ကုဋေကြွယ်သူဌေး အီလွန်မတ်စ်ခ်က OpenAI ရဲ့ နာမည်ကြီး စကားပြောစက်ရုပ်ဖြစ်တဲ့ ChatGPT ကို ထင်ထင်ရှားရှား စိန်ခေါ်မှုတခုအနေနဲ့ “TruthGPT” လို့ခေါ်တဲ့ ဉာဏ်ရည်တု (AI) ပလက်ဖောင်းကို စတင်တော့မယ်လို့ Fox သတင်းချန်နယ်ရဲ့ တပ်ကာ ကားလ်ဆန်နဲ့ အင်တာဗျူးမှာ ပြောကြားခဲ့ပါတယ်။
“ဒါဟာ ဘေးကင်းဖို့ အကောင်းဆုံးလမ်း ဖြစ်မယ်ထင်ကြောင်းနဲ့ သဘောအရပြောရရင် စကြာဝဠာကို နားလည်သဘောပေါက်ဖို့ ဂရုစိုက်တဲ့ AI ဟာ စကြဝဠာရဲ့ စိတ်ဝင်စားစရာ အစိတ်အပိုင်းဖြစ်တဲ့ လူသားတွေကို ချေမှုန်းဖို့ မဖြစ်နိုင်ကြောင်း” မတ်စ်ခ်ရဲ့အပြောကို အင်တာဗျူးရဲ့ ကောက်နုတ်ချက်တချို့အရ သိရပါတယ်။
ရိုက်တာရဲ့ မှတ်ချက်ပေးဖို့ တောင်းဆိုမှုကို မတ်စ်ခ်က ချက်ချင်း မတုံ့ပြန်ခဲ့ပါဘူး။ မတ်စ်ခ်ဟာ OpenAI ကို ပြိုင်ဆိုင်ဖို့ စတင်လုပ်ဆောင်တဲ့အနေနဲ့ Alphabet အင်ကော်ပိုရေးရှင်းရဲ့ ဂူးဂဲလ်ကုမ္ပဏီမှ AI သုတေသီတွေကို တရားမဝင် လိုက်ဆက်သွယ်နေကြောင်း ဒီကိစ္စနဲ့ နီးစပ်သူတွေက ရိုက်တာကို ပြောပါတယ်။
မတ်စ်ခ်ဟာ အရင်လက နီဗားဒါးပြည်နယ်မှာ ပေါင်းစည်းကုမ္ပဏီ X.AI Corp အမည်ရှိ ကုမ္ပဏီတခုကို မှတ်ပုံတင်ခဲ့ကြောင်း နိုင်ငံပိုင်စာရွက်စာတမ်းတခုအရ သိရပါတယ်။
မတ်စ်ခ်နဲ့ AI ကျွမ်းကျင်ပညာရှင်တွေ၊ လုပ်ငန်းအမှုဆောင်အဖွဲ့တဖွဲ့တို့ဟာ OpenAI ရဲ့ အသစ်ထွက်ရှိထားတဲ့ GPT-4 ထက် ပိုအားကောင်းတဲ့ စနစ်တွေကို ဖော်ဆောင်နေလို့ ၆ လလောက် ရပ်နားပေးဖို့ လူ့အဖွဲ့အစည်းအတွက် ဖြစ်နိုင်ခြေရှိတဲ့ အန္တရာယ်တွေကို ကိုးကားတောင်းဆိုခဲ့ပြီးနောက်မှာ အခုလုပ်ဆောင်ချက် ထွက်လာတာပါ။
မတ်စ်ခ်ဟာ ၂၀၁၅ ခုနှစ်မှာ OpenAI ကို ပူးတွဲတည်ထောင်ခဲ့ပြီး ၂၀၁၈ ခုနှစ်မှာတော့ ကုမ္ပဏီဘုတ်အဖွဲ့ကနေ နုတ်ထွက်ခဲ့ပါတယ်။ ၂၀၁၉ ခုနှစ်မှာ Tesla နဲ့ SpaceX တို့ကို အာရုံစိုက်နေရလို့ OpenAI ကနေ ထွက်ခဲ့ကြောင်း တွစ်တာမှာ ရေးခဲ့ပါတယ်။
