close

အီလက်ထရောနစ်ဥပဒေ

close

December 26, 2022

ကမာရွတ်မီဒီယာ အယ်ဒီတာချုပ် ဦးဟံသာညိန်းကို စစ်ကောင်စီက ထောင်ဒဏ် ၅ နှစ်ထပ်ချ

ကမာရွတ်မီဒီယာပူးတွဲတည်ထောင်သူ အယ်ဒီတာချုပ် ဦးဟံသာညိန်းကို အီလက်ထရောနစ် ဥပဒေ ပုဒ်မ ၃၃ (က) နဲ့ စစ်ကောင်စီရဲ့ အင်းစိန်ထောင်တွင်းအထူးတရားရုံးကနေ ဒီဇင်ဘာ ၂၆ ရက်မှာ  ထောင်ဒဏ်  ၅ နှစ်ထပ်မံချလိုက်တယ်လို့ သူ့ရဲ့ မိသားစုနဲ့ ရှေ့နေဆီကနေ သိရပါတယ်။

ဦးဟံသာညိန်းကို ပြီးခဲ့တဲ့ မတ်လ ၂၁ ရက်က ရာဇသတ်ကြီး ဥပဒေ ပုဒ်မ - ၅၀၅ (က) အတွက် အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၂ နှစ် ချမှတ်ခဲ့ပြီး ဒီနေ့မှာ နောက်ထပ်ထောင်ဒဏ် ၅ နှစ် အပြီးသတ်အမိန့်ချမှတ်ခဲ့တာကြောင့် စုစုပေါင်း ထောင်ဒဏ် ၇ နှစ်အထိ ချမှတ်ခံထားရတာဖြစ်ပါတယ်။

ဦးဟံသာညိန်းရဲ့ မိသားစုဝင်တယောက်က  “ကျမတို့မိသားစုလည်း ကျမတို့အစ်ကိုနဲ့အတူတူ ရဲရဲရင့်ရင့် ရင်ဆိုင်ဖြတ်သန်းနေကြပါတယ်။ မျှော်လင့်ထားပြီးသား ကိစ္စကြီးလည်း ဖြစ်တယ်။ တွက်ဆထားပြီးသားဖြစ်တဲ့အတွက်တော့ ထောင်ချခံရတဲ့ အစ်ကိုရော ကျမတို့ မိသားစုတွေရော ရင်ဆိုင်ဖြတ်သန်းကြပါမယ်” လို့ ပြောပါတယ်။

မနေ့က ဒီဇင်ဘာ ၂၅ ရက် ခရစ္စမတ်နေ့မှာ အသက် ၄၁ နှစ်ပြည့်သွားတဲ့ အယ်ဒီတာချုပ် ဦးဟံသာညိန်းဟာ သူ့ရဲ့ မွေးနေ့ကို အကျဉ်းထောင်ထဲမှာပဲ ဖြတ်သန်းခဲ့ရတာ ၂ နှစ်ရှိလာပါပြီ။

ရန်ကုန်အခြေစိုက် အွန်လိုင်းမီဒီယာတခုဖြစ်တဲ့ ကမာရွတ်မီဒီယာရုံးကို ၂ဝ၂၁ ခုနှစ်၊ မတ်လဆန်းပိုင်းက အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဝင်ရောက်စီးနင်းချိန် ကမာရွတ်မီဒီယာတည်ထောင်သူ ဦးနေသန်‌မောင်နဲ့အတူ ပူးတွဲတည်ထောင်သူ အယ်ဒီတာချုပ် ဦးဟံသာညိန်းလည်း  ဖမ်းဆီးခံလိုက်ရတာပါ။

စစ်ကောင်စီဘက်က အမေရိကန်နိုင်ငံသားခံယူထားသူ ဦးနေသန်မောင်ကို စွဲဆိုထားတဲ့အမှုကို ပြန်ရုပ်သိမ်းပြီး အမေရိကန်နိုင်ငံကို ပြန်ပို့ခဲ့ပါတယ်၊ သူတို့နှစ်ဦးဟာ စစ်ကြောရေးမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ လူမဆန်တဲ့ ညှဉ်းပန်းနှိပ်စက်မှုကို ရင်ဆိုင်ခဲ့ရကြောင်း ပြန်လွတ်လာတဲ့ ဦးနေသန်မောင်က မီဒီယာတွေကို ဖြေဆိုခဲ့ပါတယ်။

