အာဏာသိမ်း စစ်ကောင်စီက အသစ်ပြဋ္ဌာန်း လိုက်တဲ့ ၂၀၂၃ ခုနှစ် ပြည်ထောင်စုအခွန်အကောက်ဥပဒေအရ ဝင်ငွေရလမ်း မတင်ပြနိုင်တဲ့ ဝင်ငွေတွေအပေါ် အခွန်နှုန်းထားတွေ ဖြေလျှော့ပေးထားတဲ့အတွက် အိမ်ခြံမြေဈေးကွက်ထဲ ရင်းနှီးမြှုပ်နှံမှုတွေ ဝင်ရောက်လာဖို့ရှိတယ်လို့ အိမ်ခြံမြေလုပ်ငန်းရှင်တွေက သုံးသပ်ပြောပါတယ်။
အဆိုပါဥပဒေမှာ ပါရှိတဲ့ ဖော်ပြချက်အရ ဘယ်သူမဆို အခြေပစ္စည်း တရပ်ရပ်ကို ဝယ်ယူခြင်း၊ တည်ဆောက်ခြင်း၊ ရယူခြင်းနဲ့ လုပ်ငန်းအသစ် တည်ထောင်ခြင်း၊ လုပ်ငန်းထပ်မံတိုးချဲ့ ဆောင်ရွက်ခြင်းတို့အတွက် အသုံးပြုတဲ့ဝင်ငွေမှ ဝင်ငွေရလမ်း တင်ပြနိုင်တဲ့ ဝင်ငွေရှိပါက ယင်းဝင်ငွေအား နုတ်ပယ်ပြီး ကျန်စည်းကြပ်မှုမှ လွတ်ကင်းနေတဲ့ ဝင်ငွေအပေါ်မှာ လည်းကောင်း၊ ဝင်ငွေရလမ်း တင်ပြနိုင်ခြင်း မရှိပါက အသုံးပြုတဲ့ ဝင်ငွေအပေါ်မှာ လည်းကောင်း အခွန်နှုန်းထားတွေကို ရာခိုင်နှုန်းအလိုက် ဖြေလျှော့ပေးထားပါတယ်။
ဒါကြောင့် ဝင်ငွေရလမ်း တင်ပြနိုင်ခြင်း မရှိတဲ့ စည်းကြပ်မှုက ကင်းလွတ်နေတဲ့ ဝင်ငွေတွေအပေါ် စစ်ကောင်စီက ရာခိုင်နှုန်းအလိုက် အခွန်ဖြေလျှော့မှုတွေ ပေးထားတဲ့အတွက် အဆိုပါ ဝင်ငွေတွေဟာ အိမ်ခြံမြေဈေးကွက်ထဲကို ဝင်လာဖို့ ရှိတယ်လို့ အိမ်ခြံမြေလုပ်ငန်းရှင်တွေက ခန့်မှန်းထားပါတယ်။
“ကျနော်တို့ဆီမှာ များသောအားဖြင့်ပေါ့နော်။ ဝင်ငွေခွန်အတွက် အခွန်နှုန်းထားတွေ အခုလို လျှော့ပေါ့ ပေးတဲ့အခါ အိမ်ခြံမြေ ဈေးကွက်ထဲကို ရင်းနှီးမြှုပ်နှံမှုအနေနဲ့ ငွေကြေးတွေ ဝင်လာလေ့ ရှိပါတယ်။ အခုလည်း ရင်းနှီးမြှုုပ်နှံမှုတွေ ဝင်လာမယ်လို့ မျှော်လင့်ရပါတယ်။ ဘာလို့လဲဆိုတော့ မြန်မာပြည်မှာ ငွေကြေး များများစားစား ရင်းနှီးမြှုပ်နှံလို့ရတဲ့ နေရာက လက်ရှိမှာ မြေလောက် ကောင်းတဲ့ နေရာမရှိသေးဘူး။ ရွှေတို့ ဒေါ်လာတို့ ဆိုတာကလည်း ဒီလောက် ငွေများများစားစားနဲ့ ဝယ်ပြီး ကိုင်ထားဖို့ဆိုတာက လွယ်တာ မဟုတ်ဘူးလေ။ မြေ ကတော့ ရှင်းတယ်။ တကွက် တည်းနဲ့ သိန်း ထောင်ချီ သောင်းချီ ရှိတယ်။ ဒါကြောင့် လူတွေက ငွေကြေး ပိုလျှံလာလို့ ရှိရင် မြေကိုပဲ ဝယ်ထားကြတယ်။ ပြီးတော့ မြေက ဝယ်ထားမိလို့ ရှုံးတာကလည်း ခပ်ရှားရှားပဲ”လို့ ဒီဗွီဘီကို ပြောပါတယ်။
