close

အိုမီခရွန်

close

May 4, 2023

တရက်တည်း ကိုဗစ်-၁၉ ကူးစက်မှု ၁၅၀ ကျော် စံချိန်တင်တွေ့ရှိ၊ အိုမီခရွန် ပြည်တွင်းကူးစက်မှု ပါဝင်

မြန်မာနိုင်ငံမှာ ခုရက်ပိုင်း ကိုဗစ်-၁၉ ရောဂါကူးစက်မှုတွေ ခပ်စိပ်စိပ် ပြန်လည်တွေ့ရှိလာ ခဲ့ပြီးနောက် ပြီးခဲ့တဲ့ တရက်တည်းမှာတင် ကူးစက်မှုအသစ် အယောက် ၁၅၀ ကျော် စံချိန်တင် ထပ်မံတွေ့ရှိခဲ့တယ်လို့ စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေးဝန်ကြီးဌာနက  မေ ၃ ရက် ညပိုင်းမှာ ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ဓာတ်ခွဲနမူနာ စုစုပေါင်း ၁၂,၈၈၅ ခုကို စစ်ဆေးခဲ့ချိန်မှာ ပိုးတွေ့လူနာသစ် ၁၅၅ ယောက် တွေ့ရှိရတာကြောင့် ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ ၁ ဒသမ ၂ ရာခိုင်နှုန်း ရှိနေတာ ဖြစ်ပါတယ်။

ကိုဗစ်-၁၉ ရောဂါကူးစက်ခံရပြီး ထပ်မံသေဆုံးသူကတော့ တယောက်မှ မရှိခဲ့တာမို့ စုစုပေါင်း သေဆုံးသူ အရေအတွက်ကတော့ ၁၉,၄၉၂ ယောက် ရှိနေတယ်လို့ ထုတ်ပြန်ပါတယ်။

နိုင်ငံတဝန်းမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက်ဟာ ၆၃၅,၂၅၇ ယောက် ရှိလာခဲ့ပြီဖြစ်ကာ ရောဂါပြန်လည်ပျောက်ကင်းသက်သာလာသူပေါင်း ၆၁၄,၉၅၄ ယောက ရှိခဲ့ပြီလို့ ဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနက ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူတွေရဲ့ ဓာတ်ခွဲနမူနာတွေထဲက သံသယဖြစ်ဖွယ် ဓာတ်ခွဲနမူနာ ၂၂ ခုကို စစ်ဆေးခဲ့ရာမှာတော့ ဧပြီ ၂၉ ရက်မှာ SARS-CoV-2 Variant Omicron (အိုမီခရွန်) မျိုးရိုးဗီဇပြောင်းရောဂါပိုး XBB.1.9.1 ကို ဓာတ်ခွဲနမူနာ ၈ ခုမှာ စစ်ဆေးတွေ့ရှိရပြီး XBB.1.16 ကို ဓာတ်ခွဲနမူနာ ၈ ခုမှာ တွေ့ရှိရတယ်လို့ ဆိုပါတယ်။ ဒါ့အပြင်  XBB.2.3 ကိုတော့ ဓာတ်ခွဲနမူနာ ၂ ခု၊ XBB.1.9.2 ကို ဓာတ်ခွဲနမူနာ ၁ ခု၊  XBB.1.5 ကို ဓာတ်ခွဲနမူနာ ၁ ခု၊ XBB.1 ကို ဓာတ် ခွဲ နမူနာ ၁ ခု၊ BA.2.75 ကို ဓာတ်ခွဲနမူနာ ၁ ခုတို့မှာ အသီးသီးတွေ့ရှိရတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ တွေ့ရှိရတဲ့ XBB.1.16 ၈ ယောက်ထဲက ၁ ယောက်ကတော့ ပြည်ပကနေ မြန်မာကို ပြန်လည်ရောက်ရှိလာသူဖြစ်ပြီး ကျန် ၇ ယောက်ကတော့ ပြည်တွင်းကူးစက်မှုတွေကနေ တွေ့ရှိရတာလို့ ဆိုပါတယ်။

