တွစ်တာလူမှုကွန်ရက်ဟာ သူ့ရဲ့ပိုင်ရှင်အသစ် အီလွန်မက်စ်အကြောင်း မကြာသေးခင်က သတင်းရေးသားခဲ့တဲ့ နာမည်ကြီး သတင်းထောက်တွေရဲ့ တွစ်တာအကောင့် အတော်များများကို ဒီဇင်ဘာ ၁၅ ရက်က ပိတ်ပင်ဆိုင်းငံ့ခဲ့ပါတယ်။
ဘီလီယံနာသူဌေးကြီး မတ်စ်ခ်က သတင်းထောက်တွေအပါအဝင် အားလုံးနဲ့ သက်ဆိုင်တဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက်တွေ ထုတ်ပြန်မှုအပေါ် တားမြစ်ပိတ်ပင်တဲ့ စည်းမျဉ်းတွေကို တွစ်တာမှာ ရေးသားခဲ့ပါတယ်။
သူ့ကိုယ်သူ လွတ်လပ်စွာ ပြောဆိုခွင့် အပြည့်အ၀ရှိသူအဖြစ် ပုံဖော်ထားတဲ့ မတ်စ်ခ်က “ကျနော့်ကို တနေကုန် ထိုင်ဝေဖန်နေလည်း လုံးဝအဆင်ပြေပါတယ်။ ဒါပေမယ့် အင်တာနက်ပေါ် ကနေ အချိန်နဲ့တပြေးညီ နေရာအတိအကျကိုပါ ရှာဖွေဖော်ထုတ်ပြီးတော့ မိသားစုကိုပါ အန္တရာယ်ဖြစ်စေနိုင်တာမျိုးကတော့ အဆင်မပြေဘူး” လို့ မှတ်ချက်ပေးခဲ့ပါတယ်။
မနေ့ကပဲ Twitter Inc ဟာ Musk ရဲ့ ကိုယ်ပိုင်ဂျက်လေယာဉ်ကို အချိန်နဲ့တပြေးညီ အင်တာနက်ပေါ်ကနေ ခြေရာခံခဲ့တဲ့ အီလွန်ဂျက်ဆိုတဲ့ အကောင့်ကို ဆိုင်းငံ့လိုက်ပါတယ်။
ဇွတ်အတင်း နောက်ယောင်ခံလိုက်နေသူက သူမှားသွားကြောင်း သူ့သားကို ပြောဆိုခဲ့ပြီးနောက်မှာ သူဌေးကြီးက အဲဒီအကောင့် သုံးစွဲသူကို တရားဥပဒေအရ အရေးယူမယ်လို့ ခြိမ်းခြောက်ခဲ့ ပါတယ်။
အောက်တိုဘာလတုန်းက တွစ်တာကို ဒေါ်လာ ၄၄ ဘီလီယံနဲ့ ဝယ်ယူခဲ့တဲ့ မတ်စ်ခ် က အကောင့်တွေကို ပိတ်ပင်တားဆီးခြင်းမပြုဘဲ လွတ်လပ်စွာပြောဆိုခွင့်အတွက် တိုးချဲ့သွားမယ်လို့ ကတိပြု ပြောဆိုခဲ့ပြီးနောက် တလကြာ အချိန်လောက်မှာ ခုလို အကောင့်ဆိုင်းငံ့မှု ပေါ်ပေါက်လာတာပါ။
အကောင့်ဆိုင်းငံ့ခံထားရတဲ့ သတင်းထောက်တွေ အားလုံးဟာ အီလွန်ဂျက်အကြောင်း သတင်းတွေ ကို မှတ်ချက်ပေး/ ဝေမျှတာမျိုး ရှိ၊ မရှိ မရှင်းလင်းသေးပါဘူး။
