close

အိန္ဒြာကျော်ဇင်

close

May 7, 2023

မြန်မာ့ရုပ်ရှင် အကယ်ဒမီထူးချွန် ၃ နှစ်စာ ပေါင်းပေး “ပိတောက်ကတဲ့ဂီတ”ရုပ်ရှင် ဆုအများဆုံးရရှိ

၂၀၁၉ ခုနှစ်၊ ၂၀၂၀ ပြည့်နှစ်နဲ့  ၂၀၂၂ ခုနှစ်တွေအတွက်ပေးအပ်တဲ့ မြန်မာ့ရုပ်ရှင် အကယ်ဒမီထူးချွန်တွေကို ပြေတီဦး၊ မြင့်မြတ်၊ စိုင်းစိုင်းခမ်းလှိုင်၊ ရွှေထူး၊ အုန်းသီး၊  မေသဥ္ဇာဦး၊ အိန္ဒြာကျော်ဇင်၊ စိုးပြည့်သဇင်၊ ရွှေမှုံရတီ၊ ခင်ဝင့်ဝါ  စတဲ့အနုပညာရှင်တွေက ရရှိသွားပါတယ်။

(၆၄) ကြိမ်မြောက် အကယ်ဒမီထူးချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားကို  မေလ ၆ ရက် ညနေပိုင်းက နေပြည်တော် မြို့တော်ခန်းမ အနီးရှိ လဟာပြင်ကဇာတ်ရုံမှာ ကျင်းပခဲ့တာဖြစ်ပါတယ်။

ဆုချီးမြှင့်ရာမှာ အကောင်းဆုံးအမျိုးသား ဇာတ်ဆောင်ဆု(၂၀၁၉) ကို “ရိုးမပေါ်ကျတဲ့ မျက်ရည်” ဇာတ်ကားနဲ့ မြင့်မြတ်၊ အကောင်းဆုံးအမျိုးသားဇာတ် ဆောင်ဆု (၂၀၂၀) ကို “ပိတောက်ကတဲ့ဂီတ” ဇာတ်ကားနဲ့ စိုင်းစိုင်းခမ်းလှိုင်နဲ့  အကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆု (၂၀၂၂) ကို “လိပ်ပြာထောင်ချောက်” ဇာတ်ကားနဲ့ ပြေတီဦးတို့က အသီးသီးရရှိပါတယ်။

အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆု(၂၀၁၉) ကိုတော့ “ဟစ်တိုင်” ဇာတ်ကားနဲ့ အိန္ဒြာကျော်ဇင်၊ အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆု (၂၀၂၀) ကို “ရွှေမင်းသမီး” ဇာတ်ကားနဲ့ စိုးပြည့်သဇင်၊ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆု (၂၀၂၂) ကို “ဝေးမနေချင်ဘူး” ဇာတ်ကားနဲ့ ရွှေမှုံရတီ တို့က အသီးသီးရရှိပါတယ်။

အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ဆု(၂၀၁၉) ကို “လှပ်၍လွင့်သော” ဇာတ်ကားနဲ့ ခင်ဝင့်ဝါ၊ အကောင်းဆုံးအမျိုးသမီးဇာတ်ပို့ဆု (၂၀၂၀) ကို “ရွှေမင်းသမီး” ဇာတ်ကားနဲ့ မေသဥ္ဇာဦး၊ အကောင်းဆုံးအမျိုးသား ဇာတ်ပို့ဆု(၂၀၁၉)ကို “ဒဏ္ဍာရီမိုး” ဇာတ်ကားနဲ့ ရွှေထူး၊ အကောင်းဆုံး အမျိုးသားဇာတ်ပို့ဆု(၂၀၂၀)ကို “သောင်းတိုက်က ကြားစေသား” ဇာတ်ကားနဲ့ အုန်းသီးတို့က အသီးသီး ရရှိပါတယ်။

အကောင်းဆုံးရုပ်ရှင် ဇာတ်ကားဆု(၂၀၂၀)ကိုတော့ “ပိတောက်ကတဲ့ဂီတ” ဇာတ်ကားနဲ့ အကောင်းဆုံးရုပ်ရှင် ဇာတ်ကားဆု(၂၀၂၂) ကို “ဝေးမနေချင်ဘူး” ဇာတ်ကားတို့ကရရှိပြီး  အကောင်းဆုံးရုပ်ရှင် ဒါရိုက်တာဆု (၂၀၂၀) ကို “ ပိတောက်ကတဲ့ဂီတ” ဇာတ်ကားနဲ့ ဒါရိုက်တာမီးပွား က ရရှိပါတယ်။ 

