နိုင်ငံတွင်း အခြေခံလူ့အခွင့်အရေးတွေကို နင်းခြေနေတဲ့ အီရန်တော်လှန်ရေးအစောင့်တပ် (IRGC) ကို အကြမ်းဖက်အဖွဲ့အဖြစ် စာရင်းသွင်းဖို့ ထောက်ခံတယ်လို့ ဥရောပကော်မရှင်ဥက္ကဋ္ဌ အာဆူလာ ဗွန်ဒါလေယန်က ဇန်နဝါရီ ၁၇ ရက်မှာ ပြောလိုက်ပါတယ်။
ဥရောပသမဂ္ဂ (အီးယူ) အဖွဲ့ဝင်နိုင်ငံတွေနဲ့ အီရန်နိုင်ငံတို့ကြား ဆက်ဆံရေးဟာ မကြာသေးမီ လတွေအတွင်း ဆိုးရွားလာခဲ့ပြီး နျူးကလီးယား ဆွေးနွေးပွဲတွေ ပြန်အသက်သွင်းဖို့ ကြိုးပမ်းမှုတွေလည်း ရပ်တန့်သွားပါတယ်။
အီရန်အစိုးရဟာ ဥရောပနိုင်ငံသား အများအပြားကို ထိန်းသိမ်းထားပြီး အစုလိုက် ကွပ်မျက်တာ အပါအဝင် ဆန္ဒပြသူတွေကို ဆက်ပြီး အကြမ်းဖက် ဖြိုခွင်းလာခဲ့ပါတယ်။
“အီရန်အစိုးရရဲ့လုပ်ရပ်က ရက်စက်ကြမ်းကြုတ်ပြီး ကြောက်စရာကောင်းသလို အခြေခံလူ့အခွင့်အရေးတွေကို ခြေနဲ့နင်းနေကြတာပါ” လို့ ဗွန်ဒါလေယန်က ဆွစ်ဇာလန်နိုင်ငံ ဒါဗို့စ်စကိတ်အပန်းဖြေစခန်းမှာ ကျင်းပနေတဲ့ ကမ္ဘာ့စီးပွားရေးဖိုရမ်နဲ့ ဆက်စပ်အစည်းအဝေးမှာ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။
ဖြိုခွင်းမှုနဲ့ ရုရှားကို လက်နက်တွေ ထောက်ပံ့မှုတို့နဲ့ ပတ်သက်ပြီး အီရန်အစိုးရအပေါ် လေးကြိမ်မြောက် ဒဏ်ခတ်အရေးယူဖို့ ဥရောပသမဂ္ဂက ဆွေးနွေးနေပါတယ်။
အစ္စလာမ္မစ်တော်လှန်ရေးအစောင့်တပ် (IRGC) အဖွဲ့ဝင်တွေကို လာမယ့်သီတင်းပတ်မှာ ပိတ်ဆို့အရေးယူမှုစာရင်းထဲ ထည့်သွင်းမယ်လို့ သံတမန်သတင်းရင်းမြစ်တွေက ပြောပါတယ်။