟာ အိန္ဒိယရဲ့ မဟာဗျူဟာကျတဲ့ အိမ်နီးချင်းနိုင်ငံဖြစ်ပြီး နာဂမြေနဲ့ မဏိပူရ ပြည်နယ်တွေ အပါအဝင် အိန္ဒိယအရှေ့မြောက်ပိုင်း ပြည်နယ်တွေနဲ့ ကီလိုမီတာ ၁,၆၄၀ ရှည်လျားတဲ့ နယ်နိမိတ်ချင်းဆက်နေတာ ဖြစ်ပါတယ်။

11 mins Ago

May 9, 2023

စစ်တွေမြို့တွင် အိန္ဒိယနှင့် တိုက်ရိုက်ကုန်သွယ်နိုင်မည့် ဆိပ်ကမ်းဖွင့်လှစ်

အိန္ဒိယနဲ့ မြန်မာ တိုက်ရိုက်ကုန်သွယ်နိုင်မယ့် အိန္ဒိယ-မြန်မာ ချစ်ကြည်ရေးစီမံကိန်းတခုဖြစ်တဲ့ စစ်တွေဆိပ်ကမ်းဖွင့်လှစ်ပွဲကို မေ ၉ ရက် မနက် ၁၀ နာရီခွဲက ပြုလုပ်ခဲ့ပြီး သတင်းမီယာသမားတွေ သတင်းယူခွင့် မရဘူးလို့ သတင်းသမားတွေထံက သိရပါတယ်။

အိန္ဒိယဆိပ်ကမ်း တာဝန်ရှိသူတဦးက “သတင်းရယူဖို့ ပြည်နယ်ကောင်စီက ခွင့်ပြုထားရမယ်။ အင်တာဗျူးတွေကတော့ လူကြီးတွေခွင့်ပြုမှ အဆင်ပြေမှာပါ။ ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်ပြီး ဓာတ်ပုံတွေ ရိုက်ခွင့်မပြုပါ” လို့ ပြောပါတယ်။

ကုလားတန် ဘက်စုံသုံးသယ်ယူပို့ဆောင်ရေးစီမံကိန်း (KMIT) ရဲ့ အစိတ်အပိုင်းတခုဖြစ်တဲ့ စစ်တွေဆိပ်ကမ်းသစ် ဖွင့်လှစ်ပြီး စစ်တွေနဲ့ ကာလကတ္တားဆိပ်ကမ်းကို တန်ချိန် ၅,၀၀၀-၆,၀၀၀ သင်္ဘောတွေ စတင်ပြေးဆွဲသွားမှာ ဖြစ်ပါတယ်။

ရခိုင်ပြည်သူတွေအတွက် အလုပ်အကိုင် အခွင့်အလမ်းတွေ ဖန်တီးပေးသွားမယ့် အဆိုပါ အိန္ဒိယဆိပ်ကမ်းဖွင့်လှစ်ပွဲကို သတင်းယူခွင့် မရရှိတာဟာ ပွင့်လင်းမြင်သာမှုမရှိတာကြောင့်လို့ ရခိုင်နိုင်ငံရေးလေ့လာသူတွေက ပြောပါတယ်။

“လွတ်လပ်စွာ သတင်းရယူခွင့်မပြု ဆိုကတည်းက သူတို့မှာ လျှို့ဝှက်ကိစ္စတွေ ရှိနေလို့ပေါ့။ စီးပွားရေးကို အဓိထားပြီး ရခိုင်ပြည်သူတွေအတွက် အလုပ်အကိုင် အခွင့်အလမ်းတွေ အမှန်တကယ် ရှိလာမယ်ဆိုရင် သတင်းသမားတွေကိုတောင် ခေါ်ယူပြီး သတင်းစာရှင်းလင်းပွဲ လုပ်ပေးရမှာ။ မည်သူမဆို လာရောက်လေ့လာခွင့် ရှိရမှာပေါ့။”

အဲဒီဆိပ်ကမ်းကို အိန္ဒိယအစိုးရက အမေရိကန်ဒေါ်လာ သန်း ၁၂ဝ အကုန်အကျခံ တည်ဆောက်ပေးထားတာဖြစ်ပြီး အိန္ဒိယအစိုးရက မြန်မာအစိုးရထံမှ နှစ် ၃ဝ စီမံကိန်းနဲ့ ငှားရမ်းအသုံးပြုသွားမှာလည်း ဖြစ်ပါတယ်။

အဆိုပါ စစ်တွေရှိ အိန္ဒိယဆိပ်ကမ်းဖွင့်လှစ်ပွဲကို အိန္ဒိယနိုင်ငံနဲ့ မြန်မာနိုင်ငံက ပြည်ထောင်စုဝန်ကြီးတွေ၊ သံအမတ်တွေ၊ စစ်ကောင်စီအဖွဲ့ဝင် အရာရှိကြီးတွေ၊ ကုန်သည်ကြီးတွေနဲ့ ဌာနဆိုင်ရာ တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြပါတယ်။

1 day Ago
Up