ဒါပေမဲ့ ဒီစစ်ဆေးထုတ်ပြန်ချက်တွေဟာ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပါဝင်နေကြတဲ့ ဆေးရုံတွေ၊ ဓာတ်ခွဲစမ်းသပ်ခန်းတွေ မပါဝင်ဘဲ စစ်အုပ်စုလက်အောက်ခံ တပ်မတော်ဆေးရုံတွေ အများစုမှာ စမ်းသပ်စစ်ဆေးခဲ့တာမို့ ရောဂါကူးစက်မှု၊ သေဆုံးမှုတွေနဲ့ ပတ်သက်ပြီးတော့ တိကျတဲ့ ပမာဏအတိုင်းအဆကို မသိနိုင်သေးပါဘူး။

စစ်ကောင်စီဩဇာခံ ကျန်းမာရေးဝန်ကြီးဌာနကတော့ ကိုဗစ်-၁၉ နေ့စဉ်ကူးစက်မှုနှုန်း ၁ ရာခိုင်နှုန်းအောက်ထိ ဝန်းကျင်နဲ့သာ ထုတ်ပြန်နေတာကို တွေ့ရပြီး သေဆုံးမှု လုံးဝမရှိတဲ့ နေ့တွေလည်း ရှိလာနေတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာတော့ စစ်အာဏာသိမ်း ၂ နှစ်ကျော်ကာလအတွင်း တိုင်းပြည်မှာ နိုင်ငံရေး မတည်ငြိမ်မှုတွေနဲ့အတူ စီးပွားရေး၊ လူမှုရေး၊ ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှုတွေမှာ အဘက်ဘက်က ကျဆင်းနေပါတယ်။

ခုရက်ပိုင်းမှာတော့ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ကူးစက်မှုအသစ် ခပ်စိပ်စိပ် တွေ့လာနေရ ပြီးတော့ ကိုဗစ်ကူးစက်နှုန်း များလာတာကြောင့် ကိုဗစ်လူနာတွေအတွက် နိုင်ငံတဝန်းက ဆေးရုံတွေ အသင့်ပြင်ထားကြဖို့ စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေးဝန်ကြီးဌာနက ဧပြီ ၂၄ ရက်မှာ ညွှန်ကြားထားပါတယ်။

ညွှန်ကြားစာမှာတော့ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်နဲ့ အိန္ဒိယတို့မှာ ကူးစက်မြန် ကိုဗစ်-၁၉ မျိုးကွဲ 1.16 (Arcturus) ကြောင့် ၂၀၂၃ ဇန်နဝါရီကစပြီး ကူးစက်နှုန်း မြင့်တက်လာပြီး မြန်မာနိုင်ငံအတွင်း ဧပြီလကစတင်ကာ ကိုဗစ်ကူးစက်သူ များပြားလာတဲ့အတွက် ဆေးရုံ တွေ အသင့်ပြင်ထားဖို့ ပါရှိနေတာ ဖြစ်ပါတယ်။

NUG အစိုးရ ကျန်းမာရေးဝန်ကြီးဌာနက ကောက်ယူခဲ့တဲ့ စစ်တမ်းမှာတော့ ပြီးခဲ့တဲ့ ကိုဗစ်-၁၉ တတိယလှိုင်းကာလမှာ သေဆုံးသူတွေရဲ့ ၇၃ ရာခိုင်နှုန်းက လိုအပ်တဲ့ ဆေးရုံ တွေမှာ တက်ရောက်ကုသခွင့်မရဘဲ နေအိမ်တွေမှာ သေဆုံးခဲ့ကြတယ်လို့ ဖော်ပြပါတယ်။

စစ်တမ်းမှာ တွေ့ရှိရတဲ့ အထောက်အထားတွေအရ ဆေးရုံမှာ စောင့်ရှောက်ကုသဖို့ လိုအပ်တဲ့ လူနာတွေ ဆေးရုံမတက်ရောက်နိုင်တာ၊ အွန်လိုင်းကသာ ကုသမှုခံယူနေကြ ရတာ၊ စစ်ကောင်စီက အမှန်တကယ် သေဆုံးနှုန်းကို မဖော်ပြနိုင်တာ စတဲ့အချက်တွေ ဟာ ထင်ရှားနေတာမို့ စစ်ကောင်စီဟာ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသမှုလုပ် ငန်းတွေမှာ မှားယွင်းညံ့ဖျင်းစွာ စီမံနေတယ်လို့ သုံးသပ်ထားပါတယ်။

