အီရန်တော်လှန်ရေး အစောင့်တပ်အရာရှိ ဗိုလ်မှူးကြီး ဆာယဒ် ခိုဒိုင် တီရန်မြို့တော်မှာ လုပ်ကြံသတ်ဖြတ်ခံရတဲ့အတွက် လက်စားချေမယ်လို့ အီရန်သမ္မတ အီဘရာဟင်မ် ရိုင်စီက မေ ၂၃ရက်မှာ ကတိပြုလိုက်ပါတယ်။
ကြီးမြတ်တဲ့ အာဇာနည်အပေါ် ရာဇဝတ်သားတွေက ပြုခဲ့တဲ့ သွေးကြွေးအတွက် သေချာပေါက် လက်စားချေမယ်ဆိုတာ သံသယမရှိဘူးလို့ ရိုင်စီက ပြောပါတယ်။
မော်တော်ဆိုင်ကယ် စီးလာတဲ့ လူ ၂ ယောက်က ခိုဒိုင်ကို သေနတ်နဲ့ ပစ်ခတ်ခဲ့တာလို့ အီရန်အစိုးရ မီဒီယာတပိုင်းဖြစ်တဲ့ တက်စ်နင်မ်က မေ ၂၂ ရက်မှာ ဖော်ပြပါတယ်။
အစ္စရေးထောက်လှမ်းရေးကွန်ရက်က အဖွဲ့ဝင်တွေကို အီရန်အစောင့်တပ်က တွေ့ရှိ ဖမ်းဆီး ထားတယ်လို့ အီရန်အစိုးရမီဒီယာ တပိုင်းဖြစ်တဲ့ ISNA သတင်းဌာနက ဖော်ပြပါတယ်။
အစ္စရေးထောက်လှမ်းရေးအဖွဲ့ မော့ဆက်ကို ကြီးကြပ်တဲ့ အစ္စရေးဝန်ကြီးချုပ်ရုံးကတော့ မှတ်ချက်ပေးဖို့ ငြင်းပါတယ်။
ခိုဒိုင်းဟာ ကာကွယ်စောင့်ရှောက်သူတွေထဲက တဦးလို့ တက်စ်နင်မ်သတင်းဌာနက ဖော်ပြ ပါတယ်။ ကာကွယ်စောင့်ရှောက်သူဆိုတဲ့ အသုံးအနှုန်းဟာ အီရတ် ဒါမှမဟုတ် ဆီးရီးယားနိုင်ငံမှာ ရှိတဲ့ ရှီးယိုက်မွတ်စလင်ဆိုင်ရာ နေရာတွေကို ကာကွယ်ဖို့ အီရန်ကိုယ်စား တိုက်ခိုက်ရေး ပြောဆိုပေးတဲ့ စစ်ဘက်ဆိုင်ရာ ပုဂ္ဂိုလ်တွေ ဒါမှမဟုတ် အကြံပေးပုဂ္ဂိုလ်တွေကို ရည်ညွန်းတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။