အစိုးရတွေရဲ့ ဘဏ္ဍာရေးမူဝါဒတွေက ငွေကြေးမူဝါဒ တင်းကျပ်တာနဲ့ ကိုက်ညီရင် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးကျဆင်းမှုကို ရှောင်ရှားနိုင်ပေမဲ့ လာမယ့်နှစ်မှာ စီးပွားရေး ကျဆင်းသွားမယ့် နိုင်ငံတွေလည်း ရှိနိုင်တယ်လို့ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (အိုင်အမ်အက်ဖ်) မန်နေဂျင်းဒါရိုက်တာက ပြောလိုက်ပါတယ်။
ငွေကြေးမူဝါဒတင်းကျပ်တဲ့ အခြေအနေမှာ လူနေမှုစရိတ် အကျပ်အတည်းက လူ့အဖွဲ့အစည်းရဲ့ အစိတ်အပိုင်းတွေကို သိသိသာသာ ရိုက်ခတ်လာလို့ ဘဏ္ဍာရေးမူဝါဒက လှုပ်လှုပ်ရှားရှား မဖြစ်နိုင်ဘူးလို့ ခရစ္စတာလီနာ ဂျော်ဂျီဗာက အောက်တိုဘာ ၃ ရက်မှာ ပြောခဲ့တာပါ။
ငွေကြေးဖောင်းပွမှုဟာ ဆင်းရဲသားတွေအတွက် အခွန်လိုဖြစ်လို့ အင်မတန်ဆိုးတယ်၊ ဗဟိုဘဏ်တွေက ပြတ်ပြတ်သားသား ဆောင်ရွက်ဖို့လိုတယ်လို့ သူကပြောပါတယ်။
စွမ်းအင်စျေးနှုန်းတွေကို နှိမ်နင်းတာနဲ့ ထောက်ပံ့ကြေးတွေ ပေးတာဟာ လူတိုင်းကို ခွဲခြားမဆက်ဆံဘဲ ပံ့ပိုးပေးတဲ့ ဘဏ္ဍာရေးမူဝါဒတွေက ငွေကြေးမူဝါဒတွေရဲ့ ရည်ရွယ်ချက်တွေကို ဆန့်ကျင်လုပ်ဆောင်နေတယ်လို့လည်း သူကပြောပါတယ်။
ဖွံ့ဖြိုးဆဲနိုင်ငံတွေအတွက် ငွေကြေးမူဝါဒကြောင့် ကမ္ဘာ့စီးပွားရေးကျဆင်းတဲ့ ဆိုးရွားတဲ့ အကျိုးဆက်တွေကို ကုလသမဂ္ဂ အေဂျင်စီတခုက တနင်္လာနေ့အစောပိုင်းမှာ သတိပေးခဲ့ပါတယ်။
ကော်ပိုရိတ်အခွန်အခတွေ၊ ထောက်ပံ့ရေးဘက်ဆိုင်ရာ ကြိုးပမ်းမှုတွေနဲ့ ကုန်စည်ဈေးကစားခြင်းဆိုင်ရာ စည်းမျဉ်းတွေ အပါအဝင် မဟာဗျူဟာအသစ်တရပ်ကိုလည်း အေဂျင်စီက တောင်းဆိုခဲ့ပါတယ်။