ဇန်နဝါရီလတုန်းက မိုက်ကရိုဆော့ဖ် ကော်ပိုရေးရှင်းဟာ OpenAI မှာ ဒေါ်လာဘီလီယံပေါင်းများစွာ ရင်းနှီးမြှုပ်နှံဖို့ ထပ်ကြေညာခဲ့ပြီး သူ့ပြိုင်ဘက် ဂူးဂဲလ်နဲ့ ပြိုင်ဆိုင်မှုပြင်းထန်လာပြီး ဆီလီကွန်တောင်ကြားမှာ AI ရန်ပုံငွေကို ဆွဲဆောင်ဖို့ ပြိုင်ပွဲကို လှုံ့ဆော်ခဲ့ပါတယ်။
အခုတလော လူပြောများနေတဲ့ Chat GPT-4 ထက်ပိုပြီး အင်အားကြီးမားတဲ့ ကွန်ပြူတာ အသိဉာဏ်တု AI နည်းပညာတွေကို စမ်းသပ်ထုတ်လုပ်နေကြတဲ့ ပညာရှင်တွေအားလုံးအနေနဲ့ ၆ လတာလောက်ထိ ရပ်ဆိုင်းပေးထားကြဖို့ နည်းပညာသူဌေးကြီး အီလွန်မတ်စ်ခ် အပါအဝင် အထင်ကရ အိုင်တီပညာရှင် ၁,၀၀၀ ကျော်က လက်မှတ်ရေးထိုး တောင်းဆိုလိုက်ပါတယ်။
AI နည်းပညာကို အန္တရာယ်မရှိလောက်အောင် ထိန်းသိမ်းကိုင်တွယ်နိုင်တဲ့အချိန် AI ရဲ့ သက်ရောက်မှုတွေဟာ အပြုသဘောဆောင်လာနိုင်ပြီဆိုတာ သေချာယုံကြည်မှုရှိနိုင်လောက်မယ့် အချိန်ကျမှပဲ အသိဉာဏ်စွမ်းအားကြီးမားတဲ့ AI စနစ်တွေကို ဖန်တီးသင့်တယ်လို့ တိုက်တွန်းထားပါတယ်။
အခုတလော လူပြောများနေတဲ့ Chat GPT သာမက တခြား AI နည်းပညာတွေလည်း အပြိုင်အဆိုင် ထွက်ပေါ်လာမယ့် အလားအလာ များနေတဲ့အချိန်မှာ AI နည်းပညာကြောင့် လူ့အဖွဲ့အစည်းအတွက် အန္တရာယ်သတိပေးချက်တွေလည်း ထွက်ပေါ်လာနေပါတယ်။
ထူးခြားတာကတော့ အခုအိတ်ဖွင့်ပေးစာမှာ လက်မှတ်ရေးထိုးတောင်းဆိုတာက Google နဲ့ Facebook Meta ကုမ္ပဏီတွေက AI နည်းပညာရှင်တွေကိုယ်တိုင် ပါဝင်နေတာဖြစ်ပါတယ်။
Google ကုမ္ပဏီက စမ်းသပ်ထုတ်လုပ်နေတဲ့ အပြန်အလှန် စကားပြောဆိုနိုင်တဲ့ နည်းပညာ LaMDA (Language Models for Dialog Applications) လို့ခေါ်တဲ့ အသိဉာဏ်တုစနစ်ဟာ အသက် ၇ နှစ် ၈ နှစ်အရွယ် လူသားတယောက်အရွယ်ထိ ခံစားသိရှိနေတယ်လို့ အင်ဂျင်နီယာဟောင်းတယောက်က မနှစ်က ထုတ်ဖော်ပြောဆိုခဲ့ဖူးပါတယ်။