မန်ချက်စတာယူနိုက်တက်အသင်းဟာ ဟော်လန်ကလပ် အိုင်းယက်နည်းပြ တန်ဟတ်ချ်ကို ခေါ်ယူနိုင်ရေးအတွက် တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။
တန်ဟတ်ချ်ရဲ့ စာချုပ်နဲ့ ပတ်သက်ပြီး ထွက်ခွာခွင့် ရရှိဖို့အတွက် ဘယ်လိုလုပ်ဆောင်ရမလဲဆိုတာ အိုင်းယက်အသင်းနဲ့ ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
တွေ့ဆုံဆွေးနွေးမှုဟာ အပေါင်းလက္ခဏာဆောင်ခဲ့ပြီး နည်းပြတန်ဟတ်ချ်ကို ခေါ်ယူခန့်အပ်ဖို့ အလွန်နီးစပ်တဲ့ အခြေအနေ ရောက်ရှိနေပြီလို့ သတင်းတွေက ဖော်ပြပါတယ်။
တန်ဟတ်ချ်ရဲ့ စာချုပ်ဟာ လာမယ့်ရာသီကုန်ဆုံးချိန် သက်တမ်းကုန်မှာဖြစ်ပြီး မန်ယူအသင်းက စာချုပ်ဖျက်သိမ်းကြေးပေးပြီး ခေါ်ယူနိုင်ဖို့ ရှိပါတယ်။ စာချက်ဖျက်သိမ်းကြေး ပမာဏက ပေါင် ၁ ဒသမ ၆ သန်းကျော်သာရှိပြီး လက်ထောက်နည်းပြအဖွဲ့ဝင်တွေရဲ့ စာချုပ်ဖျက်သိမ်းကြေးတွေပါ ပေါင်းမယ်ဆိုရင် ပေါင် ၂ သန်းခန့်သာ ကုန်ကျမယ်လို့ သိရပါတယ်။
မန်ယူအသင်းဟာ အမြဲတမ်းနည်းပြရာထူးအတွက် တန်ဟတ်ချ်နဲ့ ပီအက်စ်ဂျီနည်းပြ ပိုချက်တီနိုတို့ကို အစောပိုင်းကတည်းက လျာထားခဲ့တာပါ။
လက်ရှိအခြေအနေအရတော့ အိုင်းယက်နည်းပြ တန်ဟတ်ချ်ကို ခေါ်ယူဖို့ ပိုမိုနီးစပ်လာပြီး မကြာခင် သတင်းထုတ်ပြန်ပေးဖို့ ရှိနေပါတယ်။