စစ်ကောင်စီက ဝင်ငွေရလမ်း မဖော်ပြနိုင်တဲ့ ဝင်ငွေတွေအပေါ် ကောက်ခံမယ့် အခွန်ရာခိုင်နှုန်းတွေကို လျှော့ပေါ့ ပေးထားတာဟာ ငွေဖြူလုပ်ချင်တဲ့သူတွေအတွက် လမ်းဖွင့်ပေးလိုက်တာနဲ့ အတူတူပဲလို့ အခွန်နဲ့ဘဏ္ဍာငွေကြေး ဆိုင်ရာ ကျွမ်းကျင်သူတွေက မှတ်ချက်ပေးပါတယ်။
“အဲ့ဒီ့မှာ ပုဒ်မ-၂၅ အရ ဝင်ငွေရလမ်း မဖော်ပြနိုင်တဲ့ အချက် ထည့်သွင်းတာ ရှိတယ်။ အဲ့ဒီ့အတွက် သတ်မှတ်ထားတဲ့ ပမာဏက အရင်ကဆိုရင် ၁ ကျပ်ကနေ သိန်း တထောင် အထိကို ၃ ရာခိုင်နှုန်းသတ်မှတ်ထားတာ။ ဒါပေမဲ့ အခုတော့ ၁ ကျပ်ကနေ သိန်း သုံးထောင် အထိကို ၃ ရာခိုင်နှုန်း ဆိုတော့ သုံးဆ လျှော့ပေးထားတဲ့ သဘော ဖြစ်တယ်။ ပြီးတော့ ပြည်ထောင်စုအခွန်ဥပဒေကို အခုလို တဦးတည်း သဘောဆန္ဒနဲ့ ထုတ်ပြန်လို့ မရဘူး။ လွှတ်တော်မှာ ဆွေးနွေးပြီးတော့မှ အတည်ပြုရတယ်။ အခုတော့ သိတဲ့အတိုင်းပဲ လွှတ်တော်ရဲ့အခန်းကဏ္ဍက မရှိတော့ အထိမ်းအကွပ်မဲ့နေတာပေါ့” လို့ ဒီဗွီဘီကို ပြောပါတယ်
၂၀၂၃ ခုနှစ် ပြည်ထောင်စုအခွန်အကောက်ဥပဒေရဲ့ ပုဒ်မ-၂၅(က)မှာ ဝင်ငွေခွန်ဥပဒေ ပုဒ်မ ၆ နဲ့ ၆-က တို့အရ သက်သာခွင့်တွေ နုတ်ပယ်ခြင်း မပြုဘဲ စည်းကြပ်မှုမှ ကင်းလွတ်နေတဲ့ ဝင်ငွေ အပေါ် သတ်မှတ်ထားတဲ့ အခွန်နှုန်းထားတွေကတော့ ၁ ကျပ် မှ သိန်း ၃,၀၀၀ အထိ ၃ ရာခိုင်နှုန်း၊ သိန်း ၃,၀၀၀ မှ ၆,၀၀၀ အထိ ၅ ရာခိုင်နှုန်း၊ သိန်း ၆,၀၀၀ မှ ၁၀,၀၀၀ အထိ ၁၀ ရာခိုင်နှုန်း၊ သိန်း ၁၀,၀၀၀ မှ ၃၀,၀၀၀ အထိ ၁၅ ရာခိုင်နှုန်း၊ သိန်း ၃၀,၀၀၀နဲ့အထက် ၃၀ ရာခိုင်နှုန်း အသီးသီး သတ်မှတ်ထားပါတယ်။
စည်းကြပ်မှုမှ လွတ်ကင်းနေတဲ့ ဝင်ငွေ ဆိုတာက ၂၀၂၄ ခုနှစ် ဧပြီ ၁ ရက်မတိုင်မီ စည်းကြပ်မှုမှ လွတ်ကင်းနေတဲ့ ဝင်ငွေတွေကိုသာ သတ်မှတ်ထားကြောင်းနဲ့ အဆိုပါ ဥပဒေရဲ့သက်တမ်းမှာလည်း ၂၀၂၃ ခုနှစ် ဧပြီ ၁ ရက် မှ ၂၀၂၄ ခုနှစ် မတ် ၃၁ ရက် အထိသာ အကျိုးသက်ရောက် စေရမယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။
Photo -Myanma Port Authority
အာဏာသိမ်းစစ်ကောင်စီကို အယုံအကြည် မရှိတာကြောင့် ဒလမြို့စီမံကိန်းအပါအဝင် စီမံကိန်းဧရိယာတွေအနီးရှိ မြေယာတွေအပေါ် လူစိတ်ဝင်စားမှု မရှိတဲ့အတွက် အရောင်းအဝယ်လည်း မရှိဘူးလို့ အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းရှင်တွေက ပြောပါတယ်။