အကောင်းဆုံးရုပ်ရှင်ဓာတ်ပုံဆု (၂၀၁၉)ကို  “ဒဏ္ဍာရီမိုး” ဇာတ်ကားနဲ့ အာကာတိုး၊ အကောင်းဆုံးရုပ်ရှင်ဓာတ်ပုံဆု (၂၀၂၀) ကို “ ပိတောက်ကတဲ့ဂီတ” ဇာတ်ကားနဲ့ ဖြိုးကျော်၊ အကောင်းဆုံး ရုပ်ရှင်တေးဂီတဆု (၂၀၁၉) ကို “နို့ဘီလူး” ဇာတ်ကားနဲ့ ကျော်ကျော်ထွန်း၊ အကောင်းဆုံး ရုပ်ရှင်တေးဂီတဆု (၂၀၂၀) ကို “ဂန္ဓဗ္ဗ” ဇာတ်ကားနဲ့ အောင်ကိုလတ်တို့က ရရှိပါတယ်။

အကောင်းဆုံးရုပ်ရှင်အသံဆု (၂၀၁၉) ကို “၁၀၁၄” ဇာတ်ကားနဲ့  ကြည်မင်းသိန်း၊ အကောင်းဆုံး ရုပ်ရှင်တည်းဖြတ်ဆု (၂၀၁၉)ကို “၁၀၁၄”ဇာတ်ကားနဲ့ ဂျီသရီး၊ ကျော်ခိုင်စိုး၊ အကောင်းဆုံး ရုပ်ရှင်တည်းဖြတ်ဆု(၂၀၂၂)ကို “လိပ်ပြာထောင်ချောက်” ဇာတ်ကားနဲ့ ကြည်သာ၊ အကောင်းဆုံးရုပ်ရှင်ဇာတ်ညွှန်းဆု (၂၀၁၉) ကို “နိုင်ငံကြီးသား” ဇာတ်ကားနဲ့ မောင်မြတ်ဆွေတို့က က ရရှိပါတယ်။

ဒါ့အပြင် ရုပ်ရှင်အထူးဆုဖြစ်တဲ့  ၂၀၂၀ ပြည့်နှစ်အတွက် အကောင်းဆုံး ဝတ်စားဆင်ယင်ထုံးဖွဲ့မှုဆုကို “ကမ္မဖလ” ဇာတ်ကားမှ ဌေးဌေးတင်နဲ့ အဖွဲ့က ရရှိသွားပါတယ်။

အခုတကြိမ် အကယ်ဒမီပေးပွဲဟာ ၂၀၁၉ ခုနှစ်မှာ ရုံတင်ပြသခဲ့တဲ့ ဇာတ်ကား (၉၇)ကား၊ ၂၀၂၀ ပြည့်နှစ်မှာ ရုံတင်ပြသခဲ့တဲ့ ဇာတ်ကား(၂၁) ကားနဲ့ ၂၀၂၂ ခုနှစ်မှာ ရုံတင်ပြသခဲ့တဲ့ ဇာတ်ကား ၂၀ ထဲက ရွေးချယ် ချီးမြှင့်ပေးအပ်တာဖြစ်ပါတယ်။

တော်လှန်ရေး အင်အားစုတွေကတော့ စစ်ကောင်စီရဲ့ အကယ်ဒမီပေးပွဲကို ပြည်သူတွေ မကြည့်ရှုဖို့ သပိတ်မှောက်ဖို့ တိုက်တွန်းထားပြီး စစ်ကောင်စီကလည်း အနုပညာရှင်တွေကို ဖိအားပေး တက်ခိုင်းတာ၊ မက်လုံးပေး စည်းရုံး တက်ခိုင်းတာတွေ ရှိနေပါတယ်။

၂၀၂၀ ပြည့်နှစ်မှာ ကိုဗစ်-၁၉ ရောဂါနဲ့ ၂၀၂၁ စစ်တပ်အာဏာသိမ်းမှုတို့ကြောင့် အကယ်ဒမီပေးပွဲတွေ မကျင်းပနိုင်ခဲ့သလို  မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ ရုပ်ရှင်ရုံတွေမှာလည်း ရုပ်ရှင် ပြသမှုတွေ ရပ်ဆိုင်းထားခဲ့ရတာပါ။

၂၀၂၂ ခုနှစ် ဧပြီ ၁၇ ရက် မြန်မာနှစ်ဆန်း တစ်ရက်နေ့ကစပြီး ရုပ်ရှင်ရုံတွေ ပြန်လည်ဖွင့်လှစ်ပြသနေပေမဲ့ အနုပညာရှင်တွေကို ဖမ်းဆီးထောင်ချထားတဲ့ စစ်အာဏာရှင်ကို ဆန့်ကျင်တဲ့အနေနဲ့  ရုပ်ရှင်ကြည့်ပရိတ်သတ်တွေက ရုပ်ရှင်ရုံတွေမှာ သွားရောက်မကြည့်ရှုကြပဲ သပိတ်မှောက်ထားတဲ့အတွက် ပုံမှန်အခြေအနေပြန်မရောက်သေးပါဘူး။

အကယ်ဒမီပေးပွဲကျင်းပတဲ့ မေ ၆ ရက်၊ မနက်မှာလည်း  ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ ဝင်္ကပါလမ်းရှိ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးအနီးမှာ  ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ထိခိုက် ပျက်စီးမှု သတင်းတွေကတော့ မကြားသိရပါဘူး။

