အီရန်စီးပွားရေးကို အမေရိကန်နဲ့ ချည်နှောင်မထားသင့်ကြောင်းနဲ့ အမေရိကန်စီးပွားရေး ပိတ်ဆို့မှုကိုလည်း ဖယ်ရှားဖို့ ကြိုးစားမှာ မဟုတ်ဘူးလို့ အီရန်နိုင်ငံ အဓိပတိခေါင်းဆောင် အယာတိုလာ အလီ ခါမေနီက မတ် ၂၁ ရက်မှာ ပြောပါတယ်။
ခါမေနီက တိုင်းပြည်ကိုပြောတဲ့ မိန့်ခွန်းမှာ.. “အီရန်အနေနဲ့ အသိအပညာ အခြေပြုစီးပွားရေးကို ဖွံ့ဖြိုးအောင် လုပ်သင့်ပါတယ်၊ နိုင်ငံစီးပွားရေးတိုးမြှင့်ဖို့အတွက် အရေးကြီးဆုံး လမ်းကြောင်းလို့ ထင်ပါတယ်။ ငါတို့ စီးပွားရေးကို အမေရိကန်စီးပွားရေးပိတ်ဆို့မှုတွေနဲ့ ချည်နှောင်မထားကြနဲ့၊ အမေရိကန် သူ့ဖာသာ ပိတ်ဆို့ပါစေ၊ ငါတို့စီးပွားရေးကို အာရပ်ဒေသဆိုင်ရာ ရောင်းဝယ်မှု ပူးပေါင်းဆောင်ရွက်မှုတွေနဲ့ ပိုတိုးလုပ်ဆောင်သွားရမယ်၊ အမေရိကန်မပါဘဲနဲ့လည်း တိုးတက်နိုင်တယ်” လို့ ပြောပါတယ်။
အီရန်ဟာ ပြီးခဲ့တဲ့ ၁၁ လအတွင်း ဩစတြီးယားနိုင်ငံ ဗီယင်နာမြို့မှာ အနောက်အုပ်စုနဲ့ နျူကလီးယားဆိုင်ရာ သဘောတူညီမှု ဆွေးနွေးပွဲတွေ တဖက်မှာ ပြန်စတင်နေတာပါ။ နျူကလီးယားအစီအစဉ် ကန့်သတ်ထားဖို့နဲ့ စီးပွားရေးပိတ်ဆို့မှု ဖြေလျော့ဖို့ အပေးအယူ ညှိနှိုင်းမှုတွေ လုပ်နေဆဲပါ။