ရန်ကုန်မြို့နဲ့ အနီးဆုံးမှာ တည်ရှိပေမဲ့ ဖွံ့ဖြိုးမှုနောက်ကျနေတဲ့ ဒလမြို့ကို ဖွံ့ဖြိုးတိုးတက်မှု လမ်းကြောင်းပေါ် ဆွဲတင်ဖို့အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရက (မြန်မာ-ကိုရီးယားချစ်ကြည်ရေး) ဒလ မြစ်ကူးတံတား စီမံကိန်းနဲ့အတူ ဒလမြို့သစ်စီမံကိန်းကို အကောင်အထည်ဖော်ဖို့ စီစဉ်ခဲ့ပါတယ်။
ဒါပေမဲ့ စစ်တပ်က ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့မှာ အာဏာသိမ်းလိုက်တဲ့အတွက် နောက်ဆက်တွဲဖြစ်ပေါ်လာတဲ့ နိုင်ငံရေးမတည်ငြိမ်မှုကြောင့် ဒီစီမံကိန်းဟာ နှောင့်နှေးသွားခဲ့ရပါတယ်။
လက်ရှိမှာတော့ (မြန်မာ-ကိုရီးယားချစ်ကြည်ရေး) ဒလ မြစ်ကူးတံတားစီမံကိန်းကို ဆက်လက် အကောင်အထည်ဖော်နေတာကြောင့် တံတားစီမံကိန်းက ရာခိုင်နှုန်းထက်ဝက်နီးပါး ပြီးစီးနေပြီး လာမယ့် ၂၀၂၄ ခုနှစ်အတွင်းမှာ ရာနှုန်းပြည့် ပြီးစီးမယ်လို့ စစ်ကောင်စီ လက်အောက်ခံ ဆောက်လုပ်ရေးဝန်ကြီးဌာနက ခန့်မှန်းထားပါတယ်။
ဒါကြောင့် ပုံမှန်အားဖြင့် စီမံကိန်းဧရိယာအနီးရှိ မြေယာတွေဟာ အိမ်ခြံမြေဈေးကွက်မှာ လှုပ်ခတ်လေ့ရှိပေမဲ့ အာဏာသိမ်းစစ်ကောင်စီ လက်အောက်မှာတော့ စီမံကိန်းအပေါ် အယုံအကြည်မရှိတာကြောင့် ဈေးကွက်က ငြိမ်နေတယ်လို့ အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းရှင်တွေက ဆိုပါတယ်။
ဝါရင့် အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းရှင်တဦးက “အခုအခြေအနေက ဘာဖြစ်နေလဲဆိုတော့ ဒလစီမံကိန်းတခုတည်း မဟုတ်ဘူး။ စီမံကိန်းဧရိယာတွေ အကုန်လုံးက ငြိမ်နေတာ။ ဘာလို့ ငြိမ်နေတာလဲဆိုရင် စီမံကိန်းဧရိယာတွေကို ယုံကြည်မှုနည်းတာက အဓိကအချက်လို့ မြင်တယ်။ ရှင်းရှင်းပြောရရင် လုပ်မယ်လို့ လျာထားပေမဲ့ မလုပ်ဖြစ်တဲ့အခါ ရင်းနှီးထားတာတွေ ဆုံးရှုံးသွားနိုင်တယ်လေ။ အဲ့ဒါကို စိုးရိမ်လို့ အဲဒီဘက်မှာ ရင်းနှီးမြှုပ်နှံဖို့အတွက် အရောင်းအဝယ်တွေ ဘယ်သူမှမလုပ်ကြဘူး။ ဒါကြောင့် အခုဆိုရင် စီမံကိန်းဧရိယာကိုလိုက်ပြီး ကစားတာတော့ မရှိတော့ဘူး။ အရင်ကတော့ စီမံကိန်းဧရိယာ ဆိုရင် ကနေ့ဝယ်ရင် မနက်ဖြန် မြတ်မှာပဲဆိုတဲ့ အတွေးနဲ့ ဝယ်ကြတာလေ” လို့ ဒီဗွီဘီကို ပြောပါတယ်။
