အီရန်စစ်တပ်ရဲ့ ကာကွယ်ရေးစစ်ရေးလေ့ကျင့်မှုအတွင်း ဖေဖော်ဝါရီ ၂၈ ရက်က ဒုံးကျည်တွေ ပစ်ခတ်စမ်းသပ်ခဲ့ပါတယ်။
တကယ့်အခြေအနေထဲမှာ ရန်သူလိုချင်လောက်တဲ့ နယ်မြေတွေနဲ့ ရန်သူခြိမ်းခြောက်ခံရနိုင်တဲ့ အခြေအနေတွေကို တိုက်ဖျက်ဖို့ တကယ့်လေ့ကျင့်ခန်းတွေကို လေ့ကျင့်နေတယ်လို့ အီရန်လေတပ်နဲ့ တော်လှန်ရေးအစောင့်တပ်၊ အာကာသတပ်တို့ကို ရည်ညွှန်းရင်း စစ်တပ်အကြီးအကဲ မိုဟမ်မဒ် ဘဂေးရီက ပြောပါတယ်။
အီရန်ဟာ ၁,၀၂၅ မိုင်ထိ ပစ်ခတ်နိုင်တဲ့ တာဝေးပစ် ခရုဇ်ဒုံးကျည်ကို တီထွင်ပြီးပြီလို့ ထိပ်တန်း စစ်ဦးစီးမှူးတယောက်က ဖေဖော်ဝါရီ ၂၄ ရက်မှာ ပြောခဲ့လို့ အနောက်နိုင်ငံတွေက စိုးရိမ်ခဲ့တာပါ။
ယူကရိန်းစစ်ပွဲအတွင်း အီရန်ဒရုန်းယာဉ်တွေကို ရုရှားက သုံးခဲ့ပါတယ်။ အီရန်ဟာ သူ့ရဲ့ ဒုံးကျည်အစီအစဉ်ကို တိုးချဲ့နေပြီး အမေရိကန်နဲ့ မဟာမိတ် ဥရောပနိုင်ငံတွေဆီက အတိုက်အခံပြုမှုကို အာခံတဲ့အနေနဲ့ အခုစစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်နေတာလည်းဖြစ်ပါတယ်။
ဒီအစီအစဉ်တွေဟာ ကာကွယ်ရေးအတွက် သက်သက် ရည်ရွယ်ထားတယ်လို့ အီရန်အစိုးရက ပြောပါတယ်။
အီရန် လေကြောင်းရန်ကာကွယ်ရေးတပ်က နိုင်ငံအလယ်ပိုင်းက နျူကလီးယား ဓာတ်ပေါင်းဖိုတွေ ရှိရာ နန်းတက်ဇ်မြို့ပေါ်ကနေ ကျော်ပြီး ဒီဇင်ဘာ ၄ ရက်က ဒုံးကျည်တွေ ပစ်လွှတ်လေ့ကျင့်ခဲ့ တယ်လို့ အစိုးရရုပ်သံက ဖော်ပြပါတယ်။
အမြန်တုံ့ပြန်နိုင်စွမ်းကို စမ်းသပ်တဲ့အနေနဲ့ ကြိုတင် မကြေညာထားဘဲ ဒုံးကျည်ကို ပစ်လွှတ်ခဲ့တာလို့ ရုပ်သံက ပြောပါတယ်။ စိုးရိမ်စရာ မရှိဘူးလို့လည်း စစ်တပ် ပြောခွင့်ရက ရုပ်သံကို ပြောပါတယ်။
နန်းတက်ဇ်မြို့ ကောင်းကင်ပေါ်မှာ အကြီးစား ပေါက်ကွဲသံ ကြားရတယ်လို့ အီရန် သတင်းဌာန တွေက အစောပိုင်းမှာ သတင်းထုတ်ပေမဲ့ ဘာဖြစ်တယ်ဆိုတာ တရားဝင် ရှင်းမပြခဲ့ကြပါဘူး။ ဒေသခံတွေကလည်း အကြီးစား ပေါက်ကွဲသံကြားတယ်လို့ ပြောကြပါတယ်။
ဧပြီလတုန်းက အီရန်ဟာ သူ့ရဲ့ အဓိက နေရာဖြစ်တဲ့ နန်းတက်ဇ် နျူကလီးယား နေရာကို အဓိကရန်သူ အစ္စရေးက ဖြိုခွဲခဲ့တယ်လို့ စွပ်စွဲရင်း ရေရှည် လျှို့ဝှက် စစ်ပွဲအတွင်း နောက်ဆုံးပေါ် တိုက်ပွဲအတွက် လက်စားချေမယ်လို့ ကတိပြုခဲ့ပါတယ်။ သူ့ရဲ့ နျူကလီးယား ရည်မှန်းချက်က ငြိမ်းချမ်းရေးအတွက်လို့လည်း အီရန်က ပြောခဲ့ပါတယ်။
အီရန်က နျူကလီးယားလက်နက်တွေကို ငြင်းပယ်ရေးအတွက် သံခင်းတမန်ခင်းကို အဆုံးသတ်မယ် ဆိုရင် စစ်ရေးအရ အရေးယူမယ်လို့ အစ္စရေး ခေါင်းဆောင်တွေက ခြိမ်းခြောက် ထားတာ ကြာနေပါပြီ။