close

အိန္ဒုရဲစခန်း

close

February 2, 2023

အိန္ဒုရဲစခန်းမှ ရဲတပ်သား ၁ ဦး အာဏာဖီဆန် CDM ပြုလုပ်အလင်းဝင်

ကရင်ပြည်နယ်အခြေစိုက်၊ အိန္ဒုနယ်မြေရဲစခန်းက ရဲလုပ်သက် ၆ နှစ် ရှိတဲ့ ရဲတပ်သားတယောက်ဟာ  စစ်ကောင်စီကို အာဏာဖီဆန် CDM ပြုလုပ်ပြီး   Justice soldier PDF (ကျားဖြူတပ်ခွဲ(၅) ဆီ အလင်းဝင်လာခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

Justice soldier PDF အဖွဲ့ကတော့ ဒီအကြောင်းနဲ့ ပတ်သက်ပြီး ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်ပေါ်ကတဆင့် တပ်ဖွဲ့ဝင်သစ်အဖြစ် ကြိုဆိုခဲ့ကြတဲ့ ဓာတ်ပုံတွေကို မျှဝေထားပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က Non CDM ဝန်ထမ်းတွေနဲ့ ပတ်သက်ပြီး ကြေညာချက် ထုတ်ပြန်ထားခဲ့ပြီးနောက် အလင်းဝင်လာသူ များစွာရှိခဲ့တယ်လို့ ပြည်ထဲရေးဝန်ကြီး ဦးလွင်ကိုလတ်က ပြောထားပါတယ်။

အကြမ်းဖက်စစ်ကောင်စီရဲ့ ဒေါက်တိုက် Non CDM တွေကို CDM လုပ်ဖို့အတွက် နှိုးဆော်ထားပြီး မလိုက်နာဘူးဆိုရင် အကြမ်းဖက်ဥပဒေနဲ့ တရားစွဲပြီး ဖမ်းဝရမ်းထုတ်မယ်လို့ NUG အစိုးရ ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ်က ပြီးခဲ့တဲ့ စက်တင်ဘာလတုန်းက ပြောထားခဲ့တာပါ။

လက်ရှိမှာတော့ ပြည်သူလူထုကို အကြမ်းဖက် သတ်ဖြတ်နေတဲ့ စစ်ကောင်စီရဲ့ လုပ်ရပ်တွေကို မလိုလား မနှစ်မြို့ကြတဲ့ အရာရှိ၊ စစ်သည်တွေ၊ ရဲတပ်သားတွေ အပါအဝင် ပြည်သူ့ ဘက်တော်သား ဝန်ထမ်းတွေဟာ သူတို့ရဲ့ဂုဏ်သိက္ခာ၊ မျိုးဆက်တွေရဲ့ ဂုဏ်သိက္ခာကို ပြန်လည်ရယူဖို့ စစ်အာဏာရှင်ရဲ့ လက်ကိုင်တုတ်အဖြစ်က ရုန်းထွက်ပြီး ပြည်သူ့ဘက် ကူးပြောင်းရပ်တည်လာတာ တဖြည်းဖြည်း များပြားလာနေပြီး စစ်သားနဲ့ ရဲတပ်ဖွဲ့ဝင် အရေအတွက်ကတော့ သောင်းနဲ့ချီရှိနေပြီ ဖြစ်ပါတယ်။

တပ်မတော်ကို အလွဲသုံးစားပြုလုပ်နေတဲ့ လက်တဆုပ်စာ စစ်ဗိုလ်ချုပ်တစုရဲ့ လက်ကိုင်တုတ် ခါးပိုက်ဆောင်တပ်အဖြစ်မှ ရုန်းထွက်ပြီး ပြည်သူ့ရင်ခွင် အမြန်ဆုံးခိုဝင်ကြဖို့ တပ်မတော်သားတွေ၊ ရဲတပ်သားတွေကို  NUG  က တိုက်တွန်း နှိုးဆော်ထားပါတယ်။

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေဖြစ်ကြတဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် (ကေအိုင်အေ) နဲ့ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) စတဲ့ အဖွဲ့အစည်းတွေကလည်း စစ်အာဏာရှင်ဆန့်ကျင်ကာ ပူးပေါင်းလိုတဲ့ ရှေ့တန်းရောက် မြန်မာ့တပ်မတော်သားတွေ၊ ရဲတပ်သားတွေကို လက်ကမ်း ကြိုဆိုနေကြပါတယ်။

