အီရန်တော်လှန်ရေးအစောင့်တပ်တွေဟာ ဂြိုဟ်တုသယ်နိုင်တဲ့ ဒုံးပျံအသစ်ကို နိုဝင်ဘာ ၅ ရက်က စမ်းသပ်ခဲ့ပြီး အမေရိကန်ကို ဒေါသဖြစ်စေမယ့် တိုးတက်မှုတစ်ခုလို့ ရိုက်တာသတင်းဌာနက ရေးပါတယ်။
အီရန်နိုင်ငံပိုင် မီဒီယာမှာ ထုတ်လွှင့်နေတဲ့ ဓာတ်ပုံတွေထဲမှာ Ghaem 100 ဂြိုလ်တုတင် ဒုံးပျံဟာ အမည်မသိနေရာ ကနေ ထွက်ခွာသွားတာကို ပြသခဲ့ပါတယ်။
ဂြိုဟ်တုတွေကို ကမ္ဘာပတ်လမ်းအတွင်း ချထားရာမှာ သုံးတဲ့ တာဝေးပစ် ပဲ့ထိန်းနည်းပညာကို နျူကလီယား ထိပ်ဖူးတွေ လွှတ်တင်ရာမှာ သုံးနိုင်လာမှာကို အမေရိကန် အစိုးရက စိုးရိမ်နေ တာပါ။
အီရန်အစိုးရကတော့ အဲဒီလို ရည်ရွယ်ချက်မရှိဘူးလို့ ပုံမှန်ငြင်းဆို ထားပါတယ်။ ဒီစစ်ဆင်ရေး ဟာ အစိုင်အခဲ လောင်စာအင်ဂျင်နဲ့ ဂြိုဟ်တုတင်ဒုံးပျံရဲ့ ပထမဆုံး ပတ်လမ်းခွဲအဆင့်ကို အောင်အောင်မြင်မြင် စမ်းသပ်နိုင်ခဲ့တယ်လို့ အီရန်ရဲ့ နိုင်ငံပိုင်သတင်းအေဂျင်စီ IRNA က ဖော်ပြခဲ့ပါတယ်။
အီရန်ရဲ့ ပထမဆုံး အဆင့်သုံးဆင့် လွှတ်တင်ရေး ယာဉ် Ghaem 100 ဟာ အလေးချိန် (၁၇၆ ပေါင်) ရှိတဲ့ ဂြိုလ်တုတွေကို ကမ္ဘာမြေမျက်နှာပြင် ကနေ မိုင် ၃၁၀ အကွာက ပတ်လမ်းအတွင်း ထားနိုင်မယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။
အရှေ့အလယ်ပိုင်းမှာ အကြီးဆုံး ဒုံးကျည် အစီအစဉ်တွေထဲက တစ်ခုဖြစ်တဲ့ အီရန်ဟာ ပြီးခဲ့တဲ့ နှစ်နည်းနည်းအတွင်း ဂြိုဟ်တုလွှတ်တင်မှု မအောင်မြင်ခဲ့ဘဲ နည်းပညာဆိုင်ရာ ပြဿနာတွေ ရှိခဲ့ပါတယ်။
ကမ္ဘာ့အင်အားကြီး ခြောက်နိုင်ငံနဲ့ သဘောတူညီချက်အရ နျူကလီယားလက်နက်တွေ လွှတ်တင်ဖို့ ဒီဇိုင်းထုတ်ထားတဲ့ ပဲ့ထိန်းဒုံးကျည်တွေ စမ်းသပ် လွှတ်တင်တာကို ရှစ်နှစ်အထိ ရပ်ဆိုင်းထားဖို့ ၂၀၁၅ ခုနှစ် ကုလသမဂ္ဂ ဆုံးဖြတ်ချက်မှာ အီရန်အစိုးရကို တောင်းဆိုထားပါတယ်။
နျူလက်နက် ဖွံ့ဖြိုးတိုးတက်ရေးကို ဘယ်တုန်းကမှ မလိုက်စားခဲ့ဘူးလို့ အီရန်က ပြောပါတယ်။