အီတလီထိပ်သီးကလပ် ဂျူဗင်တပ်စ်အသင်းရဲ့ရုံးခန်းကို နိုဝင်ဘာ ၂၇ ရက်က ရဲတပ်ဖွဲ့က ရှောင်တခင် ဝင်ရောက်စစ်ဆေးသွားခဲ့တယ်လို့ သိရပါတယ်။
ဂျူဗင်တပ်စ်အသင်းရဲ့ ဘဏ္ဍာရေးအခြေအနေတွေနဲ့ ပတ်သက်ပြီး ကလပ်အသင်းရုံခန်းကို အလစ်အငိုက်မှာ ဝင်ရောက်စစ်ဆေးခဲ့တာပါ။
အီတလီရဲတပ်ဖွဲ့ဟာ ၂၀၁၉ ခုနှစ်ကနေ ၂၀၂၁ ခုနှစ်အတွင်း ဂျူဗင်တပ်စ်အသင်းရဲ့ အပြောင်းအရွှေ့နဲ့ အေးဂျင့်လုပ်ခတွေကနေ ရရှိတဲ့ အကျိုးအမြတ်တွေနဲ့ ပတ်သက်ပြီး စစ်ဆေးခဲ့ကြတယ်လို့ သိရပါတယ်။
အလားတူ ဂျူဗင်တပ်စ်အသင်းရဲ့ ထိပ်တန်းအရာရှိ ၆ ဦးဟာလည်း ရဲတပ်ဖွဲ့ရဲ့ စစ်ဆေးမှုခံနေရပြီး အဲဒီအထဲမှာ အသင်းဥက္ကဋ္ဌ အန်ဒရီယာအန်နယ်လီနဲ့ ဒုတိယဥက္ကဋ္ဌ နက်ဗက်ဒ်တို့လည်း ပါဝင်ပါတယ်။
တူရင်မြို့ ရဲတပ်ဖွဲ့ရုံးကလည်း ပြည်သူ့အစိုးရရှေ့နေရုံးရဲ့ အမိန့်ညွှန်ကြားချက်အရ နိုဝင်ဘာ ၂၇ ရက် နေ့လယ်ပိုင်းက တူရင်နဲ့ မီလန်မြို့တွေက ဂျူဗင်တပ်စ်အသင်း ရုံးခန်းတွေကို ဝင်ရောက် စစ်ဆေးခဲ့တာလို့ အတည်ပြုထုတ်ပြန်ခဲ့ပါတယ်။
အီတလီသတင်းစာ ဂတ်ဇက်တာဒယ်လိုစပေါ့ကတော့ အပြောင်းအရွှေ့ ၄၂ ခုနဲ့ ပတ်သက်ပြီး စစ်ဆေးခံရတာဖြစ်ကာ ကန်ဆယ်လို၊ အာသာ၊ ဒယ်နီလိုနဲ့ ပီယာနစ်တို့ရဲ့ အပြောင်းအရွှေ့တွေလည်း ပါဝင်တယ်လို့ ဖော်ပြခဲ့ပါတယ်။