close

အိုင်အေအီးအေ

close

October 28, 2022

အိုင်အေအီးအေ စစ်ဆေးရေးအရာရှိများ ယူကရိန်းကို သွားရောက်စစ်ဆေးမည်

ယူကရိန်းအစိုးရရဲ့ တောင်းဆိုချက်အရ နေရာနှစ်ခုကို ကုလသမဂ္ဂ နျူးကလီးယားကျွမ်းကျင်သူ စစ်ဆေးရေးအရာရှိတွေ စေလွှတ်ဖို့ စီစဉ်နေကြောင်း နိုင်ငံတကာ အဏုမြူစွမ်းအင်အေဂျင်စီ (အိုင်အေအီးအေ) အကြီးအကဲက အောက်တိုဘာ ၂၇ ရက်မှာ အတည်ပြုပြောပါတယ်။

ယူကရိန်းဟာ Dirty Bomb လို့ခေါ်တဲ့ နျူးကလီးယားဗုံးတမျိုးကို ဖြန့်ချထားနိုင်တယ်လို့ ရုရှားက အခိုင်အမာ ပြောဆိုထားချက်ကို ယူကရိန်းက ငြင်းဆန်ထားပြီး ဒါကိုတုံ့ပြန်တဲ့အ‌နေနဲ့ အိုင်အေအီးအေကို လာရောက်စစ်ဆေးဖို့ ယူကရိန်းက တောင်းဆိုခဲ့တာပါ။

စစ်ဆေးမှုတွေ လုပ်ဆောင်နေပါပြီလို့ အိုင်အေအီးအေ ညွှန်ကြားရေးမှူးချုပ် ရာဖဲလ် မာရီယာနို ဂရော့စီက လုံခြုံရေးကောင်စီအဖွဲ့ဝင်တွေနဲ့ တံခါးပိတ်အစည်းအဝေးအပြီးမှာ သတင်းထောက်တွေကို ပြောပါတယ်။

ရုရှားအကြီးတန်းအရာရှိတယောက်က နျူးကလီးယားလုပ်ငန်းနဲ့ ဆက်စပ်နေတဲ့ ယူကရိန်းရှိ အဖွဲ့အစည်းတွေဟာ နျူးကလီးယားပစ္စည်းတွေနဲ့ လုပ်ထားတဲ့ Dirty Bomb ထုတ်လုပ်ဖို့ ပြင်ဆင်မှုတွေ လုပ်နေတယ်ဆိုတဲ့ စွပ်စွဲထုတ်ပြန်ချက် ထွက်ရှိလာပြီးနောက်မှာ အိုင်အေအီးအေ စစ်ဆေးရေးမှူးတွေကို စေလွှတ်ဖို့ လုပ်ဆောင်ခဲ့တာပါ။

စစ်ဆေးရေးမှူးတွေဟာ သူတို့လုပ်ရမယ့် အလုပ်တွေကို လုပ်ပြီး ရက်ပိုင်းအတွင်း စွပ်စွဲချက်တွေကို နိဂုံးချုပ်နိုင်လိမ့်မယ်လို့ ဂရော့စီက ပြောပါတယ်။

ကြာသပတေးနေ့ အစောပိုင်းက အမေရိကန်နဲ့ သူ့မဟာမိတ်တွေဟာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီကို အချိန်ဖြုန်းအောင် လုပ်နေတာဖြစ်ပြီး အမေရိကန်က ယူကရိန်းမှာ စစ်ဘက်ဆိုင်ရာ ဇီဝဗေဒ အစီအစဉ်တွေ ရှိတယ်လို့ စွပ်စွဲကာ ပူးပေါင်းကြံစည်မှုတွေကို ဖော်ထုတ်တဲ့အတွက် ရုရှားကို ပြစ်တင်ရှုတ်ချခဲ့ပါတယ်။

ရုရှားက ယူကရိန်းမှာ ဇီဝလက်နက် အစီအစဉ်တွေနဲ့ ပတ်သက်ပြီး လုံခြုံရေးကောင်စီမှာ အနည်းဆုံး ၂ ကြိမ် ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

အမေရိကန်နဲ့ ယူကရိန်းတို့ကလည်း သူတို့မှာ ဇီဝလက်နက် အစီအစဉ်တွေ မရှိကြောင်း ပြောထားသလို အခု ရုရှားကလည်း တရားဝင် စုံစမ်းစစ်ဆေးဖို့ တွန်းအားပေးနေပါတယ်။

ကုလသမဂ္ဂဆိုင်ရာ ရုရှားသံအမတ်က ယူကရိန်းမှာ ဖြစ်နိုင်တဲ့ ဇီဝဆိုင်ရာ သို့မဟုတ် ဓာတ်ရောင်ခြည်သုံး လက်နက်တွေနဲ့ ပတ်သက်လို့ သူ့ရဲ့စွပ်စွဲချက်အားလုံးကို အလေးအနက် ထားသင့်တယ်လို့ ပြောပါတယ်။

ယူကရိန်းမှာ ဇီဝလက်နက် အစီအစဉ်တွေကို သတိမပြုမိဘူးလို့ ကုလသမဂ္ဂ လက်နက်ဖျက်သိမ်းရေး အရာရှိတွေက ဟိုးအရင်ကတည်းက ပြောထားပါတယ်။

2 mins Ago
Up