နယ်စည်းမခြား သတင်းထောက်များအဖွဲ့ RSF ရဲ့အကြိမ် ၃ဝ မြောက် နှစ်ပတ်လည်စာနယ်ဇင်းလွတ်လပ်ခွင့်ဆုအတွက် ကမ္ဘာတစ်ဝန်းက အဆိုပြုခံရသူ သတင်းထောက် ၁၅ ဦးနဲ့ သတင်းမီဒီယာတွေစာရင်းကို RSF က နိုဝင်ဘာလ ၁၄ ရက်နေ့က ထုတ်ပြန်ခဲ့ရာမှာ ဦးဟံသာညိန်းလည်း ပါဝင်ခဲ့ပါတယ်။

ဦးဟံသာညိန်းဟာ RSF ရဲ့သူရသတ္တိဆု ဆန်ခါတင်စာရင်းမှာ ပါဝင်ခဲ့တာဖြစ်ပြီး အကျင့်ပျက် ခြစားမှု၊ ဖိနှိပ်တဲ့အစိုးရတွေကို ထိန်းချုပ်ရေးအားထုတ်မှုတွေအတွက် အဆိုပြုခံခဲ့ရတာ ဖြစ်တယ်လို့လည်း RSF က ဖော်ပြပါတယ်။

သတင်းသမားတွေကို ဖမ်းဆီးထောင်ချမှုအဆိုးဝါးဆုံး ကမ္ဘာ့နိုင်ငံတွေအထဲ မြန်မာနိုင်ငံဟာ ထိပ်သီးနိုင်ငံတခု ဖြစ်လာပြီး အာဏာသိမ်းပြီးချိန်ကနေ လက်ရှိအချိန်အထိ ဖမ်းဆီးခံရတဲ့ သတင်းသမား ၁၅၄ ယောက်ရှိပါတယ်။

2 hours Ago

August 5, 2022

သရုပ်ဆောင် မင်းသမီး သင်ဇာဝင့်ကျော်နှင့် မော်ဒယ် နန်းမွေစံတို့ကို စစ်ကောင်စီ အမှုဖွင့်

သရုပ်ဆောင် မင်းသမီး သင်ဇာဝင့်ကျော်နဲ့ Sexy မော်ဒယ် နန်းမွေစံတို့ကို မြန်မာအမျိုးသမီးများ စောင့်ထိန်းအပ်တဲ့ မြန်မာ့ယဉ်ကျေးမှုကို ထိခိုက်စေတဲ့ လိင်အသားပေးဓာတ်ပုံနဲ့ ဗွီဒီယိုတွေကို လူမှုကွန်ရက်မှာ အခကြေးငွေယူဖြန့်ဝေခဲ့မှုနဲ့ စစ်ကောင်စီက စွပ်စွဲပြီး အီလက်ထရောနစ်ဥပဒေနဲ့ အရေးယူလိုက်ပါတယ်။ 

သရုပ်ဆောင်မင်းသမီး သင်ဇာဝင့်ကျော်(ခ)သင်ဇာနဲ့ မော်ဒယ် နန်းမွေစံတို့နဲ့ ပတ်သက်ပြီး သက်ဆိုင်ရာက စိစစ်ဖော်ထုတ်မှုတွေ ပြုလုပ်ခဲ့ရာမှာ သင်ဇာဝင့်ကျော်ဟာ ၂၀၂၁ ခုနှစ် ဩဂုတ်လ လောက်မှာ လိင်အသားပေးမော်ဒယ်အဖြစ် စလုပ်ခဲ့ပြီး အမေရိကန်နိုင်ငံသားတယောက် ဦးစီးလုပ်ကိုင်နေတဲ့ ညစ်ညမ်းဝက်ဘ်ဆိုက်မှာ အခကြေးငွေရယူပြီး လိင်အသားပေးဓာတ်ပုံနဲ့ ဗွီဒီယိုဖိုင်တွေတင်ခဲ့တာ စစ်ဆေးတွေ့ရှိရတယ်လို့ ဩဂုတ် ၅ ရက်ည ၈ နာရီ MRTV ရုပ်သံသတင်းမှာ စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။

