close

အိမ်မွေးခွေး

close

February 5, 2023

ပေါ်တီဂီနိုင်ငံရှိ အိမ်မွေးခွေး ကမ္ဘာ့အသက်အကြီးဆုံး ခွေးအဖြစ် ဂရင်းနစ်စံချိန်တင်

လွန်ခဲ့တဲ့ဆယ်စုနှစ် ၃ ခုလောက်က ပေါ်တူဂီနိုင်ငံအလယ်ပိုင်းရှိ ကျေးရွာလေးတရွာမှာ မွေးဖွား လာခဲ့တဲ့ အိမ်မွေးခွေးလေး ဘိုဘီဟာ ကမ္ဘာ့အသက်အကြီးဆုံးခွေးအဖြစ် ဂရင်းနစ် စံချိန်တင်နိုင်ခဲ့ပါပြီ။ 

ရာဖယ်ရို ဒူအယ်လန်တေဂျို ခွေးအမျိုးအစားဖြစ်တဲ့ ဘိုဘီဟာ သူရဲ့အသက် ၃၀ ပြည်နှစ် မွေးနေ့ကို ပြီးခဲ့တဲ့နှစ်မှာ ကျင်းပခဲ့ပါတယ်။

၁၉၃၉ ခုနှစ်က အသက် ၂၉ နှစ်နဲ့ ၅ လအရွယ်မှာ ကွယ်လွန်သွားတဲ့ သြစတြေးလျ တိရစ္ဆာန်ထိန်းခွေးလေးရဲ့ အသက်အကြီးဆုံး စံချိန်ကို ရာစုနှစ်တစ်ခုနီးပါးအကြာမှာ ဘိုဘီက ချိုးဖျက်နိုင်ခဲ့တာပါ။ 

ဘိုဘီ့သခင်ဖြစ်သူ လီယွန်နယ် ကော်စတာကလည်း ဂရင်းနစ်ကမ္ဘာ့စံချိန်အဖွဲ့ကို ဆက်သွယ်ရင်း လိုအပ်တဲ့ စာရွက်စာတမ်းတွေ အားလုံးကို တင်ပြအပြီး တနှစ်အကြာမှာပဲ ဘိုဘီဟာ ကမ္ဘာ့ အသက်အကြီးဆုံး ခွေးလေးအဖြစ် တရားဝင် မှတ်တမ်းတင်ခဲ့ပါတယ်။ 

ဘိုဘီဟာ ဖေဖော်ဝါရီ ၄ ရက်နေ့မှာဆိုရင် အသက် ၃၀ နဲ့ ၂၆၉ ရက်အထိ ရှိပါပြီ။

ဖေဖော်ဝါရီ ၂ ရက်မှာ ဒီစံချိန်ကို ကြေညာခဲ့တဲ့ ကမ္ဘာ့ဂရင်းနစ်စံချိန်အဖွဲ့ကလည်း ဘိုဘီရဲ့ဇာတ်ကြောင်းဟာ "အံ့အားသင့်ဖွယ်ရာ" လို့ သုံးနှုန်းဖော်ပြခဲ့ပါတယ်။ 

ဘိုဘီရဲ့ ခွေးအမျိုးအစားဟာ ပုံမှန်အားဖြင့် အသက် ၁၂ နှစ် ကနေ ၁၄ နှစ်အထိသာ သက်တမ်း ရှိကြတာပါ။ 

ဒါပေမယ့် ဘိုဘီဟာ ဆိတ်ငြိမ်တဲ့ ကျေးလက်ဒေသမှာ နေထိုင်ရတာ၊ ဘယ်တုန်းကမှ အထိန်းကြိုး/သံကြိုးတွေနဲ့ အချည်မခံရဖူးသလို "လူစားတဲ့ အစားအစားတွေ အတိုင်း" အမြဲစားသောက်နေကျဖြစ်တာကြောင့် ဒီအချက်တွေအပါအဝင် တခြားအချက်များစွာကြောင့် အခုလို အသက်ရှည်တာဖြစ်နိုင်တယ်လို့ သခင်ဖြစ်သူ ကော်စတာက ယူဆထားပါတယ်။ 

ဘိုဘီဟာ လမ်းလျှောက်ထွက်ရတာကို ကြိုက်နှစ်သက်နေဆဲဖြစ်ပေမယ့် အသက်အရွယ်ကြီးမြင့် လာနဲ့ အမျှ စွန့်စားလိုစိတ် နည်းပါးလာတယ်လို့ သိရပါတယ်။ 

ဒါ့အပြင် အမွှေးအမျှင်တွေလည်း ပါးလျားလာတဲ့ ဘိုဘီဟာ အမြင်အာရုံအခြေအနေပါ ဆိုးရွား လာသလို အရင်ကထက် ပိုမိုအနားယူဖို့လည်း လိုအပ်လာခဲ့ပါတယ်။ 

