ကိုရိုနာဗိုင်းရပ်စ် မျိုးကွဲသစ်ကို ပြီးခဲ့တဲ့သီတင်းပတ်က စတင်ထုတ်ပြန်လိုက်ကတည်းက နိုဝင်ဘာ ၂ ရက်အထိ နိုင်ငံနဲ့ဒေသ အနည်းဆုံး ၃၀ မှာ အိုမီခရွန် ကူးစက်ခံရမှုတွေ ရှိကြောင်း ရောဂါပိုးတွေ့ရှိတဲ့နေရာတွေက ကျန်းမာရေးအာဏာပိုင်တွေက ပြောပါတယ်။
အိန္ဒိယနိုင်ငံမှာ အိုမီခရွန် (Omicron) ပိုးကူးစက်ခံထားရသူနှစ်ဦးကို ပထမဆုံး တွေ့ရှိရကြောင်း အိန္ဒိယ ကျန်းမာရေးဝန်ကြီးဌာနက နိုဝင်ဘာ ၂ ရက်နေ့ ပြောကြားခဲ့ပါတယ်။
ကူးစက်ခံ အမျိုးသားနှစ်ဦးမှာ ပြင်းထန်တဲ့လက္ခဏာတွေ မတွေ့ရှိကြောင်းနဲ့ ကျန်းမာရေး အာဏာပိုင်တွေဟာ သူတို့တွေရဲ့အဆက်အသွယ်အားလုံးကို ခြေရာခံခဲ့ပြီး အနီးကပ်စောင့်ကြည့်နေ ပါတယ်။
တရက်တည်းမှာပဲ စင်ကာပူကျန်းမာရေးဝန်ကြီးဌာနဟာ တောင်အာဖရိကမှ ရောက်ရှိလာတဲ့ ခရီးသည်နှစ်ဦးမှာ အိုမီခရွန် မျိုးကွဲ ကူးစက်ခံထားရကြောင်း ထုတ်ပြန်ကြေညာခဲ့ပါတယ်။
စင်ကာပူနိုင်ငံသားနဲ့ အမြဲတမ်းနေထိုင်သူတဦး တို့ဖြစ်တဲ့ အဲ့ဒီခရီးသည် ၂ ယောက်ကို ကာကွယ်ဆေး အပြည့်အစုံထိုးနှံထားပြီး ချောင်းဆိုးခြင်းနဲ့လည်ချောင်းနာခြင်းအပါအဝင် အပျော့စား လက္ခဏာတွေ ခံစားနေရတယ်လို့ ဆိုပါတယ်။
ဘရာဇီးလ်မှာလည်း ခုအချိန်အထိ အိုမီခရွန် ကူးစက်ခံထားရသူ ၅ ယောက်ရှိပြီး ပထမဆုံး အတည်ပြုလူနာ သုံးဦးစလုံးဟာ Sao Paulo ပြည်နယ်ကဖြစ်ပြီး သူတို့အားလုံး အာဖရိကကို သွားရောက်ခဲ့ကြတာပါ။
မြို့တော် Brasilia မှာတော့ ကူးစက်ခံရသူ ၂ ယောက်တွေ့ရှိထားတယ်လို့ ဖက်ဒရယ်ခရိုင်အုပ်ချုပ်ရေးမှူး Ibaneis Rocha က ပြောပါတယ်။
ဆွီဒင်မှာလည်း ကူးစက်ခံ အတည်ပြုလူနာ ခြောက်ဦးရှိပြီး သူတို့အားလုံးမှာ အပျော့စား လက္ခဏာ တွေ ရှိကြပါတယ်။
စပိန်ရှိ မက်ဒရစ်အသိုက်အဝန်းမှာလည်း အိုမီခရွန် မျိုးကွဲ ပထမဆုံးကူးစက်ခံရကြောင်း ကျန်းမာရေးအာဏာပိုင်တွေကို ကိုးကားပြီး ဒေသမီဒီယာတွေက နိုဝင်ဘာ ၂ ရက် ဖော်ပြကြပါတယ်။
၃ ယောက်မြောက် လူနာဟာ AstraZeneca ကာကွယ်ဆေး နှစ်ကြိမ်ထိုးထားပြီးသား အသက် ၆၂ နှစ်အရွယ် အမျိုးသားကြီးဖြစ်ပါတယ်။
ဒိန်းမတ်နိုင်ငံမှာတော့ ကူးစက်ခံ အတည်ပြုလူနာ ၁၄ ယောက်ရှိတယ်လို့ ဒန်းနစ်ရှ် အသံလွှင့်ကော်ပိုရေးရှင်းက သတင်းထုတ်ပြန်ခဲ့ပါတယ်။
ဂရိနိုင်ငံရဲ့အကြီးဆုံးကျွန်းဖြစ်တဲ့ Crete မှာလည်း ပထမဆုံး Omicron အတည်ပြုလူနာဟာ ပြီးခဲ့တဲ့လက တောင်အာဖရိကမှ ပြန်လာသူဖြစ်ပါတယ်။
ပြင်သစ်နိုင်ငံမှာလည်း ပထမဆုံး ရောဂါပိုးကူးစက်ခံရသူကို အတည်ပြုကြေညာခဲ့ပါတယ်။
အဲ့ဒီလူနာဟာ နိုဝင်ဘာ ၂၅ ရက်က နိုင်ဂျီးရီးယားကနေ ပြင်သစ်ကိုပြန်လာခဲ့ပြီး လေဆိပ်မှာ စစ်ဆေးရာမှာ ပေါ့စတစ် တွေ့ရှိပေမယ့် ရောဂါလက္ခဏာ မပြပါဘူး။
အိုက်စလန်က ပထမဆုံးအတည်ပြုလူနာကတော့ နိုင်ငံရပ်ခြားခရီးသွားလာမှု ရာဇဝင်မရှိကြောင်းနဲ့ ကိုဗစ်ကာကွယ်ဆေး ဘုစ်တာတောင် ထိုးထားပြီးသူဖြစ်ကြောင်း၊ လက်ရှိမှာတော့ ဆေးရုံမှာ ဆေးကုသမှု ခံယူနေပါတယ်။
အာဖရိကမှာတော့ အိုမီခရွန် ကူးစက်ခံရမှုတွေရှိကြောင်း ဇင်ဘာဘွေ ဒုသမ္မတနဲ့ ကျန်းမာရေး ၀န်ကြီးက အတည်ပြုခဲ့ပြီး အရေအတွက်အတိအကျကို ထုတ်ဖော်ပြောဆိုခြင်း မရှိပါဘူး။