အရှေ့တောင်အာရှဒေသတွေမှာ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုနှုန်းဟာ ၆ ဆလောက် မြင့် တက်လာပြီး မြန်မာမှာလည်း ခုရက်ပိုင်းတွေအတွင်း ရောဂါကူးစက်မှုတွေ ခပ်စိပ်စိပ်တွေ့ လာရတာမို့ ကိုဗစ်-၁၉ ရောဂါအတွက် ထုတ်ပြန်ထားတဲ့ ကျန်းမာရေးလမ်းညွှန်ချက်တွေ ကို လိုက်နာကြဖို့ NUG အစိုးရ ကျန်းမာရေးဝန်ကြီးဌာနက သတိပေးလိုက်ပါတယ်။

29 mins Ago

December 28, 2022

တရုတ်အစိုးရက ကိုဗစ်-၁၉ ကပ်ရောဂါ အစီအမံများကို အဆင့်‌လျှော့ချ တုံ့ပြန်မည်

တရုတ်အစိုးရဟာ ကူးစက်ရောဂါတုံ့ပြန်ရေးမူဝါဒရဲ့ အဓိကအပြောင်းအရွှေ့မှာ Class A အဆင့် ကူးစက်ရောဂါဆိုင်ရာ အစီအမံအစား Class B အဆင့် ကူးစက်ရောဂါတိုက်ဖျက်ရေး အစီအမံတွေနဲ့ ကိုဗစ်-၁၉ ကပ်ရောဂါဘေးကို စီမံခန့်ခွဲတော့မှာ ဖြစ်ပါတယ်။

ကိုဗစ်-၁၉ အတွက် တရုတ်အသုံးအနှုန်းကိုလည်း “နိုဗယ်ကိုရိုနာဗိုင်းရပ် အဆုတ်ရောင်ရောဂါ” ကနေ “နိုဗယ်ကိုရိုနာဗိုင်းရပ် ကူးစက်မှု” လို့ နာမည်ပြောင်းလဲလိုက်ကြောင်း အမျိုးသားကျန်းမာရေးကော်မရှင်က ဒီဇင်ဘာ ၂၆ ရက်နေ့မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဇန်နဝါရီ ၈ ရက်ကစပြီး တရုတ်နိုင်ငံဟာ ကူးစက်ရောဂါ ကာကွယ်ရေးနဲ့ ကုသရေးဆိုင်ရာ ဥပဒေနဲ့အညီ ကိုဗစ်-၁၉ ကပ်ရောဂါဘေးအား Class A ကနေ Class B ကို အဆင့်လျှော့ချပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံတကာနယ်နိမိတ်နဲ့ သတ်မှတ်ထားတဲ့ ကျန်းမာရေးနဲ့ ရောဂါခြေချုပ် ဥပဒေအရ ခွဲထွက်နိုင်သော ကူးစက်ရောဂါစီမံခန့်ခွဲမှုကနေ ဖယ်ရှားမယ်လို့ တရုတ် ရောဂါခြေချုပ်ဥပဒေ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါပေမဲ့ လက်ရှိမှာ ကိုဗစ်-၁၉ ကို Class B ကူးစက်ရောဂါအဖြစ် သတ်မှတ်ထားပေမဲ့ Class A ကူးစက်ရောဂါအတွက် ကြိုတင်ကာကွယ်ရေးနဲ့ ထိန်းချုပ်မှုအစီအမံတွေကို ဆက်လိုက်နာ ဆောင်ရွက်နေပါတယ်။

ပြုပြင်ပြောင်းလဲမှုကို ပံ့ပိုးကူညီဖို့ အခြေခံအခြေအနေတွေ ထားခဲ့တယ်လို့ နိုင်ငံတော်ကောင်စီရဲ့ ကိုဗစ်-၁၉ တိုက်ဖျက်ရေး ပူးတွဲကာကွယ်ရေးနဲ့ ထိန်းချုပ်ရေးယန္တရားက ထုတ်ပြန်တဲ့ စာတမ်းမှာ နောက်ဆုံးပေါ် ဗိုင်းရပ်စ်ပြောင်းလဲမှု၊ ကပ်ရောဂါ ဖွံ့ဖြိုးတိုးတက်မှုနဲ့ နိုင်ငံရဲ့ ကူးစက်ရောဂါ တုံ့ပြန်မှုတွေကို ကိုးကားဖော်ပြခဲ့ပါတယ်။