လက်ရှိ ရန်ကုန်အိမ်ခြံမြေဈေးကွက်ဟာ စီမံကိန်းဧရိယာတွေထက် ရန်ကုန် နယ်နိမတ်အတွင်းက ဆူလွယ်နပ်လွယ်တဲ့ နေရာတွေနဲ့ ဖွံ့ဖြိုးလာနိုင်တဲ့ ဧရိယာတွေမှာ သူ့တန်ဖိုးအလိုက် အရောင်းအဝယ် ရှိနေတယ်လို့ ဈေးကွက်ကျွမ်းကျင်တဲ့ အိမ်ခြံမြေလုပ်ငန်းရှင်တဦးကလည်း မှတ်ချက်ပေးပါတယ်။
“အရောင်းအဝယ်က အခု ပြန်ဖြစ်နေတယ်။ ကျနော်တို့လည်း ဘယ်လိုနားလည်ရမှန်း မသိဘူး။ ငွေကြေးတွေက ဘယ်ကထွက်နေမှန်းကို မသိတာ။ ဘယ်နေရာတွေ ဖြစ်လဲဆိုတော့ ရန်ကုန်ဧရိယာအတွင်းက လူနေရပ်ကွက်တွေပေါ့နော်။ အကွက် အကြီး၊ အသေးတွေ အကုန် ဖြစ်တယ်။ သူ့တန်ဖိုးအလိုက်ပေါ့။ လုံးချင်းရော တိုက်ခန်းရော မျှပြီးဖြစ်နေတာ။ ပြီးတော့ အခုအခြေအနေက စီမံကိန်းဧရိယာတွေဘက်ကို မေးတာမြန်းတာက တော်တော့ကို နည်းတယ်။ ဒါပေမဲ့ develop ဖြစ်လာနိုင်ခြေရှိတဲ့ဘက်ကိုတော့ လိုက်ကြတာရှိတယ်။ ဥပမာဗျာ (တောင်ဥက္ကလာ) ဝေဇယန္တာပေါ့။ develop ဖြစ်မယ်ဆိုတာ လွန်ခဲ့တဲ့ ၁၂ နှစ်လောက်ကတည်းက အော်ခဲ့ကြတာ။ အဲ့အချိန်တုန်းက ဘာမှမရှိသေးဘူး။ အခုတော့ develop ဖြစ်သွားပြီ။ အခု ပိုက်ဆံရှိလို့ အဲဒီမှာ အကွက်အကွင်း ဝယ်ချင်တယ်ဆိုရင် မြေကွက်တွေက မရှိတော့ဘူး။ မြေကွက်တွေက ကိတ်မုန့်လိုမျိုး အပိုင်းပိုင်းဖဲ့ပြီး ရောင်းထားကြလို့ ကုန်နေပြီ။”
ဒါပေမဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က တော်လှန်ရေးအတွက် ဘဏ္ဍာငွေရရှိဖို့ ရည်ရွယ်ပြီး ရောင်းချတဲ့ အိမ်ယာစီမံကိန်းတွေကိုတော့ ပြည်ပရောက် မြန်မာနိုင်ငံသားတွေ အပါအဝင် ပြည်တွင်းကလည်း ဝယ်ယူမှု ရှိနေတာပါ။
ဒါကြောင့်ပဲ NUG က ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၂၁ ရက်နေ့မှာ အများပြည်သူတွေထံ စတင်ရောင်းချပေးခဲ့တဲ့ ရဲရင့်နွေဦး အမည်ရှိ ကွန်ဒိုတိုက်ခန်းတွေဟာ နာရီပိုင်းအတွင်းမှာ (အခန်းတည်ဆောက်မှုပုံစံ) 3-Bedroom ပါဝင်တဲ့ အခန်းပေါင်း ၃၆၀ နဲ့ 1-Bedroom ပါဝင်တဲ့ အခန်းပေါင်း ၇၇၀ ထဲက အခန်းပေါင်း ၁၀၀ ရောင်းကုန်ခဲ့တယ်လို့ NUG ဝန်ကြီး ဦးတင်ထွန်းနိုင်က ထုတ်ဖော်ပြောဆိုထားပါတယ်။