close

အီရတ်

close

March 8, 2023

အီရတ်တွင် အမေရိကန်စစ်တပ် ဆက်ထားမည်ဟု ကာကွယ်ရေးဝန်ကြီး လွိုက်ဒ်အော်စတင် ပြော

အမေရိကန်စစ်ဌာနချုပ် ပင်တဂွန်အကြီးအကဲ၊ ကာကွယ်ရေးဝန်ကြီး လွိုက်ဒ် အော်စတင်ဟာ ကြိုတင်ကြေညာမထားတဲ့ ခရီးစဉ်အတွင်း အီရတ်နိုင်ငံကို မတ်လ ၇ ရက်က ရောက်လာပါတယ်။

အမေရိကန်အစိုးရဟာ အီရတ်နိုင်ငံအတွင်း အမေရိကန်စစ်တပ်ကို ဆက်ထားမယ်လို့ ကတိပြုထားကြောင်း အော်စတင်က ပြောပါတယ်။

အမေရိကန်ဦးဆောင်တဲ့ တပ်တွေက အီရတ်ကို ကျူးကျော်ရင်း အာဏာရှင် ဆက်ဒမ်ဟူစိန်ကို ဖြုတ်ချခဲ့အပြီး အနှစ် ၂၀ နီးပါးအကြာမှာ အမေရိကန်စစ်တပ် အကြီးအကဲက ခုလို ပြောလိုက်တာပါ။

အီရတ်အစိုးရရဲ့ ဖိတ်ကြားချက်အရ အမေရိကန်တပ်တွေ အီရတ်မှာဆက်ထားဖို့ အဆင်သင့်ပဲလို့လည်း အော်စတင်က သတင်းထောက်တွေကို ပြောပါတယ်။

လောလောဆယ်မှာ အီရတ်နိုင်ငံအတွင်း အမေရိကန်စစ်သည်အင်အား ၂,၅၀၀ ရှိပြီး ဆီးရီးယားမှာတော့ အမေရိကန်စစ်သည် အင်အား ၉၀၀ ရှိပါတယ်။

ဒါဟာ ၂၀၁၄ တုန်းက အီရတ်နဲ့ ဆီးရီးယား ၂ နိုင်ငံလုံးက နယ်မြေတွေကို သိမ်းပိုက်ခဲ့တဲ့ အိုင်အက်စ် စစ်သွေးကြွတွေကို တိုက်ခိုက်ရာမှာ ဒေသခံတပ်တွေကို ကူညီ အကြံပေးဖို့ ထားရှိတာပါ။

အမေရိကန်က ၂၀၀၃ မှာ အီရတ်ကို ကျူးကျော်ချိန်က အရပ်သားတွေ ထောင်သောင်းချီ သေဆုံးကာ မတည်မငြိမ်ဖြစ်ခဲ့လို့ အမေရိကန်စစ်တပ်က ၂၀၁၁ မှာ ပြန်လည် ဆုတ်ခွာအပြီးမှာ အိုင်အက်စ် စစ်သွေးကြွတွေ ထကြွဖို့ လမ်းဖွင့်ပေးသလို ဖြစ်ခဲ့တာလို့ ရိုက်တာသတင်းဌာနက သုံးသပ် တင်ပြပါတယ်။

အော်စတင်ဟာ သူ့ခရီးစဉ်အတွင်း မြို့တော် ဘဂ္ဂဒက်မှာ အီရတ်ဝန်ကြီးချုပ် မိုဟမ်မဒ် အယ်လ် ဆူဒါနီနဲ့ တွေ့ဆုံခဲ့ပြီး အာရ်ဘီမြို့မှာတော့ အီရတ်ရဲ့ ကာဒစ်စတန် ဒေသန္တရသမ္မတ  နတ်ချီယာဗန် ဘာဇာနီနဲ့ တွေ့ဆုံခဲ့ပါတယ်။

အီရန်ဟာ အီရတ်ကို နယ်စပ်ဖြတ်ကျော် တိုက်ခိုက်တာတွေ ထပ်ခါတလဲလဲ လုပ်နေတယ်လို့ ပြောရင်း ပြစ်တင်ရှုတ်ချခဲ့ပါတယ်။

အမျိုးသမီးတွေအပေါ် ကန့်သတ်ချက်ကို ဆန့်ကျင်ဆန္ဒပြရာမှာ ပါဝင်မှု၊ အီရန်အခြေစိုက် ကာ့ဒ် လူမျိုးစုတွေ ရာချီကို နေရာရွှေ့ပြောင်းမှုနဲ့ တချို့ကို သတ်ဖြတ်မှုတွေနဲ့ စွပ်စွဲပြီး မနှစ်က အီရတ်မြောက်ပိုင်းက ကာဒစ်ရှ်အုပ်စုတွေရဲ့ အခြေစိုက်စခန်းတွေကို အီရန်အစိုးရက ဒုံးကျည်တွေနဲ့ ပစ်ခတ်ခဲ့ဖူးပါတယ်။