PHOTO-DSINFO

9 mins Ago

March 2, 2022

ပြေတီဦး၊ အိန္ဒြာကျော်ဇင်၊ လူမင်းနှင့် ပိုင်တံခွန်တို့ကို ပြန်လည်လွတ်မြောက်

ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ (က)နဲ့ ဖမ်းဆီး ထောင်ချခံထားရတဲ့   ထင်ရှားတဲ့ အနုပညာရှင်တွေဖြစ်တဲ့ ပြေတီဦး၊ အိန္ဒြာကျော်ဇင်၊ လူမင်းနဲ့ ပိုင်တံခွန်တို့ကို ပြစ်ဒဏ်မှ လွတ်ငြိမ်းခွင့်ပြုလိုက်ကြောင်း  စစ်ကောင်စီက မတ်လ ၂ ရက်နေ့ ဒီကနေ့ ကြေညာ ပါတယ်။

အနုပညာနဲ့ နိုင်ငံတော်တည်ဆောက်ရေးလုပ်ငန်းတွေမှာ ပါဝင်ဆောင်ရွက်နိုင်ဖို့အတွက်   ကျခံရန်ရှိတဲ့ ပြစ်ဒဏ်တွေကို ၂၀၂၂ ခုနှစ် မတ်လ ၂ ရက်နေ့မှာ လွတ်ငြိမ်းခွင့်ပြုလိုက်ကြောင်း စစ်ကောင်စီပြန်ကြားရေးလက်အောက်ခံ MRTV ကနေ  ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။     

ဒါရိုက်တာ ဝိုင်းကို စွဲထားတဲ့ အမှုကိုလည်း ပိတ်သိမ်းပေးလိုက်ပြီး၊  ဗျူတီးဘလောဂါ ဝင်းမင်းသန်းကိုတော့ သူကျခံနေရတဲ့ အမှုတွေထဲက ပုဒ်မ ၅၀၅ -က နဲ့ ကျခံနေရတဲ့အမှုကို လွတ်ငြိမ်းခွင့်ပြုခဲ့တယ်လို့ ကြေညာပါတယ်။

သရုပ်ဆောင်ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်တို့ကိုတော့ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဧပြီ ၉ ရက်က ဗဟန်းမြို့နယ်က သူတို့ရဲ့နေအိမ်မှာ ဖမ်းဆီးခဲ့တာဖြစ်ပြီး လူမင်းကိုတော့ ဖေဖော်ဝါရီ ၂၀ ရက်ညပိုင်းမှာ စစ်တပ်က စစ်ကားတွေနဲ့လာရောက်ပြီး အတင်းအကျပ် ဖမ်းဆီးခေါ်ဆောင် သွားခဲ့တာပါ။

ဒါရိုက်တာ ဝိုင်းကိုတော့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက ရန်ကုန်မြို့နေအိမ်မှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၉ ရက် မနက်ပိုင်းက ဖမ်းဆီးသွားခဲ့တာပါ။

လူငယ်သရုပ်ဆောင် မော်ဒယ် ပိုင်တံခွန်ကိုတော့ ရန်ကုန်မြို့ မြောက်ဒဂုံမြို့နယ်မှာရှိတဲ့ သူ့ ရဲ့နေအိမ်မှာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဧပြီ ၈ ရက် မနက်ပိုင်းမှာ  ရဲနဲ့စစ်တပ်က စစ်ကား ၈ စီးနဲ့ ရောက်ရှိလာပြီး ဖမ်းဆီးသွားခဲ့တာ ဖြစ်ပါတယ်။

ဗျူးတီးဘလော့ဂါ ဝင်းမင်းသန်းကိုတော့ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဧပြီ ၆ ရက်ည ၈ နာရီလောက်က တောင်ကြီးမြို့၊ BH ဟိုတယ်မှာ ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်က မတရားအာဏာသိမ်းပြီးနောက်ပိုင်း စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေမှာ တက်တက်ကြွကြွပါဝင်ခဲ့ကြတဲ့ နာမည်ကျော်အနုပညာရှင်တွေကို ဖမ်းဝရမ်းထုတ် ဖမ်းဆီးတာတွေ လုပ်ဆောင်ခဲ့ပြီး ပြီးခဲ့တဲ့ ၂၀၂၁ ဒီဇင်ဘာ ၃၀ ရက်ကတော့ အင်းစိန်ထောင်တွင်း အထူးတရားရုံးက ပြေတီဦး၊ အိန္ဒြာကျော်ဇင်၊ လူမင်း၊ ရဲတိုက်၊ ပိုင်တံခွန်၊ ပိုပို၊ စောဖိုးခွား၊ ဝင်းမင်းသန်းတို့ကို ထောင်ဒဏ် ၃ နှစ်စီ ကျခံစေဖို့ ပြစ်ဒဏ်အသီးသီးချမှတ်ခဲ့တာပါ။

လတ်တလော လွတ်မြောက်လာသူတွေထဲမှာတော့ အဆိုတော် စောဖိုးခွားနဲ့ သရုပ်ဆောင် ရဲတိုက်တို့ ပါဝင်လာခြင်း မရှိသေးပါဘူး။

1 year Ago
Up