ဂျပန်နိုင်ငံ တိုကျိုမြို့မှာ ဇူလိုင် ၂၇ ရက် ဒီနေ့မနက်က ကျင်းပတဲ့ အိုလံပစ်ပြိုင်ပွဲ အမျိုးသမီး တဦးချင်း ကြက်တောင်ရိုက်ပြိုင်ပွဲ အုပ်စု (M) ပွဲစဉ်မှာ မြန်မာကြက်တောင် ရိုက် အားကစားမယ် သက်ထားသူဇာက ပြိုင်ဘက် ဘယ်လ်ဂျီယံတင်းနစ်မယ်ကို ၂ ပွဲ ပြတ်ရှုံးနိမ့်ပြီး အုပ်စုအဆင့်က ထွက်ခဲ့ရပြီ ဖြစ်ပါတယ်။
ကမ္ဘာ့အဆင့် ၆၅ ရှိတဲ့ သက်ထားသူဇာဟာ အုပ်စုပထမအကျော့ပွဲစဉ်အနေနဲ့ ကမ္ဘာ့အဆင့် ၂၃ ရှိတဲ့ အင်ဒိုနီးရှားပြိုင်ဘက် ဂရက်ဂိုရီယာ မာရစ်ကာ တွန်းဂျွန်နဲ့ ယှဉ်ပြိုင်ခဲ့ရတာဖြစ်ပြီး ပထမပွဲငယ်မှာ (၂၁-၁၁)မှတ်၊ ဒုတိယ ပွဲငယ်မှာလည်း (၂၁- ၈)မှတ်နဲ့ ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။
ဒုတိယတကြိမ် အုပ်စုပွဲစဉ်မှာတော့ သက်ထားသူဇာဟာ ကမ္ဘာ့အဆင့် ၃၈ ရှိတဲ့ ဘယ်လ်ဂျီယံတင်းနစ်မယ် တန်လီရန်းနဲ့ ယှဉ်ပြိုင်ခဲ့ရတာဖြစ်ပြီး ပထမပွဲငယ်မှာ (၂၁-၆) မှတ်၊ ဒုတိယပွဲငယ်မှာလည်း (၂၁- ၈)မှတ်နဲ့ ထပ်မံရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။
ဒီပွဲစဉ်တွေမှာတော့ အုပ်စုထဲက ပထမရသူတစ်ဦးတည်းသာ နောက်တဆင့်ကို တက်နိုင်မှာမို့ သက်ထားသူဇာကတော့ ဒီအဆင့်နဲ့တင် နောက်လှည့်ပြန်ခဲ့ရပြီ ဖြစ်ပါတယ်။
လက်ရှိ ကျင်းပနေတဲ့ တိုကျိုအိုလံပစ်ပြိုင်ပွဲမှာ မြန်မာနိုင်ငံကိုယ်စားပြု အားကစားသမား ၂ ယောက်သာ ပါဝင်ယှဉ်ပြိုင်တာဖြစ်ပြီး သေနတ်ပစ်အားကစားသမား ရဲထွန်း နောင်ဟာလည်း အမျိုးသား ၁၀ မီတာ လေသေနတ် ပစ္စတိုပြိုင်ပွဲမှာ အဆင့် ၁၄ သာရလို့ ပြိုင်ပွဲက ထွက်ခဲ့ရပြီ ဖြစ်ပါတယ်။
လက်ရှိ ကျင်းပနေတဲ့ တိုကျိုအိုလံပစ်ပြိုင်ပွဲမှာ မြန်မာနိုင်ငံကနေ အားကစားသမား ၂ ယောက်သွားရောက်ယှဉ်ပြိုင်နေကြပြီး သေနတ်ပစ်အားကစားသမား ရဲထွန်းနောင်ကတော့ ပြိုင်ပွဲက ထွက်ခဲ့ရပြီ ဖြစ်ပါတယ်။
ရဲထွန်းနောင်ဟာ အမျိုးသား ၁၀ မီတာ လေသေနတ် ပစ္စတိုပြိုင်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်ခဲ့တာဖြစ်ပြီး အဆင့် ၁၄ သာရရှိခဲ့တာ ဖြစ်ပါတယ်။ အဆိုပါပြိုင်ပွဲမှာတော့ ပြိုင် ပွဲဝင်တွေထဲက အဆင့် ၁ ကနေ ၈ အထိ ရရှိသူတွေကသာ နောက်ဆုံးဖိုင်နယ်အဆင့်ကို ဆက်လက်တက်ရောက်နိုင်တာမို့ ဒီအဆင့်ကနေ နှုတ်ဆက်ခဲ့ရတာပါ။