သခင်ဖြစ်သူ ကော်စတာကတော့ ဘိုဘီကို နောင်နှစ်ပေါင်းများစွာ အတူရှင်သန်နိုင်ဖို့ မျှော်လင့်ထားတဲ့အပြင် ဝေးလံခေါင်သီတဲ့ သူတို့နေထိုင်ရာ ကိုကီရို့စ် ကျေးရွာလေးကို မြေပုံပေါ်မှာ တင်ထားနိုင်ပြီ ဖြစ်တဲ့အတွက်လည်း ဘိုဘီ့ကို ကျေးဇူးတင်နေပါတယ်။ 

12 hours Ago

December 19, 2021

အိမ်မွေးခွေးလေးတွေ လူစကား ဘယ်လောက်နားလည်သလဲ (ရုပ်သံ)

အိမ်မွေးခွေးတွေဟာ ပျမ်းမျှ လူတွေပြောတဲ့ စကားလုံး ၈၉ လုံးအထိ နားလည်ကြပြီး စနစ်တကျ လေ့ကျင့်ပေးရင် ၂၁၅ လုံးလောက်ထိ နားလည်နိုင်တယ်လို့ ကနေဒါ ပညာရှင်တွေက လေ့လာတွေ့ရှိရပါတယ်။

ကနေဒါနိုင်ငံ ဒါလ်ဟိုဇီတက္ကသိုလ်ရဲ့ စိတ်ပညာနဲ့ အာရုံခံစားမှုဌာနက ခုလိုတွေ့ရှိတာပါ။​ လူစကားတွေကို နားလည်မှုနဲ့ အနံ့ခံစွမ်းရည်ကို သိနိုင်ဖို့  မျိုးဗီဇ အရွယ်စုံ ခွေးတွေနဲ့ ရှာဖွေရေး ကစားရင်း လေ့လာကြပါတယ်။

ခွေးပိုင်ရှင်တွေကလည်း စစ်တမ်းတွေ နောက်ကြောင်းရာဇဝင် နေ့စဉ်ဘဝနဲ့ ခွေးတွေသိတဲ့ စကားလုံးတွေကို  ဖြေပေးပါတယ်။ ခွေးမျိုးစုံ ၁၆၅ ကောင်နဲ့ နာရီဝက်သာသာကြာတဲ့ စမ်းသပ်မှုက အင်္ဂလိပ် ဘာသာစကားတခုပဲ ပါဝင်ပါတယ်။ 

Photo: Creative Commons

အလားတူ ဟန်ဂေရီနိုင်ငံတက္ကသိုလ်တခုရဲ့ စမ်းသပ်ချက်အရ ခွေးတွေဟာ ၈ လသားအရွယ် လူသားကလေးငယ်လောက် စကားလုံးတွဲ အလုံး ၉၀ လောက်ထိ နားလည်တယ်လို့ ဆိုပါတယ်။ 

သူတို့ဟာ (MRI)  သံလိုက်ပုံရိပ်ဖမ်းစက်နဲ့ ခွေးရဲ့ ဦးနှောက်ကို စစ်ဆေးပါတယ်။ အကြားအာရုံခံ ဦးနှောက်အပိုင်းက အဓိကကျတယ်လို့ သိရပါတယ်။ 

ရှက်ဖတ်၊ ဘိုးဒါးကိုလီ၊ ဘီရှန်း၊ ဖရီဇေး၊​ ကာဗယ်လေ၊ ကင်းချားလ်းစပန်ညေး စတဲ့ ခွေးမျိုးစိတ်တွေက တခြားခွေးတွေထက် နားလည်နိုင်စွမ်း မြင့်မားတယ်လို့ တွေ့ရှိထားပါတယ်။ 

ခွေးချစ်သူတွေအများစုက “Sit” “Lie Down” “Come” “No-No” စတဲ့စကားလုံးတွေ သုံးလေ့ရှိပါတယ်။ နိုင်ငံတကာမှာလည်း မူးယစ်ဆေးဝါးနဲ့ မြေမြှုပ်မိုင်းရှာဖွေရေးတွေမှာ လေ့ကျင့်ထားတဲ့ ခွေးဝန်ထမ်းတွေ သုံးပါတယ်။ 

နှစ်သောင်းနဲ့ချီတဲ့ သမိုင်းတလျှောက် ခွေးနဲ့ လူ ဆက်စပ်မှု ဇီဝဆင့်ကဲဖြစ်စဉ်ကြောင့် အိမ်မွေးခွေးတွေဟာ လူ့စကား နားလည်နိုင်စွမ်းမှာ တခြားသတ္တဝါတွေထက် မြင့်မားကြပါတယ်။ 

ခွေးတွေရဲ့ နားလည်မှုကို အကုန်မသိရသေးပေမဲ့ အိမ်မွေးခွေးတွေဟာ အနာဂတ်မှာ ခုထက်ပို နားလည်လာနိုင်တယ်လို့ ပညာရှင်တွေက ယုံကြည်ကြပါတယ်။​ 

1 year Ago
Up