မန္တလေး၊ နွားထိုးကြီးမြို့နယ်၊ ပြင်စည်ရွာ၊ ရန်ကုန်- မန္တလေး အမြန်လမ်းမ၊ မိုင်တိုင်အမှတ် ၃၂၅ ရဲ့ ၆ /၇ ဖာလုံကြား၊ မြင်းခြံလမ်းခွဲအနီးမှာ ဧပြီ ၁၀ ရက် မနက် ၁၁ ခွဲလောက်က အိမ်စီးကားတစီး လမ်းဘေးဘယ်ရီတုံးတွေကို ဝင်တိုက်ပြီး မီးလောင်တာကြောင့် ယာဉ်ပေါ်ပါ ၃ ဦးလုံး သေဆုံးခဲ့တယ်လို့ အမြန်လမ်းမီးသတ်တပ်ဖွဲ့က ပြောပါတယ်။
အဆိုပါကားဟာ ဟွန်ဒါစီဗစ်အမျိုးအစား အဖြူရောင်ဖြစ်ပြီး အဲ့ဒီမီးလောင်မှုကို ပြင်စည်မီးသတ်တပ်ဖွဲ့နဲ့ ပြင်စည်ရဲတပ်ဖွဲ့တို့က မီးငြှိမ်းသတ်ခဲ့ကြတာပါ။
အမြန်လမ်းမီးသတ်တပ်ဖွဲ့နဲ့ နီးစပ်သူတဦးက "ဖြစ်တာက ၃၂၅ ၆ ဖာလုံ၊ မြင်းခြံ လမ်းခွဲအနားမှာ၊ အရှိန်လွန်ပြီး ဝင်တိုက်တဲ့ ပုံစံပါ၊ ပြီးမှ မီးလောင်တာ။ ဝင်တိုက်ကတည်းက ယာဉ်မောင်းအပါ ၃ ဦးစလုံး သေဆုံးပါတယ်။ နွားထိုးကြီးဆေးရုံကို ဌာနက ကားနဲ့ပဲ ပို့ပေးထားတယ်၊ မိသားစုဝင်နဲ့တော့ အဆက်အသွယ်မရသေးဘူး" လို့ ပြောပါတယ်။
ကားမီးလောင်မှုကို မနက် ၁၁: ၄၀ နာရီမှာ မီးငြှိမ်းနိုင်ခဲ့တယ်လို့ သိရပါတယ်။
ရန်ကုန်- မန္တလေးအမြန်လမ်းမပေါ်မှာ ၂၀၂၃ ဧပြီ ၁ ရက်မှ ၁၀ ရက်အတွင်း ယာဉ်တိုက်မှု ၅ ကြိမ်ဖြစ်ပွားခဲ့ပြီး လူ ၆ ဦး သေဆုံး၊ ၁၁ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ အမြန်လမ်းမီးသတ်တပ်ဖွဲ့ မှတ်တမ်းအရ သိရပါတယ်။
မွန်ပြည်နယ် ရေး - သံဖြူဇရပ်ကားလမ်းမှာ ဧပြီ ၁ ရက် မနက် ၆ နာရီခွဲက အိမ်စီးကား ၁ စီး သေနတ်နဲ့ပစ်ခတ်ခံရပြီး ကားပေါ်ပါ လင်မယား ဒဏ်ရာရခဲ့တယ်လို့ အဲဒီမိသားစုနဲ့နီးစပ်သူတွေက ပြောပါတယ်။
လမိုင်းဒေသခံ လင်မယားနှစ်ယောက်ဟာ အိမ်စီးကားနဲ့အတူ မော်လမြိုင်ဘက်ကို ဆေးခန်းပြဖို့ သွားစဥ် အေးကမ္ဘာနဲ့ဘေးလမိုင်းကြားမှာ ပစ်ခတ်ခံခဲ့ရတာလို့ ဒေသခံလူမှုကူညီရေးအသင်းအဖွဲ့ဝင် တဦးက ပြောပါတယ်။
“မိသားစုဝင် ၃ ယောက်ထဲမှာ သားဖြစ်သူက ဘာမှမဖြစ်ဘူ။ အဖေဖြစ်သူ ဦးမျိုးထွန်း (အသက် ၄၃နှစ်) က နောက်ကျောဘက် သေနတ် ၂ ချက်ထိမှန်ပြီး အမေဖြစ်သူ မဟလယ် (အသက် ၅၂ နှစ်) က ကားပေါ်ကနေ ပြေးအဆင်းမှာ ခြေထောက်မှာ သေနတ်ဒဏ်ရာတွေ ရခဲ့တယ်။ လမိုင်း ဆေးရုံကနေ မော်လမြိုင်ပြည်သူ့ဆေးရုံကို အရေးပေါ် ပို့ဆောင်ပေးရတယ်” လို့ ပြောပါတယ်။
အဲဒီလမ်းမှာ ဒီမနက် စစ်တပ်နဲ့ PDF တို့ ပစ်ခတ်မှုဖြစ်နေပြီး အဲဒီကြားက ကားက ဖြတ်ဝင် မိတာကြောင့် ကားရော လူပါ သေနတ်ထိမှန်ခဲ့တာလို့ ဒေသခံတချို့က ပြောပါတယ်။
အခုတိုက်ပွဲဖြစ်ပွားခဲ့တဲ့နေရာတွေဟာ စစ်တပ်နဲ့ PDFတွေရဲ့ စစ်ရေးလှုပ်ရှား နယ်မြေလည်း ဖြစ်သလို စစ်ကောင်စီနဲ့ PDF တွေရဲ့ အခုနောက်ဆုံး ပစ်ခတ်မှု အခြေနေကို မသိရသေးပါဘူး။
ရေး-သံဖြူဇရပ်ကားလမ်းမှာ စစ်ယာဥ်တန်းနဲ့ အနီးနား ကပ်မလိုက်ကြဖို့ သေကာကွယ်ရေး တပ်ဖွဲ့တွေကသတိပေးပြောဆိုထားပါတယ်။