ပြိုင်ပွဲမှာတော့ အီရန်နိုင်ငံက ပထမရွှေတံဆိပ်ဆု၊ ဆားဘီးယား နိုင်ငံက ငွေတံဆိပ်နဲ့ တရုတ်နိုင်ငံက ကြေးတံဆိပ်တွေ အသီးသီးရရှိသွားခဲ့ကြပါတယ်။
အသက် ၃၈ နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ ရဲထွန်းနောင်ဟာ ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်က ရီယိုဒီ ဂျနေးရိုးမြို့မှာ ကျင်းပခဲ့တဲ့ အိုလံပစ်ပြိုင်ပွဲမှာလည်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ဖူးပြီး ၁၀ မီတာ လေသေနတ် ပစ္စတိုပြိုင်ပွဲမှာပဲ ပြိုင်ပွဲဝင် ၄၆ ယောက်ထဲ အဆင့် ၃၃ ရရှိခဲ့ပါတယ်။
ကမ္ဘာတဝှမ်း ရင်ဆိုင်နေကြရတဲ့ ကိုဗစ်-၁၉ ကပ်ဘေးကြောင့် ကန့်သတ်ထိန်းချုပ်မှုတွေနဲ့ ခုတကြိမ် အိုလံပစ်ပြိုင်ပွဲဟာ တမူထူးခြားတဲ့ ပြိုင်ပွဲအနေနဲ့ မှတ်တမ်းဝင်သွား ခဲ့ပြီး ပြိုင်ပွဲမှာ အားကစားအမျိုးအစား ၃၃ မျိုး၊ စံချိန်တင် ပြိုင်ပွဲပေါင်း ၃၃၉ ပွဲ ကျင်းပမယ်လို့ သိရပါတယ်။
အခုလက်ရှိမှာတော့ စစ်အာဏာသိမ်းမှုနဲ့အတူ ကိုဗစ်-၁၉ ကပ်ဘေးတွေနဲ့ ရင်ဆိုင်နေရချိန် မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့ ကြက်တောင်မယ် သက်ထားသူဇာနဲ့ သေနတ်ပစ်ကစားသမား ရဲထွန်းနောင်တို့ ၂ ယောက်သာ ပါဝင်ယှဉ်ပြိုင်ခဲ့ကြတာပါ။ ဂျူဒိုအားကစားသမား မခြူးမြတ်နိုးဝေက ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရခဲ့ပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် လိုက်ပါလာခြင်းမရှိပါဘူး။
လက်ရှိမှာတော့ ရဲထွန်းနောင်က နုတ်ထွက်ခဲ့ရပြီဖြစ်တာမို့ ပြိုင်ပွဲဝင် သက်ထားသူ ဇာတယောက်တည်းသာ မြန်မာအားကစားသမားပြိုင်ပွဲဝင်အနေနဲ့ ဆက်လက်ယှဉ်ပြိုင်ရတော့မှာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ် ရီယိုဒီ ဂျနေးရိုးမြို့မှာ ကျင်းပခဲ့တဲ့ အိုလံပစ်ပြိုင်ပွဲမှာတော့ မြန်မာ နိုင်ငံက မြားပစ်၊ ပြေးခုန်ပစ်၊ ဂျူဒို၊ သေနတ်ပစ်၊ ရေကူးအားကစားပြိုင်ပွဲဝင် ၇ ယောက် ပါဝင်ယှဉ် ပြိုင်ခဲ့တာ ဖြစ်ပါတယ်။