အလားတူ နန်းမွေစံဟာလည်း ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလလောက်မှာ အိန္ဒိယ အလှကုန်လုပ်ငန်းရှင်တယောက်ရဲ့ ချိတ်ဆက်ပေးမှုအရ အမေရိကန်နိုင်ငံသား လုပ်ကိုင်သူ   ညစ်ညမ်းဝက်ဆိုက်မှာ လိင်အသားပေးဓာတ်ပုံနဲ့ ဗွီဒီယိုတွေကို အခကြေးငွေရယူပြီး ပို့စ်တင်ခဲ့တယ်လို့ ဆိုပါတယ်။

စစ်ဆေးဖော်ထုတ်ချက်အရ ညစ်ညမ်းဝက်ဘ်ဆိုက်မှာ လိင်အသားပေးဓာတ်ပုံနဲ့ ဗွီဒီယိုတွေကို အခကြေးငွေယူတဲ့လုပ်ငန်းမှာ တခြားမော်ဒယ်တွေလည်း ပါဝင်လုပ်ကိုင်နေကြောင်း စိစစ်တွေ့ရှိရတယ်လို့လည်း စစ်ကောင်စီသတင်းမှာ ဖော်ပြပါတယ်။

ဒါကြောင့် မြန်မာအမျိုးသမီးတွေ စောင့်ထိန်းလိုက်နာအပ်တဲ့ ဟီရိ သြတ္တပ္ပတရားကင်းမဲ့စွာနဲ့ ဂုဏ်သိက္ခာကိုထိခိုက်စေပြီး မြန်မာအမျိုးသမီးတွေ ကမ္ဘာ့အလယ်မှာ အထင်အမြင်သေးစေနိုင်တဲ့   လိင်အသားပေးဓာတ်ပုံနဲ့ ဗွီဒီယိုတွေကို အခကြေးငွေရယူ ဖြန့်ဝေခဲ့သူ  သင်ဇာဝင့်ကျော်နဲ့  မော်ဒယ် နန်းမွေစံတို့  စ်ဦးကို အီလက်ထရောနစ် ဥပဒေ ပုဒ်မ  ၃၃ (က) အရအမှုဖွင့် အရေးယူနိုင်ရေး ဆောင်ရွက်ထားရှိကြောင်းနဲ့ အလားတူ မြန်မာ့ယဉ်ကျေးမှုကို ထိခိုက်စေပြီး မြန်မာအမျိုးသမီးတွေရဲ့ အရှက်နဲ့ ဂုဏ်သိက္ခာကို ညှိုးနွမ်းစေမယ့်ကိစ္စရပ်မျိုး လုပ်ဆောင်နေသူတွေကိုလည်း စိစစ်ဖော်ထုတ်ပြီး ဥပဒေအရ ထိရောက်စွာ အရေးယူသွားမယ်လို့ စစ်ကောင်စီက ဆိုပါတယ်။

အခုလို အမှုဖွင့်အရေးယူလိုက်တာနဲ့ ပတ်သက်ပြီး စွပ်စွဲ တရားစွဲခံရသူတွေဘက်ကတော့ တရား ဥပဒေကြောင်းအရ ပြန်လည် တုံ့ပြန်ပြောဆိုနိုင်တဲ့ အခွင့်အရေးမရရှိသေးပါဘူး။

သရုပ်ဆောင် မင်းသမီး သင်ဇာဝင့်ကျော်ဟာ ပြီးခဲ့တဲ့ ဇူလိုင် ၆ ရက်ကလည်း ရှမ်းပြည်တပ်မတော် (SSPP/SSA) ဝမ်ဟိုင်းဌာနချုပ်ကို သွားရောက် ဒေသဖွံ့ဖြိုးရေးအတွက်ရုပ်သံရိုက်ကူးပြီး အပြန်မှာ စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပါတယ်။

5 months Ago
Up