အီရန်ဂြိုဟ်တုကို တင်ထားတဲ့ ရုရှားဒုံးပျံတစင်း ကာဇက်စတန်တောင်ပိုင်း ဘိုင်ကိုနော အာကာသယာဉ် လွှတ်တင်ရေးစခန်းကနေ သြဂုတ် ၉ ရက်က အောင်အောင်မြင်မြင် လွှတ်တင်ခဲ့ပါတယ်။
ရုရှားနဲ့ အီရန်အစိုးရတွေဟာ အနောက်နိုင်ငံတွေရဲ့ ပိတ်ဆို့အရေးယူမှုတွေကို ရင်ဆိုင်ရင်း ပိုနီးကပ်တဲ့ ဆက်ဆံရေး တည်ဆောက်ဖို့ ကြိုးပမ်းနေချိန်မှာ ခုလို လွှတ်တင်ခဲ့တာပါ။
ခေယန်မ်လို့ခေါ်တဲ့ အဝေးထိန်း အာရုံခံဂြိုဟ်တုကို ယူကရိန်းမှာ ရုရှားရဲ့ ထောက်လှမ်းရေးစွမ်းရည် မြှင့်တင်ဖို့ ရုရှားအစိုးရက သုံးနိုင်တယ်ဆိုတဲ့ စွဲချက်ကို အီရန်အစိုးရက ငြင်းဆိုထားပါတယ်။
အီရန်ဟာ ဂြိုဟ်တုကို အပြည့်အဝ ထိန်းချုပ်ထားပြီး စစ်ဆင်ရေးကို လွှတ်တင်တဲ့ ပထမနေ့က စပြီး လုပ်ဆောင်မယ်လို့ ပြောထားပါတယ်။
ရုရှားနဲ့ အီရန်ကြား ဖြစ်ထွန်းခါစ အာကာသ ပူးပေါင်းဆောင်ရွက်မှုကို အမေရိကန် အရာရှိတွေက စိုးရိမ်နေတယ်၊ ဂြိုဟ်တုဟာ ယူကရိန်းမှာသာ ရုရှားကိုကူညီတာ မဟုတ်ဘဲ အစ္စရေးနဲ့ အရှေ့အလယ်ပိုင်းဒေသအတွင်း စစ်ရေးပစ်မှတ် အလားအလာတွေကို စောင့်ကြည့်ဖို့ မကြုံစဘူး စွမ်းရည်တွေ အီရန်အစိုးရကို ပံ့ပိုးပေးမှာ စိုးရိမ်နေတယ်လို့ သည်ဝါရှင်တန်ပို့စ်သတင်းမှာ အရင်သီတင်းပတ်က ဖော်ပြပါတယ်။
ဂြိုဟ်တုဟာ စိုက်ပျိုးရေးရည်ရွယ်ချက်အတွက် ဓာတ်ရောင်ခြည်တွေနဲ့ သဘာဝပတ်ဝန်းကျင်ကို စောင့်ကြည့်ဖို့ အပါအဝင် သိပ္ပံသုတေသနအတွက် ပုံစံထုတ်ထားတာလို့ အီရန်အစိုးရက ပြောပါတယ်။
ရုရှားဟာ သူ့စစ်တပ်အင်အား သိန်းချီကို ယူကရိန်းနိုင်ငံအတွင်း စေလွှတ်အမိန့်ချအပြီး ဖေဖော်ဝါရီ ၂၄ ရက်ကတည်းက အီရန်နဲ့ဆက်ဆံရေး နက်ရှိုင်းဖို့ ကြိုးစားနေတာပါ။
ဇူလိုင်လထဲမှာ ရုရှားသမ္မတ ဗလာဒီမာ ပူတင်ဟာ အီရန်ကို သွားရောက်လည်ပတ်ခဲ့ပါတယ်။ အီရန်နဲ့ ရုရှားတို့ဟာ အနောက်နိုင်ငံတွေရဲ့ လှည့်ဖျားမှုကို သတိရှိဖို့လိုတယ်လို့ အီရန်ခေါင်းဆောင် အယာတိုလာ အလီခါမေနီက ပူတင်ကို ပြောခဲ့ပါတယ်။