2 mins Ago

April 16, 2022

အိန္ဒုရဲစခန်းနှင့် အုပ်ချုပ်ရေးမှူးရုံးတွင် ဗုံး ၃ လုံးပေါက်ကွဲ

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊  ဘားအံ- ကော့ကရိတ်လမ်းဘေးအနီး၊ အိန္ဒုစံပြကျေးရွာ နယ်မြေရဲစခန်းနဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးမှာ ဧပြီ ၁၆ ရက် ညနေ ၇ နာရီလောက်က ဗုံး ၃ လုံးပေါက်ကွဲခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အိန္ဒုနယ်မြေရဲစခန်းရှေ့မှာ  ဗုံးနှစ်လုံးပေါက်ကွဲခဲ့သလို ကျေးရွာအုပ်ချုပ်ရေးမှူးရုံးမှာ ဗုံး ၁ လုံး စုစုပေါင်းဗုံး ၃ လုံး ဆက်တိုက်ပေါက်ကွဲခဲ့တာဖြစ်ပြီး ထိခိုက်ဒဏ်ရာရရှိမှုအခြေအနေကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။

အိန္ဒိုစံပြကျေးရွာသားတစ်ဦးက “ဗုံးကွဲတာ မိနစ်ခြားပြီး ၃ လုံးဆက်တိုက်ကွဲတာ။ အသံတွေကတော့ အကျယ်ကြီးပဲ။ ပေါက်ကွဲမှုဖြစ်တော့ ဘယ်သူမှသွားမကြည့်ရဲဘူး။ ထိခိုက်မှုအခြေအနေတော့ မသိရဘူး။ ဗုံးကွဲတဲ့ရဲစခန်းနဲ့ အုပ်ချုပ်ရေးမှူးရုံးက ကိုက် ၁၀၀ လောက်ပဲဝေးတယ်။ လမ်းဘေးဆိုတော့ လူသွားလူလာရှိသေးတဲ့အချိန် ကွဲတာ”လို့ ပြောပါတယ်။

အလားတူ ဘားအံမြို့မှာ ဒီမနက် ၁၁ နာရီလောက်က မြိုင်ကလေး တပ်မတော်ဘိလက်မြေစက်ရုံအတွက် ရေတင်ပေးနေတဲ့ ဖိုးရှိုးရေစက်မှာ ၁ ကြိမ်၊ မွန်းလွဲ ၁၂ နာရီခွဲလောက်က ဘားအံတိုင်းရင်းဆေးရုံအနောက်နားမှာ ၁ ကြိမ်နဲ့ မွန်းလွဲ ၂ နာရီလောက်က ဖားမဲတောင်အနီးမှာ ၁ ကြိမ် စုစုပေါင်း ၃ ကြိမ်ပေါက်ကွဲခဲ့ပါတယ်။

ကရင်ပြည်နယ်မြို့တော် ဘားအံမြို့မှာလည်း  ဒီနေ့ စစ်ကောင်စီ ရေကစား မဏ္ဍပ် ၃ ခုမှာ ဗုံးသုံးလုံး ဆက်တိုက်ပေါက်ကွဲခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

အဆိုပါ ဗုံးပေါက်ကွဲခဲ့တဲ့ ရေကစားမဏ္ဍပ်တွေဟာ စစ်ကောင်စီအသိုင်းအဝိုင်းနဲ့ စစ်အုပ်စုနဲ့ နီးစပ်သူတွေ သွားရောက် ရေကစားနေကြတဲ့ နေရာဖြစ်ပြီး မနက် ၁၁ နာရီလောက်က တစ်ကြိမ်၊ မွန်းလွဲ ၁၂ နာရီခွဲလောက်က တစ်ကြိမ်နဲ့ မွန်းလွဲ ၂ နာရီလောက်က တစ်ကြိမ်စီပေါက်ကွဲခဲ့တာလို့ ဆိုပါတယ်။

ဒီကနေ့ ဘားအံမြို့အပါအဝင် ဗုံးပေါက်ကွဲမှုတွေကြောင့် စစ်တပ်နဲ့ ရဲတွေက စုံစမ်းစစ်ဆေးတာတွေ၊ လမ်းသွားလမ်းလာတွေနဲ့ ဆိုင်ကယ်၊ မော်တော်ယာဉ်တွေကို တားဆီးစစ်ဆေးတာတွေ၊ မြို့တွင်းနဲ့မြို့ပြင် လုံခြုံရေးတင်းကျပ်ထားသလို အရပ်ဝတ်နဲ့ လုံခြုံရေးတွေပါ လှည့်လည်နေပါတယ်။

10 months Ago
Up