6 mins Ago

February 6, 2023

အီရတ် ဘလော့ဂါ ၁ ဦး အသတ်ခံမှုအပေါ် ကန့်ကွက်ရှုတ်ချဆန္ဒပြ

အီရတ်နိုင်ငံတောင်ပိုင်း၊ ဒီဝါနီယာပြည်နယ်မှာ ဇန်နဝါရီ ၃၁ ရက်က အသက် ၂၂ နှစ်အရွယ် ဘလော့ဂါ တီဘာအလီ အသတ်ခံရမှုကို ကန့်ကွက်ရှုတ်တဲ့အနေနဲ့ ဖေဖော်ဝါရီ ၅ ရက်က မြို့တော်ဘဂ္ဂဒက်မှာ လူ အယောက် ၂၀ ဝန်းကျင် စုဝေးဆန္ဒပြကြပါတယ်။

အမျိုးသမီးတွေကို အကာအကွယ် ပေးဖို့နဲ့ ကျူးလွန်သူတွေအရေးယူဖို့ ပိုပြင်းထန်တဲ့ ဥပဒေတွေပြဋ္ဌာန်းဆောင်ရွက်ဖို့ကို ဆန္ဒပြသူတွေက  တောင်းဆိုခဲ့ကြပါတယ်။

အီရတ်အမျိုးသမီး အခွင့်အရေးဆိုင်ရာ ရှေ့နေ အန်ဖှယ် အာဘစ်က“ဂုဏ်သိက္ခာနဲ့ အရှက်ပြေဖို့ အသတ်ခံခဲ့ရတဲ့ တီဘာလိုလူမျိုး ရာနဲ့ချီ၊ ဒါဇင်ပေါင်းများစွာ ရှိတယ်။ လူသိရှင်ကြားမပြဘဲ ကိုယ့်ကိုယ်ကို သတ်သေမှုအဖြစ် မဖော်ပြတဲ့ အမှုအခင်းတွေ အများကြီးရှိတယ်”လို့ ပြောခဲ့ပါတယ်။

အီရတ်အမျိုးသမီးငယ်ကို သူ့အဖေက သတ်ခဲ့တာဖြစ်ပြီး အလီနဲ့ သူ့ဖခင်ကြား စေ့စပ်ညှိ နှိုင်းပေးဖို့ ကြိုးစားခဲ့တယ်လို့ အီရတ်ပြည်ထဲရေးဝန်ကြီးဌာနရဲ့ ပြည်သူ့ ဆက်ဆံရေးနှင့် မီဒီယာ အကြီးအကဲ ဆာအိမဲန်းက ဖေဖော်ဝါရီ ၃ ရက်က တွစ်တာလူမှု ကွန်ရက်ပေါ်ကနေ ပြောခဲ့ပါတယ်။ 

ဖခင်က သမီးဖြစ်သူကို အိမ်ထောင်ရေး ဖောက်ပြန်တယ်လို့ စွပ်စွဲခဲ့တဲ့အကြောင်း ဒီဝါနီယာမြို့ က ရဲသတင်းရင်းမြစ်တစ်ခုက ဆိုပါတယ်။

လူသတ်မှုအပြီး ဖခင်ဖြစ်သူက သူ့ကိုယ်သူ ရဲလက် အပ်နှံခဲ့ပြီး စုံစမ်းစစ်ဆေးတာတွေ ဆက်လုပ်နေတုန်းပဲလို့လည်း မဲန်းက ရေးခဲ့ပါတယ်။

အလည်အပတ်ခရီးအတွက် တူရကီတွင်နေထိုင်ပြီး အီရတ်သို့ ပြန်လာသော လူငယ် ဘလော့ဂါဟာ ဖော်လိုဝါ ၂၀၀၀၀ ကျော်ရှိတဲ့ သူ့ရဲ့ ယူကျုအကောင့်မှာ သူ့ရဲ့ ကြင်ဖော်ကြင်ဖက်အကြောင်း အပါအဝင် သူ့ရဲ့ နေ့စဉ်ဘဝ အကြောင်း ဗီဒီယိုတွေကို မကြာခဏတင်လေ့ရှိသူလည်း ဖြစ်ပါတယ်။

1 month Ago
Up