အင်တာနက်ကနေ ခြေရာခံလိုက်နေခြင်းအတွက် ၇ ရက်ကြာ ဆိုင်းငံ့ထားမယ် လို့ ဒီဇင်ဘာ ၁၅ ရက်က တွစ်တာမှာ ရေးသားခဲ့ပါတယ်။ တွစ်တာလူမှုကွန်ရက်ကုမ္ပဏီကတော့ မှတ်ချက်ပေးဖို့ တောင်းဆိုမှုအပေါ် ချက်ချင်းတုံ့ပြန်ခြင်း မရှိပါဘူး။
အမေရိကန် ဘီလီယံနာသူဌေး အီလွန်မက်စ်က တွစ်တာဆိုရှယ်မီဒီယာကုမ္ပဏီကို ဒေါ်လာ ၄၁ ဘီလီယံနဲ့ ဝယ်ယူဖို့ ကမ်းလှမ်းလိုက်ပါတယ်။
တွစ်တာက ကုမ္ပဏီဘုတ်အဖွဲ့ဝင် တနေရာအတွက် အီလွန်မက်စ်ရဲ့ ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့ပြီးနောက် အခုလို ကုမ္ပဏီရှယ်ယာ အများစုကို ဝယ်ယူဖို့ ကမ်းလှမ်းလိုက်တာပါ။
မက်စ်ရဲ့ ဧပြီ ၁၄ ရက် ကမ်းလှမ်းမှုက တွစ်တာရဲ့ အစုရှယ်ယာ ၅၄ ဒသမ ၂၀ ရာခိုင်နှုန်းရှိပြီး ကုမ္ပဏီကို လှုပ်ခတ်စေခဲ့တာကြောင့် စတော့ဈေးကွက်မှာ တွစ်တာရှယ်ယာဈေး ၁၂ ရာခိုင်နှုန်း မြင့်တက်သွားခဲ့ပါတယ်။
မက်စ်က “ကျနော် ရင်းနှီးမြှုပ်နှံမှု လုပ်လာခဲ့တာကနေ နားလည်မိတာက တွစ်တာကုမ္ပဏီဟာ ဒီပုံစံအတိုင်း ဆက်သွားရင် ဆိုရှယ်မီဒီယာလောကမှာ တိုးတက်မှု မရှိနိုင်ပါဘူး။ တွစ်တာဟာ ပုဂ္ဂလိကကုမ္ပဏီပုံစံမျိုး ပြောင်းလဲဖို့ လိုနေပါပြီ။ ကျနော် နောက်ဆုံး အစွမ်းကုန် ကမ်းလှမ်းတာပါ၊ ကမ်းလှမ်းမှုကို လက်မခံဘူး ဆိုရင်လည်း ရှယ်ယာအဖွဲ့ဝင်တဦး အနေနဲ့ လုပ်ကိုင်ဖို့ ကျနော် စဉ်းစားပါတယ်” လို့ တွစ်တာဥက္ကဋ္ဌ ဘရက်တေလာထံ စာရေးပို့ရာမှာ ဖော်ပြထားတာပါ။
ဒီအပတ်အစောပိုင်းမှာ မက်စ်က တွစ်တာဘုတ်အဖွဲ့မှာ ပါဝင်ဖို့ အစီအစဉ်ကို စွန့်လွှတ်လိုက်ပါသေးတယ်။
ဘုတ်အဖွဲ့ဝင်နေရာ ရယူတဲ့သူဟာ ကုမ္ပဏီကို ပိုင်ဆိုင်ခွင့်မရှိအောင် တားမြစ်ထားတာကြောင့် ကုမ္ပဏီကို ပိုင်ဆိုင်ချင်တဲ့ မက်စ်က တွစ်တာဘုတ်အဖွဲ့မှာ ပါဝင်မယ့် အစီအစဉ်ကို စွန့်လွှတ်လိုက်တာပါ။
မက်စ်က တွစ်တာအကောင့်ကို ၂၀၀၉ ခုနှစ်မှာ စသုံးခဲ့ပြီး follower သန်း ၈၀ ကျော် ရှိနေသလို တွစ်တာပလက်ဖောင်းကနေ Tesla ကားတွေကို ကြော်ငြာခဲ့ပါတယ်။