close

အီရတ်ဝန်ကြီးချုပ်အိမ်

close

November 7, 2021

အီရတ်ဝန်ကြီးချုပ်အိမ် ဖောက်ခွဲရေး ဒရုန်းဖြင့် တိုက်ခိုက်ခံရ

အီရတ်ဝန်ကြီးချုပ် မူစတာဖှာ အယ်လ် ခါဒီမီရဲ့အိမ်ကို ဖောက်ခွဲရေးပစ္စည်းတွေ တပ်ဆင်ထားတဲ့ ဒရုမ်းယာဉ်တစီးက နိုဝင်ဘာ ၇ ရက် အစောပိုင်းမှာ ပစ်မှတ်ထား တိုက်ခိုက်ခဲ့ပါတယ်။

ဒါဟာ လုပ်ကြံဖို့ ကြိုးစားမှုဖြစ်ပြီး ဝန်ကြီးချုပ်က အထိအခိုက်မရှိ လွတ်မြောက်ခဲ့တယ်လို့ အီရတ်စစ်တပ်က ပြောပါတယ်။

ဘဂ္ဂဒက်ရဲ့ အစိမ်းရောင်ဇုန်ထဲမှာ ရှိတဲ့ ဝန်ကြီးချုပ်ရဲ့အိမ် ပစ်မှတ်ထား တိုက်ခိုက်ခံရတယ်လို့ အီရတ် စစ်တပ်က ကြေညာချက် ထုတ်ပြန်ပေမယ့် အသေးစိတ် အချက်အလက်တွေကို မဖော်ပြ ခဲ့ပါဘူး။

တိုက်ခိုက်ခံရတဲ့ အစီရင်ခံစာ ထွက်ပြီး မကြာခင်ပဲ ဝန်ကြီးချုပ်က သူ ဘေးကင်းကြောင်းနဲ့ အီရတ်ရဲ့ ကောင်းကျိုးအတွက် တည်တည်ငြိမ်ငြိမ် ရှိကြဖို့နဲ့ အစွန်းမရောက်ကြဖို့ တွစ်တာ လူမှုကွန်ရက်ပေါ်ကနေ တိုက်တွန်းခဲ့ပါတယ်။

ဝန်ကြီးချုပ်ရဲ့ အိမ်ကို ဖောက်ခွဲရေးပစ္စည်း တကြိမ်ထက်မနည်း ထိမှန်ခဲ့တယ်လို့ အစိုးရ အရာရှိ ၂ ယောက်က ပြောပါတယ်။

အီရတ်ဝန်ကြီးချုပ် ဘေးကင်းကြောင်း ရိုက်တာသတင်းမှာလည်း ဖော်ပြပါတယ်။

အစိုးရအဆောက်အအုံတွေနဲ့ နိုင်ငံခြားသံရုံးတွေ ရှိရာ အစိမ်းရောင်ဇုန်ထဲမှာ အခြေစိုက်တဲ့ အနောက်တိုင်း သံတမန်တွေကလည်း ပေါက်ကွဲသံ၊ သေနတ်သံတွေ ကြားခဲ့ကြောင်း ပြောပါတယ်။

ဒီတိုက်ခိုက်မှုအတွက် တာဝန်ရှိကြောင်း ဘယ်အုပ်စုကမှ မကြေညာသေးပါဘူး။

အီရန်နဲ့ မိတ်ဖက်ပြုထားတဲ့ လက်နက်ကိုင် အုပ်စုတွေကို ထောက်ခံသူတွေက အရင်လက ကျင်းပ တဲ့ အထွေထွေ ရွေးကောက်ပွဲ ရလဒ်ကို ဆန့်ကျင်ပြီး အစိမ်းရောင်ဇုန်နားမှာ လတ်တလော ရက်တွေအတွင်း ဆန္ဒပြခဲ့ကြဖူးပါတယ်။

1 min Ago
Up