တချိန်တည်းမှာပဲ ကိုဗစ်-၁၉ ဗိုင်းရပ်စ်ရဲ့ အိုမီခရွန်ဗီဇမျိုးကွဲဟာ တရုတ်နိုင်ငံမှာ လွှမ်းမိုးထားတဲ့ ကိုဗစ်-၁၉ မျိုးကွဲအဖြစ် ဆက်ရှိနေတယ်လို့ တရုတ်ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးစင်တာ တာဝန်ရှိသူတဦးက ဒီဇင်ဘာ ၂၇ ရက်မှာ ပြောလိုက်ပါတယ်။

ဒယ်လ်တာနဲ့ အိုမီခရွန် ဗီဇမျိုးကွဲတွေ တရုတ်နိုင်ငံထဲမှာ လက်ရှိ ပျံ့နှံ့နေတယ်ဆိုတဲ့ အွန်လိုင်းပေါ်က ကောလာဟလတွေကို တရုတ် ရောဂါကာကွယ်ရေးနဲ့ ထိန်းချုပ်ရေးဌာန၊ ဗိုင်းရပ်စ်ရောဂါ ထိန်းချုပ်ဟန့်တားရေး အမျိုးသားတက္ကသိုလ်က ညွှန်မှူး ရွှီဝမ်ဘိုက ငြင်းဆိုခဲ့ပါတယ်။

အခု တရုတ်နိုင်ငံမှာ ပျံ့နှံ့နေတဲ့ အဓိက ကိုဗစ်-၁၉ ဗိုင်းရပ်စ်ဗီဇမျိုးကွဲတွေက အိုမီခရွန် BA.5.2 နဲ့ BF.7 ဖြစ်တယ်လို့ သူကပြောပါတယ်။

တရုတ်နိုင်ငံမှာ ကိုဗစ်-၁၉ အထွတ်အထိပ် ကူးစက်မှုကို ရင်ဆိုင်ဖို့ အထူးကြပ်မတ် ကုသဆောင် အိုင်စီယူ တွေကို ဆက်လက်တိုးချဲ့ရင်း ပြင်းထန်တဲ့ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုတွေအတွက် ဆေးဘက်ဆိုင်ရာ အရင်းအမြစ်တွေနဲ့ ကုသရေးဌာနတွေ အတွက် အရန်ငွေတွေ တိုးမြှင့်သွားမယ်လို့ အကြီးတန်းကျန်းမာရေးအရာရှိတဦးက အင်္ဂါနေ့မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

အမျိုးသားကျန်းမာရေးကော်မရှင်ရဲ့ ဆေးဘက်ဆိုင်ရာ စီမံခန့်ခွဲမှုဗျူရို အကြီးအကဲ ကျောင်းယာဟွေက တရုတ်နိုင်ငံမှာ လက်ရှိ အလယ်တန်းနဲ့ အဆင့်မြင့်ဆေးရုံတွေမှာ ဆေးရုံကုတင် ၅ ဒသမ ၆ သန်းလောက်နဲ့ လုံလောက်တဲ့ အထူးကြပ်မတ်ကုသဆောင် အိုင်စီယူ ကုတင်တွေ ရှိနေတယ်၊ လက်ရှိရက်တွေမှာ အတွင်းလူနာ ၆၀ ရာခိုင်နှုန်းဝန်းကျင်ရှိတယ်လို့ ပြောပါတယ်။

နိုင်ငံတဝန်း အိုင်စီယူအတွင်း ကုတင်အရေအတွက်ဟာ တနင်္ဂနွေနေ့အထိ ၁၈၁,၀၀၀ ကို မြင့်တက်လာခဲ့ပြီး လူ ၁၀၀,၀၀၀ အတွက် အိုင်စီယူကုတင် ၁၂ ဒသမ ၈ လုံးရှိပြီး လောလောဆယ် အိုင်စီယူ လူနာ ၅၀ ရာခိုင်နှုန်းလောက် ရှိနေတယ်၊ နိုင်ငံတဝန်းက ပုံမှန်ကုတင် ၁၀၄,၈၀၀ ကို အိုင်စီယူ ကုတင်အဖြစ် အမြန်ပြောင်းနိုင်တယ်လို့ ကျောင်းက ပြောပါတယ်။

နိုင်ငံတဝန်းမှာ အရန် ဆေးဘက်ဆိုင်ရာကိရိယာတွေ အမြောက်အမြားရှိတယ်လို့လည်း သူက ဆက်ပြောပါတယ်။

4 months Ago
Up