close

အိမ်ခြံမြေလုပ်ငန်းရှင်

close

February 14, 2023

ငလျင်ကြောင့် အဆောက်အုံပျက်စီးမှုနှင့်ဆက်နွှယ်ပြီး အိမ်ခြံမြေလုပ်ငန်းရှင်ကို တူရကီအာဏာပိုင်များ ဖမ်းဆီး

ငလျင်ဒဏ်ခံခဲ့ရတဲ့ အဒီယာမန်မြို့က အဆောက်အအုံတွေပျက်စီးမှုနဲ့ ပတ်သက်ပြီး တူရကီ အာဏာပိုင်တွေက နောက်ထပ် အိမ်ခြံမြေလုပ်ငန်းရှင်တဦးကို အစ္စတန်ဘူလ်လေဆိပ်မှာ ဖေဖော်ဝါရီ ၁၂ ရက်က  ဖမ်းဆီးခဲ့ပါတယ်။ 

ရင်းနှီးမြှုပ်နှံသူ ယာဗွှတ်စ် ကာရာကွတ်စ်နဲ့ သူ့ဇနီးတို့ဟာ ဂျော်ဂျီယာနိုင်ငံသို့ ထွက်ဖို့ ကြိုးစားချိန်မှာ အဖမ်းခံခဲ့ရတာလို့ အစ္စတန်ဘူလ်ရဲတပ်ဖွဲ့က ပြောပါတယ်။

တူရကီမှာ လူ သုံးသောင်းကျော် သေဆုံးခဲ့ရတဲ့ ငလျင်ဘေးအပြီး အဆောက်အအုံတွေ ပြိုကျမှုမှာ တာဝန်ရှိတယ်လို့ သံသယရှိသူ ဘယ်သူကိုမဆို သေသေချာချာ စုံစမ်းစစ်ဆေးဖို့ တူရကီအစိုးရက ကတိပြုခဲ့တာပါ။

ဖေဖော်ဝါရီ ၆ ရက် အစောပိုင်းက ငလျင်လှုပ်ခတ်မှု ဒဏ်ခံခဲ့ရတဲ့ ပြည်နယ် ၁၀ ခုက ထောင်နဲ့ချီတဲ့ အဆောက်အဦတချို့ ပြိုကျပျက်စီးမှုအတွက် သံသယရှိသူ ၁၃၁ ဦးကို ဖော်ထုတ်နိုင်ခဲ့တယ်လို့ ဒုတိယသမ္မတ ဖွှားအုတ်တေးက ညတွင်းချင်း ပြောခဲ့ပါတယ်။

၁၁၃ ယောက် စလုံးအတွက် ဖမ်းမိန့် ထုတ်ထားပြီးပြီလို့ ဒုသမ္မတက သတင်းထောက်တွေကို မြို့တော် အန်ကာရာက ကပ်ဘေးစီမံခန့်ခွဲမှု ညှိနှိုင်းရေးဌာနက သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

အိမ်ခြံမြေ လုပ်ငန်းရှင် မာမက်ယာဆာကို့စ်ခွန်ဟာ မွန်တီနီဂရိုး နိုင်ငံဆီသွားဖို့ ကြိုးစားနေတုန်း ဖေဖော်ဝါရီ ၁၀ ရက်မှာ အစ္စတန်ဘူလ် လေဆိပ်မှာ အဖမ်းခံခဲ့ရတဲ့ ရုပ်သံကို အစ္စတန်ဘူလ် ရဲဌာနက ထုတ်လွှင့်ခဲ့ပါတယ်။

နောက်ထပ် အသက်ရှင် ကျန်ရစ်သူတွေကို ရှာဖွေဖို့ အခွင့်အလမ်းတွေနဲ့ အတူ အမေရိကန်ပြည်ထောင်စုက ရှာဖွေကယ်ဆယ်ရေးအဖွဲ့တွေက အဒီယာမန်မြို့မှာ ဆက်ပြီး ကြိုးစား နေပါတယ်။

ငလျင်နဲ့ နောက်ဆက်တွဲ ငလျင်ကြီးတွေ လှုပ်ခတ်မှုကြောင့် တူရကီနဲ့ ဆီးရီးယား နှစ်နိုင်ငံစလုံးမှာ သေဆုံးသူဦးရေ ၃၃,၀၀၀ ကျော် အထိ မြင့်တက်လာပြီး သေဆုံးသူ ဦးရေ ဆက်လက်တိုးလာဖို့ အလားအလာ ရှိနေပါတယ်။ ဒါဟာ ၁၉၃၉ ခုနှစ်နောက်ပိုင်း တူရကီမှာ အဆိုးရွားဆုံး ငလျင်လည်း ဖြစ်ပါတယ်။ 

56 seconds Ago
Up